သင်္ကြန်လေးရက်အတွင်း လေးယောက်​သေဆုံးကာ ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့

ဧပြီ ၁၇ ၊ ၂၀၂၆
GG (VOM)
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် လေးရက်ကာလအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ သင်္ကြန်ရေပက်ခံထွက်ရင်း ယာဥ်မတော်တဆမှုကြောင့် လူလေးယောက် သေဆုံးခဲ့ပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။
သင်္ကြန်အကြိုနေ့ကနေ သင်္ကြန်အတက်နေ့အတွင်း ရန်ကုန်အပါအဝင် နေပြည်တော် ၊ မြဝတီ ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ပြည်မြို့ ၊ သံဖြူဇရပ်မြို့နယ်တွေမှာ ​ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း VOM လက်လှမ်းမှီသလောက် စုံစမ်းသိရှိရတာဖြစ် ပါတယ်။
ဖြစ်စဥ်တွေက သင်္ကြန်အကျနေ့က ရန်ကုန် ၊မြောက်ဒဂုံမြို့နယ်မှာ ရေပက်ခံကားတစီးတိမ်းမှောက်ပြီး လူခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို သင်္ကြန်အကျနဲ့ အကြတ်နေ့ကလည်း သာကေတမြို့နယ် ၊ ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားနှစ်စီး ယာဥ်မတော်တဆမှု ဖြစ်ပွားကာ သုံးယောက်သေပြီး ငါးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
ရန်ကုန် – ပြည်လမ်းမကြီး ၃၉၁ တပ်ရင်းရှေ့မှာလည်း သင်္ကြန်အကြတ်နေ့က YBS ကားနဲ့ အိမ်စီးကား တိုက်မိပြီး အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
” ရှုခင်းသာမှာ အကျနေ့ယာဥ်မတော်တဆမှုက သုံးယောက်ပွဲချင်းပြီး သေတယ်။ အကြတ်နေ့မှာက လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ငါးယောက်ဒဏ်ရာရတယ်။ အကုန်လုံး ဆေးရုံပို့လိုက်တယ်။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်မှာတော့ သင်္ကြန်အကျနေ့က စက်စဲကမ်းခြေကို သင်္ကြန်လည်သွားတဲ့ ကားတစီး သစ်ပင်ဝင်တိုက်မိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၂ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ် ။
သင်္ကြန်အတက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ် ဆွတ်လန်းအကျော် ပန်ဆောက်အနီးမှာ သင်္ကြန်လည်ကားတစီးတိမ်းမှောက်ပြီး တယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ် ။
မြဝတီမြို့မှာတော့ သင်္ကြန် အကြိုနေ့ကအမှတ်၂ ချစ်ကြည် ရေးတံတားလမ်းမကြီးမှာ သင်္ကြန်အလည်ထွက်တဲ့ ဟိုက်ဂျက်ကားတစီး တိမ်းမှောက်ပြီး ကလေးအပါအဝင် လူခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ သင်္ကြန်အကြတ်နေ့ကလည်း မြဝတီ – သင်္ဃန်းညီနောင် ချစ်ကြည်ရေးလမ်းမှာ ဆိုင်ကယ်မတော်မဆဖြစ်ပြီး အမျိုးသမီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
ပြည်မြို့မှာလည်း သင်္ကြန်အကြိုကနေ အတက်နေ့အတွင်းမှာ ယာဥ်မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးယောက်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်ထဲမှာလည်း ဆိုင်ကယ်နဲ့ကား မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိ သုံးယောက်ရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်းများ /Cj

Related posts

Leave a Comment

VOM News

FREE
VIEW