ဧပြီ ၂၆ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ မြစ်ကြီးနား ၊ မိုးကောင်း ၊ နမ္မတီး မြို့နယ်တွေမှာ လေပြင်းတိုက် မိုးရွာသွန်းမှုကြောင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအပါ နေအိမ် နဲ့ စစ်ရှောင် စခန်းအပါအဝင် အဆောက်အဦ ရာနဲ့ချီပြီး ပျက်စီးမှု ရှိခဲ့သလို လူထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
မနေ့က ဧပြီ ၂၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ လေပြင်းတိုက်ခတ်တာ ၊ မိုးရွာသွန်းတာ ၊ မိုးသီးကြွေတာတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ.သဘာဝဘေးအန္တရာယ်ဖြစ်စဥ်ကြောင့် လူနေအိမ် သွပ်အမိုးလန်ခြင်း ၊ နေအိမ်ပြိုကျပျက်စီးခြင်း ၊ အကာအရံတွေပျက်စီးခြင်း ၊ သစ်ပင်လဲကျ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာဆိုရင် ရဲတပ်ဖွဲ့မှူးရုံးက သစ်ပစ်တွေလဲကျခဲ့သလို အဆောက်အဦ တချို့လည်း ပျက်စီးမှု ရှိခဲ့ကြောင်း ၊ ကျန်တဲ့ ရပ်ကွက်နဲ့ လမ်းတလျှောက်မှာလည်း သစ်ပင်တွေပြိုကျခဲ့သလို နေအိမ်တချို့ အမိုးလန်ပျက်စီးမှုရှိခဲ့ တယ်လို့ သိရပါတယ်။
” သစ်ပင်လဲတာတွေကိုတော့ ရှင်းလင်ရေးလုပ်နေတယ်။ အိမ်တွေ ပျက်စီးမှုက သေချာမသိသေးဘူး ။ ” လို့ မြို့နယ်မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။
မိုးကောင်းမြို့မှာဆိုရင်လည်း မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာဘက်မှာပါ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ ပြိုလဲကျခဲ့သလို အိမ်အမိုးလန်ခြင်း ၊ ခြံစည်းရိုးပြိုကျခြင်း စတဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မိုးကောင်းမြို့နယ်ထဲက လွဲလောကျေးရွာအုပ်စုက ကျေးရွာတွေမှာဆိုရင် နေအိမ်ပြိုကျပျက်စီးတာ ၊ အိမ် အများအပြား အမိုးလန်တာ စေတီတော် ထီးတော်တွေ ယိမ်းယိုင်တာ ၊ လူထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားမှုရှိခဲ့တယ်လို့ သိရပါတယ်။
” ပြိုတဲ့အိမ်အများစုကတော့ အိမ်ကြီးအိမ်ကောင်းတော့သိပ်မပါပေမယ့် သွပ်မိုး ထရံကာအိမ်တွေပါပဲ ။ လုံးလုံးပြိုကျတာတွေများတယ်။အမိုးလန်တာလည်းရှိတယ်။ လူထိခိုက်တာ အနည်းငယ်တော့ရှိတယ်တယ်။ရွာတွေဘက်ကတော့ ကိုယ်ထူကိုယ်ထလုပ်ရမှာများပါတယ်။မနေ့က လေတအားကြမ်းတာ ကြောက်စရာတောင်ကောင်းပါတယ်။ ” လို့ မိုးကောင်း ဒေသခံကပြောပါတယ်။
အလားတူ နမ္မတီးမှာလည်း လေပြင်းမုန်တိုင်းတိုက်ခတ်လို့ စစ်ရှောင်စခန်းအပါအဝင် ဌာနဆိုင်ရာ နဲ့ နေအိမ်တွေ ၊ သစ်ပင်တွေလဲကျ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
နမ္မတီးမြို့နယ် ၊ ဝါအောင် စစ်ရှောင် စခန်းမှာ ယာယီ ခိုလှုံ နေထိုင်နေတဲ့ လဝါးကျေးရွာ ၊ ခွန်စိုင်ယာန် ၊ နာဇရက် ၊ ဂျာထု ