မတ် ၁၄ – ၂၀၂၆
SS (VOM)
စုံ/မ ယာဉ် ကန့်သတ်ချက်ကြောင့် စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲနဲ့အတူ ဆီဈေးနှုန်းတွေ မြင့်တက်လာသလို သယ်ယူစရိတ်နဲ့ တခြားကုန်စည် စျေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အရင်ကထက် သုံးဆလောက် မြင့်တက်နေပြီး အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကအစ ဆန်၊ ဆီ၊ ဆားပါမကျန် ဈေးနှုန်း သိသိသာသာ ဆက်တိုက် မြင့်တက်လာနေတယ်လို့ သိရပါတယ်။
“အသား၊ ငါးဈေးက ၂၅ ကျပ်သားကို ကျပ် တသောင်းအထက်မှာ ရှိနေတယ်။ စားသုံးဆီဈေးက တပိဿာ တသောင်းခွဲ၊ တသောင်းရှစ်ထောင်ဝန်းကျင်၊ ဆန်ကလည်း အရင် ကျပ် နှစ်သိန်းတန် တအိတ်က အခု နှစ်သိန်းခွဲ ဖြစ်လာတယ်။ ကြက်သွန်နီ တပိဿာ ၂၀၀၀ ဈေးက အခု ၅၀၀၀ နားကို ကပ်သွားပြီ။ အကုန်အစစအရာရာ ဈေးတက်တာ။ ဆိုင်တွေကတော့ သယ်ယူစရိတ်တွေ တက်တယ်ပြောတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံး အောက်ခြေ လူတန်းစားတွေပဲ ခံရတာ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် အိမ်ဆောက်ပစ္စည်း ဈေးကွက်မှာလည်း စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုမို ကုန်ကျလာတဲ့အတွက် ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းတွေပါ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ဘိလပ်မြေဈေးတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အမျိုးအစားအလိုက် ကျပ် နှစ်သောင်းကျော်၊ နှစ်သောင်းနီးပါး ရှိခဲ့ရာကနေ လက်ရှိမှာ ကျပ် ၄၅၀၀ ကနေ ၅၀၀၀ ကျော်ဝန်းကျင် ဈေးထပ်တက်လာသလို မြစ်ကျောက်တကျင်း (အရောက်ပို့) အရင် ကျပ် နှစ်သိန်းလေးသောင်းကနေ အခု ကျပ် သုံးသိန်းခွဲ ဖြစ်လာတယ်လို့ သိရပြီး တခြားသော အိမ်ဆောက်ပစ္စည်းတွေလည်း ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။
“အိမ်ဆောက်ပစ္စည်းတွေက ဝယ်လိုအား ရှိပေမယ့် ဈေးကွက်မှာ ပစ္စည်းရှားလာတယ်။ ပြည်ပအဝင် နည်းသွားတာလည်း ပါတာပေါ့။ တချို့နေရာတွေဆို ပစ္စည်းပြတ်နေပြီ။ လတ်တလော အခြေအနေက တနေရာနဲ့ တနေရာ သယ်ဖို့ကလည်း စရိတ်စက ပိုကြီးလာတယ်။ သယ်ယူစရိတ်အပြင်ကိုမှ လမ်းခရီးမှာ အခွန်ကောက်တွေလည်း ပေးရသေးတာကိုး။ ဒီလိုအကြောင်းကြောင်းတွေကြောင့် ဈေးတွေတက်လာတာ” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လတ်တလော ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲဟာလည်း အချိန်မည်မျှ ကြာမြင့်မယ်ဆိုတာကို မသိရှိရသေးဘဲ အခုအနေအထားအတိုင်း ဆက်သွားမယ်ဆိုပါက ဈေးနှုန်း ထပ်မံမြင့်တက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် လက်ရှိ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးပြီး ပိုမိုကောင်းမွန်တဲ့ မူဝါဒတွေ ချမှတ်ပေးစေချင်တယ်လို့ သူက ပြောပါတယ်။
“အခုက ရန်ကုန်လို နေရာမျိုးမှာတောင် တချို့ဆိုင်တွေ လိုချင်တဲ့ပစ္စည်း မရတာတွေ ဖြစ်လာပြီဆိုတော့ ရခိုင်လိုနေရာမျိုး၊ တခြား လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသမျိုးတွေဆို အစစအရာရာပေါ့၊ အခြေခံ စားသောက်ကုန်ကအစ ရှားပါးသွားနိုင်တယ်” လို့ သူက ပြောပါတယ်။
အစိုးရရဲ့ စက်သုံးဆီ ရောင်းချပေးမှု အစီအစဥ်နဲ့ ပတ်သက်လို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်ကလည်း လက်ရှိ အသုံးပြုနေတဲ့ ဘားကုဒ်စနစ်အစား ကားရဲ့ အုံနာဘုတ်ဝှီးတက်ကို မိတ္တူကူးပြီး သက်ဆိုင်ရာဌာနမှာ လျှောက်လွှာတင်ကာ စမတ်ကတ်နဲ့ ယာယီထိန်းကျောင်းတဲ့ စနစ်အတိုင်း လုပ်ဆောင်စေချင်တယ်လို့ ပြောပါတယ်။
ဘားကုဒ်နဲ့ ဆီရောင်းချပေးတယ် ဆိုတာဟာ တိုင်းပြည်ရဲ့ လက်ရှိ အနေအထားအရ ဒီဂျစ်တယ်ပလက်ဖောင်းပေါ် ရောက်ဖို့ဆိုတာ အချိန်အားဖြင့် လိုအပ်နေသေးတာဖြစ်ပြီး အထူးသဖြင့် အဓိကကျတဲ့ အင်တာနက်လိုင်းတွေ၊ မီးရရှိမှုတွေ များစွာ လိုအပ်နေသေးတဲ့ အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခုက ဘားကုဒ်ပြဿနာနဲ့ ဆီခည့်မရတာတွေလည်း ရှိနေတော့ မှောင်ခိုဈေးကွက် ပိုကောင်းလာနိုင်တယ်။ မလိုအပ်ဘဲ ဆီဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်နိုင်သလို အကျိုးဆက်က ကုန်ဈေးနှုန်းအတွက် ရိုက်ခတ်မှု ကြီးလာနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် စုံ/မ ရက် လမ်းပေါ်မထွက်ရဆိုတဲ့ စနစ်ကိုလည်း အချိန်အတိုင်းအတာတခု ကြာမြင့်လာတဲ့အခါ ဆီကိုလည်း ထိန်းကျောင်းနိုင်ပြီဆိုရင်တော့ ဖြေလျော့ပေးစေချင်ပြီး ဒါက အရေးပေါ် သွားလာချင်သူတွေအတွက် အဆင်ပြေနိုင်တဲ့အပြင် ကုန်စည် စီးဆင်းမှုကိုလည်း ပိုမို မြန်ဆန်စေနိုင်တယ်လို့ သူက အကြံပြု ပြောဆိုပါတယ်။
Photo – CJ
