ဆူးငှက်
လမ်းဆိုင်းဘုတ်လေး အကြောင်းပြု၍
——————————————-
ကိုစံအောင် က မန္တလေးတွင် အနေကြာပြီး မျက်စေ့ဖွင့် နားစွင့်ထားသူမို့ သူက မန္တလေးကိုနှံ့စပ်သည်။ ထို့ပြင် လက်လှမ်းမီသည့် စာအုပ်လေးတွေကိုလည်း ဖတ်သည်။ ထို့ကြောင့် ရွာကနေ သူအလည်ရောက်ခိုက် ကျွန်တော်နှင့် ညဈေးတန်းဘက် လမ်းလျှောက်ရင်း နာရီစင်ထောင့် တိုက်တန်းအဆင်းက လမ်းအမည် ဆိုင်းဘုတ်လေးကို ပြကာ ကျွန်တော့် ကို မေးခွန်းထုတ်ခြင်း ဖြစ်သည်။ မှတ်မှတ်ရရ မန္တလေးအပါအဝင် တစ်ပြည်လုံးတွင် ယာဉ်မောင်းစံနစ်ကို လက်ဝဲမောင်းမှ လက်ယာမောင်းစံနစ်သို့ ပြောင်းသည့်နှစ် ဖြစ်သည်။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ၁၉၇၀ ခုနှစ်အထိ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးခဲ့သည်။ ၁၉၇၀ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၆ နာရီမှ စတင်၍ လက်ယာကပ်မောင်းစနစ်ကို စတင်ကျင့်သုံးခဲ့သည်။
ကိုစံအောင်က ၁၉၇၁ခုနှစ် မတ်လကုန်လောက် နွေရာသီ ကျောင်းပိတ် ရက် မှာ မန္တလေးသို့ အလည်လာစဉ် ဖြစ်သည်။ သည်တုန်းက ကျွန်တော်က ၇တန်းဖြေအပြီး ဖြစ်သည်။ ကျွန်တော် ကနဦးက ပြောခဲ့သလို အလယ်တန်းတွင် အင်္ဂလိပ်စာ သင်သည့် ဆရာဦးညီညီ ကျေးဇူးကြောင့် ပြင်ပ ဗဟုသုတတွေကို သိသင့် သလောက် သိရန် ကြိုးစားနေပါသည်။ ထို့ကြောင့် ကိုစံအောင် မေးသည့် အာဇာနည်လမ်းဆိုတာ ဘာလဲဟူသည်ကို အကြမ်းအားဖြင့်တော့ ဖြေနိုင်ပါသည်။ ၁၃၀၀ပြည့်အရေးတော်ပုံ ကာလ က ဆန္ဒပြသည့် ဘုန်းကြီးနှင့် ကျောင်းသားတွေကို အင်္ဂလိပ်စစ်တပ်က သေနတ်နဲ့ ပစ်လို့ ကျဆုံးတော့ အာဇာနည်တွေ ဖြစ်ကုန်တာ ဟူသည်လောက်ပေါ့။ ကိုစံအောင်ကလည်း ဒီလောက်ဆို ကျေနပ်သည်။ သူက ကျွန်တော် မဖြေနိုင်လျှင် သူနှံ့စပ်ကြောင်း ပြလို၍ ဖြေချင်သည်။
ကျွန်တော်က အဲ့လောက်ပဲ သိလို့ အဲ့လောက်ပဲ ဖြေသည်။ ဒါတောင် ဆရာဦးညီညီ ပြောသည့် အကြောင်းအရာထဲမှာ ပါလို့ မှတ်ထားဖြစ်သည်။ ကျွန်တော်က ကိုစံအောင်ကို ထို လမ်းမှတ်တိုင်တွေက လက်ယာမောင်းစံနစ်မပြောင်းမီ အသစ်ရေးဆွဲ စိုက်ထူပုံ၊ နာရီစင်မှာ မီးပွိုင့်တွေ တပ်ဆင်ပုံ၊ လက်ယာမောင်းစပြောင်းသည့် နေ့က မနက်၅နာရီကတည်းက နာရီစင်ထောင့်မှာ သွားပြီး စောင့်ကြည့်ပုံ။ ကားတွေကို နံနက် ၆နာရီ တိတိတွင် နာရီစင်မှ မီးပွိုင့်ကို စတင် အသုံးပြုပြီး ယာဉ်ထိန်းရဲများက ခရာမှုတ်၍ လက်ယာမောင်း စတင်ပုံတွေ ပြောလိုက်သည်။ သည်တော့ ကိုစံအောင်က “ရဲကျော်ဆန်းရာ တစ်သက်တာ ကောင်းမလားလို့ လက်ယာမောင်း ပြောင်းပေမယ့် မက်စရာ မကောင်းပါဘူးကွာ၊ ရက်ကြာညောင်းရင် ခွက်ဗလာနဲ့ တောင်းရလိမ့်မယ် ဒီဆန်ဈေးနဲ့” ဟု ပြောတာလည်း မှတ်မိနေသည်။
