ဧပြီ ၁၈ ၊ ၂၀၂၆
CC (VOM)
ပဲခူးတိုင်းအနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့နယ်မှာ နှစ်ဆန်းတရက်နေ့ ၊ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေရာနဲ့ချီ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ညနေ ၃ နာရီကျော်လောက်မှာ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့တာဖြစ်ကြောင်း ၊ အဲဒီဖြစ်စဥ်ကြောင့် ကြို့ပင်ကောက်မြို့ပေါ် ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို ချောင်းဂွရွာ ၊ မြို့ကိုင်းရွာနဲ့ ကွက်သစ်ရွာတွေဘက်မှာလည်း အိမ်ရာနဲ့ချီပြီး ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။
လူနေအိမ်တွေမှာ အမိုးလန် ပျက်စီးသွားတာ၊ အိမ်တခုလုံးပြိုကျပျက်စီးတာ ၊ အိမ်တခြမ်းပျက်စီးတာတွေ ဖြစ်ပွားခဲ့သလို သစ်ပင်တွေလည်း လဲကျမှုရှိခဲ့တယ်လို့ သိရပါတယ် ။
” ရွာမှာ အိမ်ခြေ ၈၀ လောက်ရှိတယ်။အဲဒီထဲမှာ ကောင်းတာက ၁၀ အိမ်လောက်ပဲကျန်တော့တယ်။ကျန်တဲ့အိမ်တွေက သွပ်မိုးတွေလန်သွားတယ်။တချိူ့ဆိုအိမ်ကငုတ်တုပ်ကနေ လဲပြီးပြိုကျသွားတယ်။ ၃ နာရီခွဲလောက်မှာ လေစတိုက်ပြီး မိုးသီးတွေပါကြွေလာတယ်။ လေရောမိုးရော တအားပါတယ်။ ၄ နာရီမထိုးခင်လောက်မှာ ပြိုကုန်တာ။ မြို့ကိုင်းနဲ့ ကွက်သစ်မှာလည်း အိမ်တွေပျက်စီးတယ်။ များတာကတော့ ချောင်းဂွက ပိုများတာ ။ ပျက်စီးတာအတွက် သွပ်ဘာညာဝယ်ရမှာပေါ့။ ” လို့ ချောင်းဂွ ဒေသခံက ပြောပါတယ်။
အဆိုပါ မြို့ကိုင်း ၊ ကွက်သစ်နဲ့ ချောင်းဂွ ရွာတွေဘက်မှာ PDF တွေ ဝင်ထွက်သွားလာမှု ရှိတဲ့အခြေအနေတွေကြောင့် သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေက ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးကို အကန့်အသတ်နဲ့သာ ခွင့်ပြုထားတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်အတွက် လိုအပ်တဲ့ သွပ် နဲ့အခြား အိမ်ဆောက်ပစ္စည်းတွေ ဝယ်ယူဖို့ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။
” လိုအပ်တဲ့ သွပ်တွေဝယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ပြောနေကြတာ ။ သယ်ယူပို့ဆောင်ရေးကန့်သတ်ခံရတော့ ကြားထဲက ပြည်သူတွေ ဒုက္ခရောက်ရတာပေါ့လေ ။ဒီဘက်က အမဲရောင်နယ်မြေလို ဖြစ်နေတော့ သယ်ယူပို့ဆောင်ရေးကန့်သတ်ခံရတာပေါ့။ ဆန်တွေလည်း အကန့်သတ်နဲ့သယ်ရတာ ။” လို့ သူက ထပ်ပြောပါတယ်။
ကြို့ပင်ကောက်မြို့ပေါ်မှာတော့ ဆင်ခြေဖုံးရပ်ကွက်တွေက နေအိမ်တွေ ထိခိုက်ပျက်စီးမှုများပြီး သစ်ပင်လဲကျမှုတွေရှိခဲ့ကြောင်း ၊ ရန်ကုန် – ပြည်လမ်း လမ်းမှာလည်း သစ်ပင်လဲကျမှုရှိခဲ့တဲ့အတွက် မီးသတ်ဌာနက ရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” မြို့ပေါ်ရပ်ကွက်တွေမှာတော့ သစ်ပင်လဲတာတွေ ၊ဓါတ်တိုင်လဲတာတွေ ၊နေအိမ်အချို့အမိုးလန်ပျက်စီးတာတွေရှိပါတယ်။ ဆင်ခြေဖုံးရပ်ကွက်ကအိမ်တွေများပါတယ်။ မြို့ကိုင်း ၊ချောင်းဂွ၊ ကွက်သစ်ရွာဘက်ကတော့ နယ်မြေအခြေအနေအရ သွားလို့မပြေတော့ ကူညီနိုင်ဖို့ ခက်ပါတယ်။ ” လို့ ကြို့ပင်ကောက် ဒေသခံက ပြောပါတယ်။
ကနဦးသိရှိရ တဲ့ သတင်းအချက်အလက်တွေအရတော့ အဆိုပါ လေပြင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်နဲ့ ကပ်လျက်မှာရှိတဲ့ ဇီးကုန်းမြို့မှာလည်း မိုးရွာ လေပြင်းတိုက်ပြီး မိုးသီးကြွေ လျှပ်စီးလက် မိုးကြိုးပစ်မှုတွေဖြစ်ပွားပြီး သစ်ပင်လဲကျတာ ၊နေအိမ်တချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – Cj
