ဧပြီ ၁၇ ၊ ၂၀၂၆
CC (VOM)
အစိုးရရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ နှစ်ဆန်းတရက်နေ့ ၊ ဧပြီ ၁၇ ရက်နေ့မှာ အကျဥ်းသူ အကျဥ်းသားတွေကို အကျဥ်းထောင်အသီးသီးကနေ လွှတ်ပေးနေရာမှာ ကနဦးသိရှိချက်အရ အင်းစိန်ထောင်အပါအဝင် ထောင်တချို့ကနေ အကျဥ်းသား ၃၀၀၀ ကျော်လောက် လွတ်ပေးနေ တယ်လို့ သိရပါတယ်။
ဒီကနေ့အတွင်း ကနဦးသိရှိရတဲ့ အကျဥ်းထောင်တွေကနေ အကျဥ်းသူအကျဥ်းသား လွှတ်ပေးမှုအခြေအနေနနဲ့ ပတ်သက်ပြီး VOM ကနေ ရရှိထားတဲ့စာရင်းအရ ရန်ကုန် ၊ အင်းစိန်ထောင်မှာ ထောင်ဒဏ်တသက်ချမှတ်ခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ အပါအဝင် အကျဥ်းသူ အကျဥ်းသား ၁၀၀၀ နီးပါး လွှတ်ပေးလိုက် တယ်လို့ သိရပါတယ် ။
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အကျဥ်းထောင်နဲ့ ကုန်ထုတ်စခန်းတွေကနေလည်း အမျိုးသား ၇၉၆ ယောက် ၊ အမျိုးသမီး ၁၃၂ ယောက် စုစုပေါင်း ၉၂၈ ယောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအတွင်းရှိ အကျဥ်းထောင်တွေကနေလည်း အရင် NLD လက်ထက် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဥ်းသူ အကျဥ်းသား ၃၂၀ ကျော် ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
သမ္မတဟောင်း ဦးဝင်းမြင့်ကို တောင်ငူအကျဥ်းထောင်ကနေ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ၁ နဲ့ ပြန်လည်လွှတ်ပေးခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မမှာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေတဲ့ ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမယ်ဆိုသော စည်းကမ်းချက်နဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ တောင်ငူအကျဥ်းထောင်ကနေ ဦးဝင်းမြင့်နဲ့အတူ အကျဥ်းသူ အကျဥ်းသား ၄၀ ကျော်လည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။
သာယာဝတီအကျဥ်းထောင်က အကျဥ်းသူအကျဥ်းသား ၁၀၁ ယောက်၊ ပြည်အကျဥ်းထောင်က ၇၂ ယောက် ၊ ပဲခူး အကျဥ်းထောင်က ၂၇ ယောက် နဲ့ ရွှေမြယာ အကျဥ်းစခန်းမှ အကျဥ်းသား ၁၈ ယောက် ၊ ဒိုက်ဦးအကျဥ်းထောင်က ၆၅ ယောက် လွှတ်ပေးလိုက်တယ်လို့ အကျဥ်းထောင်နီးစပ်သူတွေဆီက သိရပါတယ်။
” အကျဥ်းသားတွေလွှတ်ပေးနေပါပြီ ။ ပြည်က ၇၂ ယောက်လွှတ်မယ် သိရတယ်။ လွှတ်ပေးနေတုန်းပါ ။ နိုင်ကျဥ်းကတော့ နည်းတယ်။ သာယာဝတီဘက်လည်း လွှတ်ပေးနေပြီ။ သမ္မတကြီး ဦးဝင်းမြင့် ပြန်လွတ်လာတဲ့အပေါ် အတိုင်းမသိဝမ်းသာပါတယ်။ အသက်လည်းကြီးပါပြီ။ နောက်ထပ်ကျန်နေတဲ့ နိုင်ကျဥ်းတွေလည်း အကုန်လုံးလွှတ်ပေးဖို့မျှော်လင့်ပါတယ်။ ” လို့ နိုင်ငံရေးအကျဉ်းသား ဟောင်းတယောက်က ပြောပါတယ်။
အလားတူ မကွေးတိုင်းထဲက မကွေး အကျဉ်းထောင်ကနေ အကျဉ်းသား ၁၉၁ ယောက် ၊ သရက်အကျဉ်းထောင်ကနေ အကျဉ်းသား ၂၇ ယောက်၊ ကိုးပင်-သာစည် စခန်းမှ အကျဉ်းသား အယောက် ၄၀ ၊ ပခုက္ကူ အကျဉ်းထောင်ကနေ အကျဉ်းသား ၃၃ ယောက် တို့လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတယ်လို့ သိရပါတယ် ။
ဧရာဝတီတိုင်း ပုသိမ်းအကျဥ်းထောင်ကနေလည်း နိုင်ငံရေးအကျဉ်းသားငါး ယောက်ဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်၊ ကိုဇော်မိုးထိုက် ၊ ဦးသိန်းလွင်၊ ဦးဝင်းကျော်နဲ့ ကိုဝင်းမင်းထွန်းတို့ အပါအဝင် အကျဥ်းသူ အကျဥ်းသားစုစုပေါင်း ၇၃ ယောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဟင်္သာတ အကျဥ်းထောင်ကနေလည်း အကျဥ်းသူ အကျဥ်းသား အယောက် ၅၀ လွတ်ပေးလိုက်တယ်လို့ လည်းသိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးအကျဥ်းထောင်က ၂၃ ယောက် ၊ ကသာအကျဥ်းထောင်က ၉ ယောက် နဲ့ မုံရွာအကျဥ်းထောင်က ၁၃ ယောက် လွတ်ပေးလိုက်တယ်လို့ ကနဦး စုံစမ်းသိရှိရပါတယ်။