ဟုတ်တာပေါ့၊ ပြီးခဲ့တဲ့၂နှစ်လောက်က ဆန်ပြတ်ပြီး ဆန်ဈေးတွေ တက်ကုန်တာ အခြေခံလူတန်းစားတွေ အတော် ထိကုန်သည်။ ကိုစံအောင် ဟူသည် ရွာမှာနေသော်လည်း အဲ့လို ခေတ်ကို မျက်ခြည်မပြတ်ခဲ့ပေ။ နောက်ပိုင်း ကျွန်တော် ၁၀တန်းဖြေအပြီး ကိုစံအောင် မေးခဲ့သည့် အာဇာနည်လမ်းကိစ္စက ခေါင်းထဲ ဝင်လာကာ တိတိကျကျ သိလိုလာသည်။ သည်လိုနှင့် လူကြီးတွေကိုလည်း မေးသည်။ လက်လှမ်းမီသည့် စာအုပ်တွေလည်း ရှာဖတ်ရသည်။ ထိုစဉ်ကာလ ဈေးချိုကို သပိတ်မှောက်ကာ အိမ်တော်ရာတွင် ဈေးဖွင့်သည့် အကြောင်းကို အိမ်တော်ရာအရှေ့မုခ် ဆင်တံတားပေါ်က ပြက္ခဒိန်အကြံပေး ဗေဒင်ပညာရှိ ဆရာကြိးဦးကျော်ဇော ထံ သွားရောက်မေးမြန်းခဲ့သည်။ ဆရာကြီးက အဘနှင့် ရင်းနှီးသည်။ ကျွန်တော်တို့ ရက်ချုပ်များ ဇာတာများကို ဆရာကြီးက ဖွဲ့ပေးခဲ့သည်။ ဆရာကြီးက အခု အိမ်တော်ရာ အရှေ့ စောင်းတန်း ထိပ်တွင် မုခ်ဦးမဏ္ဍပ်ဆောက်ပြီး အပေါ်မှာ စပ်ပန်းချီဖြင့် မှောက်ထားသည့် သပိတ်လုံးပုံကြီး တင်ထားသည်ကအစ ပြောပြသည်။ ပျော်ပျော်ပါးပါး သပိတ်မှောက်ကြရာ လေဘာတီ မမြရင် အငြိမ့်ပင် ဘုရားဝင်းထဲမှာ ပါသတဲ့။
မြင်းခွာ တစ်ချက်ပေါက်လိုက်သည်နှင့်
———————————————-
၁၃၀၀ ပြည့်အရေးတော်ပုံ ဆိုတာကလည်းဥုံဖွ ဖြစ်စေတော့ဆိုပြီး မန်းမှုတ်လို့ဖြစ်စေ…၊ အခါအခွင့်သင့် စန်းလာဂ် နက္ခတ်သင့်ပြီဟု အခါပေးလို့ဖြစ်စေ မိုးပေါ်ကကျလာတာမျိုး မဟုတ်ပေ။ ၁၉၃၈ ခုနှစ်ဝန်းကျင် မြန်မာ့ အဖိုးတန် သယံဇာတဖြစ်သော ရေနံမြေမှာ ရေနံစွမ်းအင်များ ဒလဟော ထုတ်ယူနေကြသော်လည်း ရေနံ အလုပ်သမားများမှာ အလင်းရောင်နဲ့ လောင်စာအတွက်ပင် ရေနံမသုံးရလောင်အောင် မတရား အနိုင်ကျင့်ခံနေ ရချိန်တွင် အုပ်စိုးသူက သူ့အပေါ် ကျရောက်လာမည့် ဒေါသများကို လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းများ နှင့် လမ်းလွှဲလိုက်တာ သည့် အခါ တက္ကသိုလ်ကျောင်းသား ပညာတတ်များကအစ ပေါက်ကွဲကြသည်။ ရန်ကုန်အတွင်းဝန်ရုံးကို ဝန်းပတ်၍ အာဏာဖီဆန် ကြသော ကျောင်းသားထုကို ပုလိပ်က မြင်းစီးတပ်နှင့် ရိုက်နှက် လူစုခွဲစေသောကြောင့် ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော်ကျဆုံးခဲ့သည်။
ထိုအချိန်တွင် ချောက်ရေနံမြေ အလုပ်သမားထုကြီးက အာဏာပိုင်များ အုပ်ချုပ်မှု ရုံးစိုက်ရာ ရန်ကုန်အထိ ခြေကျင်ချီတက်ပြီး ဆန္ဒပြကြတော့မည်။ အလုပ်သမား သပိတ်တပ်ကြီးကို ကျောင်းသား ခေါင်းဆောင် ကိုဗဟိန်းက တပ်ဦးကနေ “မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်”ဟု ရဲရဲတောက် ကြွေးကြော် ကာ လှုံဆော် လိုက်သည်နှင့် အလုပ်သမားထုကြီးက ဖိနှိပ် တားမြစ်မှုများ ကြားမှ ရန်ကုန်သို့ ချီတက်ခဲ့ကြရာမှ ပေါက်ကွဲပြီး တစ်ပြည်လုံး အထွေထွေ သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ကိုဗဟိန်း ကြွေးကြော်သကဲ့သို့”မီးဟုန်းဟုန်းတောက်”ခဲ့တော့သည်။
သမိုင်းဝင် အိမ်တော်ရာ ၁၄ခန်းဇရပ်
——————————————
