မတ် ၃ – ၂၀၂၆
SN (VOM)
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် လူအယောက် ၁၂၀ နီးပါး သေဆုံးပြီး ၁၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စုစည်းထားတဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့လအတွင်း ပင်လည်ဘူး၊ ဟုမ္မလင်း၊ ခင်ဦး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ မင်းတုန်း၊ မြဝတီ၊ မြစ်ကြီးနား၊ ဖားကန့်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြင်းမူ၊ နတ်တလင်း၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အစရှိတဲ့ မြို့တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ရွာမှာ မတ် ၁ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၀ ယောက်သေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မတ် ၁ ရက်နေ့၊ မနက်ပိုင်းမှာပဲ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် (အနောက်ခြမ်း) က ပြောင်းကျေးရွာအနီးမှာလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၂၅ ယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“တိုက်ခိုက်မှု ဖြစ်တဲ့နေရာက ရခိုင်ရိုးမတောင်ခြေက ကုန်စည်နားစခန်းမှာပါ။ ဒီ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်လာပြီ ဆိုကတည်းက ကုန်သွယ်ရေး လမ်းကြောင်းတွေ အကုန်နီးပါး ဖြတ်တောက်ခံထားရတော့ ဒီလမ်းကြောင်းက ကုန်စည် သယ်ယူဖို့အတွက် အဓိက လမ်းကြောင်းလို ဖြစ်နေတာပေါ့” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဒါအပြင် ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ် (တောင်ဘက်) ဖလူး – မဲကနယ် တောလမ်းတနေရာမှာ ဒရုန်းကျရောက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့သလို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၈ ယောက်သေဆုံးကာ ၁၂ ယောက် ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာမှာလည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့က စက်တပ်လေထီးနဲ့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကိုးယောက် သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ကျေးရွာမှာလည်း လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ခုနစ်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီနေ့မှာပဲ ကျွန်းလှမြို့နယ်၊ အနောက်ခြမ်းမှာရှိတဲ့ သဖန်းဆိပ်ဆည် အနီးမှာလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ သေဆုံးတာရှိတယ်လို့ သိရပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာမှာလည်း ဖေဖော်ဝါရီ ၁၇ ရက်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရရှိခဲ့သလို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာမှာလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီး တယောက် သေဆုံးကာ ရှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်မှာတော့ အဲဒီမြို့ရဲ့ အနောက်မြောက်ခြမ်း၊ မန်ကျီးတထောင်ရွာအနီးက PDF စခန်းအတွင်း တပ်ဖွဲ့ဝင်တွေ အစည်းအဝေး ပြုလုပ်နေချိန် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာကြောင့် ၁၃ ယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက်နဲ့ မြောက်ဦးမြို့နယ်က ဝေသာလီဟိုတယ်မှာလည်း လေကြောင်း တိုက်ခိုက်ခံရပြီး ခုနစ်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာမှာလည်း ဖေဖော်ဝါရီ ၁၀ ရက်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ခုနစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း မတူပီမြို့က ချန်းပြန်း (က) ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဒါအပြင် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ သာယာဝတီခရိုင် အမှတ် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ကာကင်းစခန်းကို အစိုးရတပ်က ဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကုန်းကြီးကျေးရွာ စာသင်ကျာင်းနဲ့ ကပ်လျက်ရှိ ဆီခြံမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရရှိခဲ့သလို ဖားကန့်၊ အမှိုက်ပုံရွာ၊ မြိုကုန်းမှာလည်း လက်နက်ကြီး ကျရောက်မှုကြောင့် သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ဖားကန့်မြို့ရှိ အထက်တန်းကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် ကျောင်းသား နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို မရှီကထောင်ရပ်ကွက်မှာလည်း လက်နက်ကြီး ထိမှန်လို့ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်း တိုက်ခိုက်ခံရမှုတွေဟာ စစ်ကိုင်းတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့တာကို တွေ့ရပြီး လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့တာကတော့ မကွေးတိုင်း၊ မင်းတုန်းမြို့နယ် လေကြောင်း တိုက်ခိုက်မှုဖြစ်ကာ ၂၅ ယောက်အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ဒရုန်း ကျရောက်မှု ဖြစ်စဉ်တွေဟာ VOM က လက်လှမ်းမီသမျှ စုစည်းထားတဲ့ သတင်းအချက်အလက်တွေ ဖြစ်ပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာ လေကြောင်း၊ စစ်သင်္ဘောနဲ့ မြေပြင်စစ်ကြောင်းတွေ ပေါင်းစပ်အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လျက်ရှိပါတယ်။
Photo – CJ