” ကသာထောင်က လွှတ်ပေးတဲ့အထဲမှာဆိုရင် ၅၁ ( က) ၊ ၅၀ (ည ) နဲ့ ထောင်ကျနေတဲ့ မိသားစုလေးယောက်လုံး လွတ်လာတယ်။ မိခင်ဖြစ်သူရယ် ၊သမီး ၊သားနဲ့ ချွေးမ ဖြစ်သူ အကုန်လွတ်တာပါ။ ထောင်ဒဏအတသက်ချခံထားရတဲ့သူလည်း လွတ်တာတွေ့ရတယ် ။ ” လို့ ကသာ ဒေသခံ တယောက်က ပြောပါတယ် ။
ရှမ်းပြည်နယ် ၊ ညောင်ရွှေအကျဥ်းထောင်ကလည်းအကျဥ်းသူ အကျဥ်းသား ၁၀၈ ယောက် လွတ်ပေးလိုက်သလို တောင်ကြီး အကျဥ်းထောင်က တယောက် နဲ့ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်း (ရဲဘက်) မှ အကျဉ်းသား ၃၀ တို့ လွတ်မြောက်လာတယ်လို့ သိရပါတယ် ။
မွန်ပြည်နယ် ၊သထုံအကျဥ်းထောင်ကနေ အကျဥ်းသူအကျဥ်းသား ၃၁ ယောက် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ လွတ်ငြိမ်းချမ်းသာနဲ့ လွှတ်ပေးလိုက်တဲ့ အကျဥ်းသားတွေထဲမှာ နိုင်ငံရေးအကျဥ်းသား လွတ်မြောက်မှု နည်းတယ်လို့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေဆီက သိရပါတယ်။
အစိုးရက မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၄၃၃၅ ယောက်ကို ဒီကနေ့ ဧပြီ ၁၇ ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ် ။
ဒါအပြင် အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၇၉) ယောက်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
နောက်ပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ဧပြီ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုခုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက သေဒဏ်ပြစ်ဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ် တသက် ပြစ်ဒဏ်ကို ပြောင်းလဲကျခံစေဖို့ ၊ ထောင်ဒဏ်တစ်သက် နဲ့ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို လျှော့ပေါ့ကျခံစေဖို့ (အရင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များအရ သေဒဏ်မှ ထောင်ဒဏ် တစ်သက်ကို ပြောင်းလဲထားသူတွေ မပါ)၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ကို ပြောင်းလဲ ကျခံစေဖို့ နဲ့ ထောင်ဒဏ် နှစ် ၄၀ နဲ့ အောက် ကျခံနေရသူတွေကို ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တပုံကို လျှော့ပေါ့ ကျခံစေဖို့ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့် အမိန့်လည်း ထုတ်ပြန်ခဲ့ပါတယ်။
အရင်လ မတ် ၂ ရက်နေ့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) ပြစ်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ယောက်ကိုလည်း တရားရုံး ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်းပြီး တရားခံများကို အမှုမှလွှတ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူ ၂၈၂၅ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်အပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။
နောက်ပြီး အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁ဝ ယောက်ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဒါအပြင် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက် အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါတယ်။