မန္တလေးမှာတော့ ဘာသာရေး အဓိကရုဏ်းကိုအကြောင်းပြပြီး ဈေးချိုတော်မှာ ပုဒ်မ ၂၃(၇)ကို ထုတ်ပြန် လိုက်သောကြောင့် ရဟန်းပျိုအဖွဲ့က မန္တလေးဈေးချိုတော်ကြီးကို သပိတ်မှောက်ဖို့ ညွှန်ကြားလိုက်သည်။ ထို့ကြောင့် ဈေးချိုသူ၊ ဈေးချိုသားများက ၁၃၀၀ပြည့်နှစ်တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက် (၁၉၃၈ခု နိုဝင်ဘာ ၁၁ ရက်)နေ့မှာ ဈေးချိုရုံကြီး (၁၂)ရုံကို သပိတ်မှောက်ပြီး ဈေးချိုအနောက်ဘက်၊ သီရိဟေမာအရှေ့ ရပ်ကွက်မှာရှိသော အိမ်တော်ရာ ဘုရားဝင်းထဲသို့ ဈေးသွား ဖွင့်ကြသည်။ ထို့နောက် ဗဟိုအမျိုးသားကျောင်းနှင့် ရဟန်းပျိုအဖွဲ့က ၁၃၀၀ ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၆ ရက်(၁၉၃၉ ခု၊ ဖေဖော်ဝါရီလ ၉ ရက်)နေ့တွင် အိမ်တော်ရာဘုရားဝင်းအတွင်း ၁၄ ခန်းဇရပ်တွင် စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရေး အစီအစဉ် ပြုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် နောက်ရက်၊ တပို့တွဲလပြည့်ကျော် ၇ ရက် (ဖော်ဖော်ဝါရီ ၁၀ ရက်)နေ့တွင် မန္တလေး တစ်မြို့လုံးနီးပါး လူထုပရိသတ်များက အိမ်တော်ရာ ၁၄ ခန်းဇရပ်တွင် စုဝေးကြပြီး ရဟန်းပျိုအဖွဲ့ ကြီးကြပ်မှုဖြင့် စံနစ်တကျ စီတန်းကာ ဆန္ဒပြခဲ့ကြသည်။ အိမ်တော်ရာ ဘုရားမြောက်မုခ်ကထွက် ၂၆ ဘီလမ်းရောက်တော့ အရှေ့ဖက် တက်၊ နာရီစင်ကို ကျော်ပြီး ကျုံးနဘေးက ပုလိပ်မင်းကြီးရုံး (ယခု စည်ပင်သာယာရေး ကော်မတီရုံး နေရာ)သို့ ချီတက်ကြစဉ် ၂၆ ဘီလမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား ကြေးနန်းရုံး တောင်ပေါက် (ယခု ဆက်သွယ်ရေးရုံး တောင်ပေါက်) တွင် ပုလိပ်အဖွဲ့က တားဆီးပြီး သေနတ်နှင့် ပစ်ခတ် လူစုခွဲခဲ့သည်။ ပစ်ခတ်မှု ကြောင့် နောက်ဆုတ် သွားသော လူထုကို အင်ပီရီယယ်ဘဏ်ရှေ့ (ယခု ဟောင်ကောင်စတိုး။ ၂၆ ဘီလမ်းနဲ့ ၈၁လမ်း ထောင့်) မှာ တစ်ကြိမ်နှင့် ရိုးကုမ္ပဏီတိုက်ရှေ့ (ယခုဘဏ်၁) ရှေ့မှာ တစ်ကြိမ် ထပ်မံ ပစ်ခတ် ဖြိုခွင်း သောကြောင့် ၂၆ ဘီလမ်းပေါ်တွင် ရဟန်း၊ ကျောင်းသားပြည်သူ ၁၆ ဦး တိတိ ကျဆုံးခဲ့သည်။ ဒဏ်ရာရသူများထဲက ရဟန်းတော် တစ်ပါးလည်း ဈာပနချသည့်နေ့ (တပို့တွဲ လကွယ် နေ့) တွင် ထပ်မံ ပျံလွန်တော်မူခဲ့သည်။
ထို့ကြောင့် မန္တလေးမြို့က ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသားနှင့် မြို့သူမြို့သားများကို လက်နက်နှင့် ရက်ရက်စက်စက် နှိမ်နင်းခဲ့သဖြင့် ၂၆လမ်းမကြီးပေါ် အာဇာနည် ၁၇ဦးတို့ သွေးမြေကျခဲ့သည်။ ထို ရဲရဲနီသော သွေးတို့ဖြင့် ၂၆လမ်းကို ‘အာဇာနည်လမ်း’ ဟု အမည်ပေးခဲ့သည့် သမိုင်းက အထင်အရှားရှိခဲ့သည်။ ထို အာဇာနည်လမ်းဆိုသော အမည်က အဓမ္မမှုကို တိုက်ခဲ့သော၊ နယ်ချဲ့ကို တိုက်ခဲ့သော၊ လွတ်လပ်ရေးကို တောင်းဆိုခဲ့သည့် အထိမ်းအမှတ် အမည် ဖြစ်သည်။ ထို့အပြင် မန္တလေး၏ အသည်းနှလုံးဖြစ်ခဲ့သော ဈေးချိုတော်ကြီးနှင့် မန္တလေး၏ အထွဋ်အထိပ်ဖြစ်သည့် မဟာမုနိဘုရားကြီးတို့ ဆက်သွယ်သည့်ဲ့ အထင်ကရလမ်းမကြီး (၈၄လမ်း)ကိုလည်း မန္တလေးမြို့လူထုက လွတ်လပ်ရေး ဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ‘ဗိုလ်ချုပ်အောင်ဆန်းလမ်း’ ဟု ခေါ်တွင်ခဲ့ကြသည်။
အရှင်စန္ဒိမာ နှင့် ဗိုလ်ဗထူး
————————-
ထို ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးမှ မဟာမုနိဘုရားကြီး မြောက်မုခ်နှင့် အရှေ့ ၄၅တာတို့ ဆက်စပ်သော လမ်းမကိုလည်း ဂျပန် ဖက်ဆစ်တော်လှန်ရေး ကာလမန္တလေးမှာ ရုံးထိုင်ပြီး အခြေအနေ အချိန်အခါနှင့် ကိုက်ညီစွာ ၁၉၄၅ခု မတ်လ(၈)ရက်နေ့ကတည်းက ဂျပန်ကို စစ်ကြေညာ တိုက်ခိုက်ခဲ့သော ဗိုလ်မှူးဗထူးကို ဂုဏ်ပြုသောအားဖြင့် ‘ဗိုလ်ဗထူးလမ်း’ဟု ခေါ်ဝေါ် သုံးစွဲခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုသော် ဗိုလ်မှူးဗထူးက ဂျပန်ကို တော်လှန်ခဲ့ပြီး စစ်ကြေညာ လက်မှတ်ရေးထိုးခဲ့သော အထက်ဗမာပြည် စစ်ရုံးချုပ်မှာ ထိုလမ်းပေါ်မှာ တည်ရှိသောကြောင့် ဖြစ်ပါသည်။ ထို စစ်ရုံးချုပ်မှာ ယခုအနောက် ၄၅တာ မီးသတ်အရှေ့ဘက်ရှိ ‘ဗုဒ္ဓပြတိုက်’ဟု ကမ္ပည်း ဆိုင်းဘုတ် တင်အပ်သော အဆောက်အဦး ဖြစ်သည်။
၁၉၂၄ခု သြဂုတ်လ ၁၆ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးအဖွဲ့ကြီ၏ ၃လပတ် အစည်းအဝေးကို မန္တလေးမြို့တွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကြီးကို ဆရာတော် ဦးဥတ္တမလည်း ကြွလာတော် မူသည်။ ဆရာတော် ဦးဥတ္တမ ကြွလာမည်ကို မန္တလေးမြို့မှ ရဟန်းရှင်လူပြည်သူလူထုတို့ ကြိုဆိုကြရာ၊ အစိုးရပုလိပ်အဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး နှိမ်နင်းမှုကြောင့် မန္တလေးမြို့က ဦးစန္ဒိမာဘွဲ့အမည်ရှိ ရဟန်းတော် တစ်ပါး ပျံလွန်တော်မူခဲ့သည်။ မတရားသော ဖိနှိပ်မှုအမိန့်ကို ဆန့်ကျင်ရင်း အသက်စွန့်လွှတ်ခဲ့သော ရဟန်းတော်ကို ဂုဏ်ပြုသောအားဖြင့် ရဟန်းတော် ကျဆုံးခဲ့သည့် (၃၁လမ်း)ကို အရှေ့ဘက် ၆၂လမ်း မှ အနောက်ဘက် မိကျောင်းတံတား အထိ ‘အရှင်စန္ဒိမာလမ်း’ဟု မြို့လူထုက ကမ္ပည်းတင် ဂုဏ်ပြုခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် မန္တလေး၌ ပထမဆုံး သွေးမြေကျခဲ့သည့် သမိုင်းလည်း ဖြစ်ပါ၏။
ကျွန်တော်က ကိုစံအောင်ကို အလွန်ကျေးဇူးတင်ခဲ့သည်။ သူက ကျွန်တော့်ကို လမ်းဆိုင်းဘုတ်လေး တစ်ခု အကြောင်းပြု၍ အမှတ်မထင် မေးလိုက်သော မေးခွန်းက မန္တလေးသား ကျွန်တော့်အတွက် သိမှတ်စရာတွေ အများကြီး ရရှိလိုက်သည်။ အကယ်၍ သည်စာကိုသာ ကိုစံအောင် သက်ရှိထင်ရှားရှိစဉ် ဖတ်မိပါက မည်သို့သော နဘေကာရန်နှင့် မှတ်ချက်ပြုလေမည် မသိ။
အေ၊ ဘီ၊ စီ၊ ဒီ သိပါမှ
—————————
