ဖေဖော်ဝါရီ ၂၄ ၊ ၂ဝ၂၆
CC(VOM)
ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီ ၆ မိနစ်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ကနဦး သတင်းအရ သိရပါတယ် ။
လေကြောင်းတိုက်ခိုက်မှုက ယိုးငူကျေးရွာရှိ စျေးအနီးကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း တိုက်ခိုက်မှုအတွင်း လူသေဆုံးမှုတွေ ရှိခဲ့သလို နေအိမ်မီးလောင်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
” သေဆုံးသူက ၁၂ ယောက်ရှိတယ်။အဲဒီထဲမှာ ကလေးတွေများတယ် သိရတယ်။ ဒဏ်ရာရတဲ့သူက ၂၀ ကျော်လောက်ရှိတယ်သိရတယ်။ အဲဒီထဲမှာ အခြေအနေမကောင်းတဲ့သူတွေရှိတယ်။ ” လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပြုလုပ်ပေးနေပြီး ဒဏ်ရာရရှိသူတွေထဲမှာ သုံးယောက်လောက်က စိုးရိမ်ရတဲ့ အခြေအနေရှိပြီး အခြေအနေမကောင်းဘူး လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းကလည်း ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်ကလည်း ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ် ။
၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာ ၂၉ ရက်နေ့ ၊ ည၈ နာရီလောက်ကလည်း ရခိုင်ပြည်နယ် ထဲက AA ထိန်းချုပ်ဒေသ ဖြစ်တဲ့ သံတွဲမြို့နယ် ၊ငပလီမြို့ ၊ လင်းသာရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး ခုနှစ်ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ ၁၅ ယောက်လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ၊ ငလုံးစုရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် မှာ လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၆ ယောက် ရှိခဲ့တယ် လို့ သိရပါတယ်။
