အီရန်ဟာ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းက အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာမှာ တရုတ်ရဲ့ ဂြိုဟ်တုလမ်းညွှန်စနစ်ကို အသုံးပြုနေနိုင်တယ်လို့ ထောက်လှမ်းရေးကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။
ပြင်သစ်ထောက်လှမ်းရေးဌာနရဲ့ ညွှန်ကြားရေးမှူးဟောင်း Alain Juillet ကတော့ ပြီးခဲ့တဲ့ ဇွန်လအတွင်း အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်ကြာစစ်ပွဲမှာ အီရန်ရဲ့ ပစ်မှတ်ထားမှုတွေဟာ အရင်ကထက် အများကြီး ပိုတိကျလာတာကို ထောက်ပြခဲ့ပါတယ်။
”ဒီစစ်ပွဲမှာ အံ့သြစရာအကောင်းဆုံးက အီရန်ရဲ့ ဒုံးကျည်တွေဟာ လွန်ခဲ့တဲ့ ၈ လကထက်စာရင် အများကြီး ပိုတိကျလာတာပါပဲ။ ဒါဟာ သူတို့ရဲ့ လမ်းညွှန်စနစ် (Guidance System) နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်” လို့ သူက ပြောပါတယ်။
ဘာကြောင့် ဒီလိုယူဆရတာလဲ?
အမေရိကန်ရဲ့ GPS ကို နှောင့်ယှက်လို့မရခြင်း
အရင်က အီရန်ဟာ အမေရိကန်ပိုင်တဲ့ GPS စနစ်ကိုပဲ အားကိုးခဲ့ရပါတယ်။ အမေရိကန်ဟာ GPS လိုင်းတွေကို ဖြတ်တောက်တာ ဒါမှမဟုတ် နှောင့်ယှက်တာ (Jamming) လုပ်နိုင်ပေမယ့် တရုတ်ရဲ့ BeiDou စနစ်ကိုတော့ ဘာမှလုပ်လို့မရပါဘူး။
ပစ်မှတ်ကို တိတိကျကျ ထိမှန်လာခြင်း
အမေရိကန်နဲ့ အစ္စရေးတို့က ဒုံးကျည်အတော်များများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမယ့် အချို့ဒုံးကျည်တွေကတော့ ခံစစ်ကိုဖောက်ထွက်ပြီး ပစ်မှတ်ကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ ပိုမိုကောင်းမွန်တဲ့ လမ်းညွှန်စနစ်တစ်ခုခုကို သုံးနေပြီဆိုတာ သိသာစေပါတယ်။
တရုတ်ရဲ့ BeiDou စနစ်ဆိုတာ ဘာလဲ?
တရုတ်ဟာ အမေရိကန်ရဲ့ GPS ကို ယှဉ်ပြိုင်ဖို့အတွက် ဒီစနစ်ကို ၂၀၂၀ မှာ အပြီးသတ်လွှင့်တင်ခဲ့တာပါ။
၁၉၉၆ တိုင်ဝမ်အရေးအခင်းတုန်းက အမေရိကန်က GPS ဖြတ်တောက်လိုက်မှာကို တရုတ်က ကြောက်ခဲ့တာကြောင့် ကိုယ်ပိုင်စနစ်ကို တည်ထွင်ခဲ့တာပါ။
တရုတ်အစိုးရကတော့ “ကမ္ဘာကြီးကို အကျိုးပြုဖို့” လို့ ပြောထားပေမယ့် လက်တွေ့မှာတော့ စစ်ရေးအရ အမေရိကန်ရဲ့ တစ်ဦးတည်းမူပိုင် စိုးမိုးမှုကို စိန်ခေါ်လာတာ ဖြစ်ပါတယ်။
အီရန်ဘက်ကတော့ ဒီစနစ်ကို သုံးနေသလားဆိုတာကို အတည်ပြုပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုသာ အသုံးပြုနေတာမှန်ရင် စစ်မြေပြင်က သတင်းအချက်အလက်နဲ့ လမ်းညွှန်မှုတွေမှာ အမေရိကန်ရဲ့ အသာစီးရမှုကို အဆုံးသတ်သွားစေနိုင်ပါတယ်။
Ref: Al Jazeera