ကျွန်တော်တို့ ငယ်စဉ်ကာလ လူကြီးတွေ စကားဝိုင်းတွင် နားထောင်ဖြစ်သောအခါ သူတို့ ပြောစကားတွေမှာ အေလမ်း၊ ဘီလမ်း၊ စီလမ်း ဟူ၍ပါရှိသည်။ ထိုအခါ ထိုလမ်းထိုနေရာသည် ဘယ်နေရာနည်း ဘာ့ကြောင့် ထိုသို့ ခေါ်ဝေါသနည်း ဆိုသည်ကို သိချင်လာသည်။ ထိုအခါ ဦးလေးများ ဝမ်းကွဲ အစ်ကိုများကို မေးမြန်းရသည်။ တကယ်တော့ သူတို့သည် ပညာတတ်များ မဟုတ်ကြပါ။ သို့သော် သိသင့်သလောက် သိကြသူများ ဖြစ်သည်။ ထို့ပြင် ရေစက်ရုံကြီးနား လှဂုဏ်ရည် ဓာတ်ပုံတိုက်က ဦးကြီးဦးလှတင်က အပေါင်းအသင်း နှံ့စပ်ခြင်းနှင့် စာပေလေ့လာမှုကြောင့် ဗဟုသုတ ကြွယ်သူဖြစ်ရာ ဦးကြီးကိုလည်း ကြုံလျှင် မေးရသည်။
ဦးကြီးက “ အင်္ဂလိပ်တပ်တွေ မန္တလေး တက်သိမ်းမယ်ဆိုတော့ ဧရာဝတီမြစ်ကြောင်း အတိုင်း သင်္ဘောတွေနဲ့ လာရမှာကွ၊ ဂေါဝိန်ဆိပ်ရောက်တော့ အခု ဒို့မြင်နေရတဲ့ မြို့ရိုးကြီးနဲ့ နန်းတွင်းကို သင်္ဘောနဲ့ ပါလာတဲ့ သူ့တပ်တွေက ချီတက်ရမှာကိုး၊ ဒီတင် မြေပုံမှာကြည့်တော့ မြစ်ဆိပ်ဘက်ကနေ နန်းတွင်းကို ရောက်တဲ့ လမ်းတွေကိုတွေ့တယ်။ အဓိက သွားနိုင်တဲ့ လမ်းပေါ့ကွာ၊ အဲဒါက ဂေါဝိန်ဆိပ်က အရှေ့တက်ပြီး အခု မင်္ဂလာတံခါးလို့ ခေါ်တဲ့ ကျော်မိုးတံခါးဆီကို မြောက်တည့်တည့် ပြန်ချိုးပြီး ဝင်တဲ့ လမ်း၊ အဲ့ဒီလမ်းကို A လို့ မှတ်ထားကွ၊ တစ်ခါ အခု ပိုက်ကျုံးဆိပ်ကနေ အရှေ့တည့်တည့်တက်တာနဲ့ ခုနပြောတဲ့ မင်္ဂလာတံခါးထပ်ရောက်တဲ့ လမ်းကွာ၊ အဲ့ဒါကို B လို့ မှတ်ထား။
နောက် ဒို့ ကျွဲစွန်းဆိပ်ကနေ အရှေ့ဘက် သချိုင်းတော်ကိုဖြစ်ပြီး တည့်တည့် တက်ရင် အခု အာဠဝီလို့ခေါ်တဲ့ ကြေးမုံတံခါးကို တံတားဖြတ်ပြီးရောက်တယ်။ အဲ့ဒါ C လို့ မှတ်ကွာ၊ နောက်တစ်ခါ ဟိုမြောက် ရတနာမဉ္စူဘုရားနားက ကျောက်သပိတ် ဆိပ်ကနေ အရှေ့ ညောင်ပင်ဈေးကိုဖြတ်ပြီး နန်းတွင်းကို စည်ရှည် တံခါးက တံတားဖြတ် ဝင်လို့ရတယ်။ အဲ့ဒါ D လို့မှတ်ထား။ အင်္ဂလိပ်တပ်တွေက အဲ့ဒီလမ်းတွေကနေ နန်းတွင်းကို လွယ်လွယ်နဲ့ ဝင်ခဲ့တာပဲကွ။ အခု အဲ့ဒီလမ်းမတွေက အေလမ်း၊ ဘီလမ်း၊ စီလမ်း၊ ဒီလမ်း လို့ ပါတော်မူပြီးနောက် မှတ်သားခဲ့ကြတာကွ” ဟု ရှင်းပြဖူးသည်။
ကျုံး မြို့ရိုး၊ ပြာသာဒ် ကောက်ကြောင်းပုံနှင့် စာအုပ်လေး
————————————————————
နောက်တော့ ကိုကိုစိန်လှိုင့် အိမ်၊ သူ့ညီ ကိုကိုထွန်းရွှေ အခန်းက စင်လေးပေါ်မှာ စာအုပ်လေး တစ်အုပ် တွေ့သည်။ မျက်နှာဖုံးမှာ မန္တလေး ကျုံးမြို့ရိုး ပြာသာဒ် ကောက်ကြောင်းပန်းချီနှင့် ဖြစ်သည်။ ထိုစာအုပ်လေးက စကိုင်မိ ကတည်းက စိတ်ဝင်စားစရာ ကောင်းလှ၏။ ထိုစာအုပ်လေးကို မကြာခဏ သွား၍ ဖတ်ဖြစ်သည်။ နောက်တော့ ကိုကိုထွန်းရွှေက စာအုပ်လေးကို အပိုင် ပေးလိုက်သည်။ ထိုစာအုပ်လေးကို ဖတ်ရှုပြီးနောက် သိရှိရသည်များမှာ မန္တလေးကို အင်္ဂလိပ်က သိမ်းပိုက်ပြီးနောက် ၁၈၈၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အင်္ဂလိပ်ကော်မရှင်နာမင်းကြီး မစ္စတာဘားနဒ်သည် မန္တလေးသို့ ရောက်လာ ပြီး မြို့ပြအုပ်ချုပ်ရေးကို ဒဗြူတီကော်မရှင်နာ လက်အောက် ထားလိုက်သည်။
