ဖားကန့်ဒေသက နေရာတချို့ကို အစိုးရတပ်ပြန်သိမ်းပြီးနောက် KIA က စည်ပင်ရပ်ကွက် နေထိုင်သူတွေကို ပြောင်းရွှေ့ခိုင်းနေ

ဧပြီ ၁၇ ၊ ၂၀၂၆
GG (VOM)
ဖားကန့်ဒေသရှိ နေရာတချို့ကို အစိုးရတပ်တွေက ပြန်လည်သိမ်းပိုက်ပြီးနောက် တိုက်ပွဲပိုပြီး ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်း နဲ့ အမှိုက်ပုံရွာတို့ကို ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့မှာ အစိုးရတပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီအတွက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ အခြေအနေတွေကြောင့် လက်ရှိမှာ ဆုတောင်းကုန်းအနီးနားရှိ စည်ပင်ရပ်ကွက်အတွင်း နေထိုင်သူတွေကို ရွှေ့ပြောင်းဖို့ KIA ပူးပေါင်းတပ်ဘက်က အသိပေးပြောဆိုမှုရှိနေတယ်လို့ သိရပါတယ်။
” စည်ပင်ရပ်ကွက်က လူနေရပ်ကွက်ပါ။ အခုဆုတောင်းကုန်းနဲ့ အမှိုက်ပုံက စစ်တပ်က ပြန်ရသွားပြီဆိုတော့ ပြန်တိုက်မှာမို့လို့ ဒေသခံတွေကို ရွှေ့ခိုင်းတာမျိုးထင်တယ်။ စစ်ရေးပိုပြင်းထန်လာနိုင်တယ်။ ဆုတောင်းကုန်းနဲ့ အမှိုက်ပုံက သင်္ကြန်ရက်က ပြန်ရသွားတာ။ လူတွေရွှေ့ခိုင်းတာက သူတို့ ပြောတာကလွယ်တယ်။ တကယ်ရှောင်ရသူတွေအတွက်က မလွယ်ဘူး ။ စစ်တပ်က ပြန်သိမ်းလိုက်တဲ့ ဆုတောင်းကုန်း နဲ့ အမှိုက်ပုံမှာက အရင်က တောဘက်ကအဖွဲ့တွေ တပ်စွဲထားတာ ။သင်္ကြန်အကြိုနေ့က လေယာဥ်နဲ့လည်းလာကြဲတယ်။ လက်နက်ကြီးကလည်းဆက်တိုက်ထုတာ ။အဲဒီနေ့ပဲ ပြန်ရသွားတာ။ ကျန်တဲ့ရက်တွေတော့ ငြိမ်တယ်။ဒီနေ့မှ တောဘက်က စည်ပင်ရပ်ကွက်က လူတွေကို ရွှေ့ခိုင်းတာ ။ ” လို့ ဖားကန့်ဒေသခံက ပြောပါတယ် ။
သင်္ကြန်အကြို နေ့မှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီးနောက် သင်္ကြန်အကျနေ့မှာတော့ မရှီကထောင် နဲ့ စည်ပင်ရပ်ကွက်လမ်းဆုံရှိ ရွှေမြန်မာဆီဆိုင်အနီးမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားလေးယောက်ကို တွေ့ ရှိခဲ့ရတယ်လို့ သိရပါတယ် ။
” အဲဒီနေ့က လေးယောက်က အသတ်ခံရပြီးမှ လာပစ်တာလို့သိရတယ်။ မျက်မြင်တွေပြောတာတော့ ကားနဲ့လာပစ်သွားတာ ။ တချို့ဆို မျက်လုံးတွေလည်းဖောက်ခံထားရတယ် ပြောတယ်။ လေးယောက်လုံးက ဗလခရွာနဲ့ တောင်ပြိုရွာ ကပါ။ ” လို့ ဒေသခံက ပြောပါတယ် ။
လက်ရှိမှာတော့ ဖားကန့်မှာ တိုက်ပွဲအခြေအနေ ငြိမ်သက်နေပြီး ပစ်ခတ်မှုလည်း မရှိဘူးလို့ သိရပါတယ်။
ဖားကန့်မှာ ဧပြီလ ၂ ရက်နေ့ကစပြီး အစိုးရတပ်နဲ့ KIA ပူးပေါင်းတပ်တွေ အကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီနေ့မှာပဲ KIA တပ်တွေက အစိုးရတပ်ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ အင်မားယန်သုသာန်ကုန်း၊ ဆွတ်ငိုင်ယန် အင်တောင်ဘွမ်၊ မော်ဝမ်းကြီးတာဝါတိုင်ကုန်း၊ မော်ဝမ်းဆွတ်ဘွမ်ရွာနဲ့ မော်ဝမ်းကျောင်းကုန်းတို့ကို ထိန်းချုပ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Cj

Related posts

Leave a Comment

VOM News

FREE
VIEW