၁၈၈၇ ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကို စတင်ဖွဲ့စည်းကာ လမ်းများကို ကျောက်ခင်းသည်။ တယ်လီဖုန်း သွယ်သည်။ မြို့ကို တိုင်းတာသည်။ ထို့နောက် မြို့၏ မြေပုံကို ပြန်လည်ရေးဆွဲသည်။ လေးထောင့်စပ်စပ် ဝင်းများ အလယ်တွင် မြန်မာမင်းစိုးရာဇာများက နေထိုင်ပြီးအပြင်တန်းမှ အခြွေအရံများက တဲအိမ်လေးများဖြင့် ဖြစ်သလို နေထိုင်ကာ အမြဲတစေ ညစ်ပတ်ပေရေနေသော မြို့အား တဲအိမ်များကို ဖျက်သိမ်းကာ အိမ်ကြီး အိမ်ကောင်းများ တည်ဆောက်စေခြင်း၊ ဥရောပတိုက်သားများ၏ နေအိမ်နှင့် ရုံးပြင် ကန္နားများကို တိုက်တာ အိမ်ရာများဖြင့် ဂရန်ချထားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ လမ်းမိုင် ၆ဝ ကို ကျောက်ခင်းသလို လမ်းနံပတ်များဖြင့်လည်း မြေပုံနှင့် တကွ မှတ်သားစေခဲ့သည်။
မြို့တွင်းရှိ လမ်းမကြီးများတွင် တပင်တိုင် မှန်အိမ် လမ်းမီးများလည်း ထွန်းညှိပေးခဲ့၏။ ထိုသို့ စတင် သိမှတ်နိုင်အောင် အလင်းပြသည့် စာအုပ်လေးမှာ ရတနာပုံဖိုးမှတ်စု၏ မန္တလေး အမည်ရှိ စာအုပ်ဖြစ်ပါသည်။ (ရတနာပုံ ဖိုးမှတ်စုသည် မန္တလေး အနှစ်၁၀၀ပြည့်နှစ်တွင် ရွှေကိုင်းသား ကလောင်ဖြင့် ထိုစာအုပ်ကို ထပ်မံဖြည့်စွက်ချက်များဖြင့် “၁၂၂၁ခု – ၁၃၂၁ခု ၊ အနှစ်၁၀၀ပြည့် မန္တလေး” ဟု ကျမ်းစာအုပ်တစ်စောင် ကို လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေခဲ့ပါသည်)။
သိရှိထားပြီး ဂန္ထဝင်မြောက် အမည်များ
——————————————
ထိုသို့ လမ်းနံပတ်များဖြင့် မြေပုံအရ အင်္ဂလိပ်တက်ကာစက မှတ်သားခဲ့သော A လမ်းသည် ၃၅လမ်း၊ B လမ်းသည် ၂၆လမ်း၊ C လမ်းသည် ၂၂ လမ်းနှင့် D လမ်းသည် ၁၉လမ်းဟု သိမှတ်ကြရသည်။ ထို့ပြင် ဘုရင်ခေတ်က နန်းမြို့ရိုးရှိ ပြာသာဒ်တံခါးပေါက်ကြီးများနှင့် တည့်တည့်တွင် ရှိသော လမ်းမကြီးများမှ မင်္ဂလာလမ်း၊ အာဠဝီလမ်း၊ စည်ရှည်လမ်း၊ စည်သာလမ်း စသည့် အမည်များကလည်း ၇၃လမ်း၊ ၂၂လမ်း၊ ၁၉လမ်း၊ မြောက်ပြင် ၇၆ လမ်းဟု မှတ်သားကြရသည်။
အင်္ဂလိပ်က မန္တလေးကို လမ်းနံပတ်များဖြင့် သတ်မှတ်သော်ငြားလည်း မန္တလေးသားများက ကျွန်တော်တို့ ငယ်စဉ်ကာလ အထိပင် လမ်းနံပတ်များဖြင့် ပြောခဲ ညွှန်းခဲသည်။ ဘုရင်ခေတ်ကတည်းက သုံးနှုံးခဲ့သည့် အရပ်နံမည်၊ အတန်းနံမည်၊ ဝင်းနံမည်များဖြင့်သာ ပြောကြသည်။ အရပ်အနေနှင့် မဟာဇေယျဘုံ၊ ပြည်ကြီးမျက်မှန်၊ ပြည်ကြီးမျက်ရှင်၊ ပတ်ကုံးပျော်ဘွယ်၊ ပတ်ကုန်းဝန်းကျင်၊ ရန်မျိုးလုံ၊ မဟာနွယ်စဉ်၊ စကြာနွယ်စဉ်၊ မောရဂီဝါ၊ စိတ္တရမဟီ၊ဟေမာဇလ၊ ကဉ္စနမဟီ၊ ချမ်းမြ သာစည်၊ အမရစံခေါင်၊ အမရဌာနီ၊ မေဃဂီရိ၊ ပုလဲငွေရောင်၊ ပြည်ကြီးကျက်သရေ၊ ချမ်းအေးသာစံ အောင်နန်းရိပ်သာ၊ ရတနာဘုမ္မိ၊ မဟာအောင်မြေ၊ ရွှေဘုန်းရှိန်၊ ကျွန်းလုံးဥသျှောင်၊ စိန်ပန်း၊ ဒေးဝန်း၊ ပြည်ကြီးပျော်ဘွယ်၊ သီရိဟေမာ၊ သီရိမာလာ၊ အောင်မြေ သာစံ၊ မင်းတဲအီကင်း၊ ပြည်ကြီးရန်လုံ စသည်ဖြင့် ခေါ်ဝေါသုံးစွဲကြသည်။
မန္တလေးစတည် ကတည်းက တူရာ အစုများအဖြစ် ဖွဲ့စည်းခဲ့သော အတန်းများ၊ ဝင်းများကိုလည်း ဂုန္တာန်ဝင်း၊ ဆေးရိုးဝင်း၊ ကြယ်ခတ်ဝင်း၊ နီပါးတန်း၊ အပ်ချုပ်ဝင်း၊ ထီဝင်း၊ ကမ်္မဝါတန်း၊ ဖိနပ်တန်း၊ မုန့်တီတန်း၊ ပေါက်ပေါက်တန်း၊ ထီးတန်း၊ ဆိုးတန်း၊ ထုံးတန်း၊ မြင်းတန်း၊ ကြိုးကျစ်စု၊ ပုတ်တန်း၊ ကျီတန်း၊ ပန်းဝင်း၊ ဘုံဘိုင်တန်း၊ ထီရိုးဝင်း၊ အကြော်တန်း၊ ခုံဖိနပ်တန်း၊ ဝါးတန်း၊ ပန်းပဲတန်း၊ သံထီးတန်း၊ ပန်းဆိုးတန်း၊ လွှတောင်တန်း၊ နီပါးတန်း၊ ပုရပိုက်တန်း၊ ပရိက်္ခရာတန်း၊ ထမင်းချက်တန်း၊ ပွတ်တန်း၊ သပိတ်တန်း၊ ကွမ်းဝင်း၊ လက်ချိတ်တန်း၊ လက်သမားတန်း၊ ခဲလန်းတန်း၊ ဓားတန်း၊ အိုးတန်း၊ လှည်းယာဉ်တန်း၊ ကြယ်ခတ်ဝင်း၊ ကျောက်သွေးတန်း၊ စာတိုက်တန်း၊ ယွန်းတန်း၊ အထက်ဆင့်ဝင်း၊ နနွင်းတန်း၊ ခတ်တန်း၊ ခဝါစု၊ ယပ်ဝင်း၊ ပဲပုပ်တန်း၊ ရွှေချည်ထိုးရပ်၊ ကျောက်ဆစ်တန်းစသည့် အမည်များ ဖြင့်သာ ညွှန်းကြသည်။
အဆောက်အအုံများကို အခြေပြု၍
————————————
ထို့ပြင် မန္တလေးတွင် အဆောက်အအုံများနှင့် ယှဉ်ပြီး နေရပ်လိပ်စာကို မှတ်သားကြသည်။ ရှေးသရောအခါက ဘယ်သူမှ အိမ်နံပါတ်၊ အကွက်နံပါတ် နှင့်စကားမပြောကြ။ ယုတ်စွအဆုံး စာတိုက်မှ လိပ်စာပေး၍ စာထည့်လျှင်ပင် အိမ်နံပါတ်၊ လမ်းနံပါတ်သုံးလေ့မရှိ။ ရပ်ကွက်ကြီး နာမည်ပြောမည်။ အနီးဆုံး အဆောက်အဦးကြီး အမည်ပြောမည်။ ဥပမာ-ဆိုပါစို့။ ကိုဖိုးရင်၊ ဂုန္တန်ဝင်း၊ နဂါးဆေးလိပ်ရုံကြီးအနီး လက်ဆည်ကန်ရပ် ဆိုတာမျိုးပေါ့။
နောက်တော့ အိမ်နံပါတ်တွေ၊ ရပ်ကွက် နံပါတ်တွေ ဖြစ်ကုန်သည်။ မန္တလေးမှာ အဆောက်အအုံများနှင့် ပတ်သက်ပြီး နဂါးဆေးလိပ်လို၊ ကာတစ်တိုက်လို၊ မာရဂျမ်းတိုက်ကြီးလို အထင်ကရတွေလည်း ရှိခဲ့သည်။ ဓမ္မဗိမာန်လို၊ မလွန်သာသနာ့ဗိမာန်လို သာသနိက အဆောက်အအုံတွေလည်း ရှိသည်။ တချို့ အဆောက်အအုံတွေက လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေနှင့် ဆက်စပ်နေ၏။
အိမ်တော်ရာ ဘုရားဝင်းအတွင်းရှိ ၁၄ခန်းဇရပ်ကြီးဆိုလျှင် မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှုအတွက်၊ ဘာသာရေးအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရဟန်းသံဃာ ရပ်မိရပ်ဖများ စုစည်း ညီညွတ်ကြရာ နေရာဖြစ်သည်။ ဓမ္မဗိမာန်ဆိုပါတော့။ အနောက်ကျုံးလမ်းမှာရှိသော ဓမ္မဗိမာန်ကား တစ်ချိန်က မြန်မာစာပေနှင့် ပတ်သက်၍ အာရုံစိုက်စရာ ကောင်းလှသည့် စာတမ်းအသီးသီး ဖတ်ကြားခဲ့ရာ နေရာဖြစ်၏။ မန္တလေး စာပေမျိုးဆက်များကို လက်ဆင့်ကမ်း အမွေပေး ခဲ့ရာ နေရာလည်းဖြစ်သည်။
သည်လိုနှင့် လူကြီးတွေထံ မေးမြန်းရင်း ဖတ်မှတ်ရင်း ယခင်က ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားမှာ နေသူရိန်ဇာတ်ရုံကြီး ရှိခဲ့ဖူးသတဲ့။ လွတ်လပ်ရေးအတွက် နေသူရိန် ညီလာခံတွေ၊ ဒုတိယကမ္ဘာစစ်အပြီး လူငယ်များ ကာယဗလနှင့် စိတ်ဓာတ် ကြံ့ခိုင်ရေးအတွက် ပွဲလမ်းကြီးတွေ ကျင်းပခဲ့သည့် နေရာကြီးဖြစ်သည်။ အိုလံပစ်တို့၊ ယဉ်တစ်ကိုယ်မယ်တို့၊ လှကြစမ်းပါဗျာ တို့ စသည့်သီချင်းများ မွေးဖွားခဲ့ရာ နေရာဖြစ်သည်။ ယခု အ.ထ.က ၂၃ နေရာဖြစ်မည်။
ထိုပြင် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတွင် ပုလိပ်တပ်က ပစ်ခတ်သည့် မှတ်တမ်းကိုပင် ကြေးနန်းရုံ တောင်ပေါက်တွင် တစ်ကြိမ် (ယခု ၂၆ဘီလမ်း၊ လမ်း၈၀နှင့် ၈၁လမ်းကြား)၊ အင်ပီရီယယ်ဘဏ်ရှေ့တွင် တစ်ကြိမ် (ယခု ၂၆လမ်းနှင့် ၈၁လမ်းထောင့်)၊ ရိုးကုမ္ပဏီရှေ့တွင် တစ်ကြိမ် (ယခု ဘဏ် ၁ ရှေ့) ဟု မှတ်သားခဲ့ကြသည်။ ထိုမှ ဆက်စပ်၍ ၂၆ ဘီလမ်းမကြီးပေါ်မှ ရတနာပုံခေတ် မြို့ဝန်ဦးသာအိုးဝင်းနေရာ (ယခုဘဏ် ၁ နှင့် မျက်နှာချင်းဆိုင် ဟော်တယ်ဝင်း) ဘဏ် ၁ နေရာမှ နာရီစင်အထိ တည်ရှိခဲ့ဖူးသော ရိုးကုမ္ပဏီနှင့် ကုန်တိုက်ကြီးများ နေရာ၊ အဟူဂျာဓာတ်ပုံတိုက် နေရာ၊ တိုကီဝါဓာတ်ပုံတိုက်နေရာ၊ ခန့်ခန့်ကြီး ဓာတ်ပုံတိုက်နေရာ၊ အင်ပရီရယ်ဘဏ်တိုက်နေရာ၊ အဝိန်ကိုး အချုံကိုး ကုမ္ပဏီ နေရာများအထိ သိရှိရတော့၏။
အာဇာနည်လမ်းပေါ်က ရွှေထီးတိုက်
—————————————
ထိုမျှသာမက ၁၃၀၀ပြည့် အရေးတော်ပုံကြီး ပြီးကတည်းက အာဇာနည်လမ်းဟု အမည်တွင် ပြောဆို သုံးနှုန်း ခဲ့ကြသည့် နောက် ယခုအခါ ထို ကမ္ပည်းတွင် မော်ကွန်းတင်ခဲ့သည့် အမည်ပျောက်ကာ ၂၆ဘီလမ်းဟုသာ လူသိများသည့် လမ်းမကြီးပေါ် မှာပင် ကွန်ကရစ်အထပ်မြင့်၊ အလျုမီနီယမ်နှင့် စတိန်းလက်စတီး၊ အလှဆင် ခေတ်မီ အဆောက်အဦးကြီး များကြားမှ တစ်ထပ်တိုက် သေးသေးလေးတစ်လုံး ယခုတိုင် ရှိသည်။
ထိုတိုက်လေး၏ နဖူးစည်းထိပ်မှာ ရွှေထီးတစ်လက်ပုံကို အင်္ဂတေသားဖြင့် ဖော်ထား၏။ မန္တလေးသားများက ရွှေထီးတိုက်ဟု ခေါ်ကြသည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ ကာလက ထိုရွှေထီးတိုက်မှ ဦးဘအို ဒေါ်ခင်မျိုးတို့၏ သမီးများဖြစ်သော မသန်းရင်၊ မတင်လှနှင့် မမတို့က အပျိုပေါက်လေးများပေမင့် ဒဏ်ရာရ ရဟန်းသံဃာ၊ ကျောင်းသားနှင့် မြို့လူထုကို သူတို့တိုက်အတွင်း ခေါ်သွင်း၍ စွမ်းစွမ်းတမံ အကူအညီပေး ခဲ့ကြကြောင်း မန္တလေးသားတိုင်း၏ နှလုံးသားထဲတွင် အမှတ်ရခဲ့ဖူးသည်။
ကျွန်တော် ၁၀တန်းစာမေးပွဲကို ဒုတိယနှစ်ဖြေအပြီး ကျောင်းပိတ်ရက်သည်ကား မေးမြန်း ဖတ်ရှု အလုပ်များဖြင့် အကျိုးရှိခဲ့သည်မှာ သိသာစေခဲ့ပါပြီ။ အမှတ်တရပါပဲလေ။
ဆူးငှက်
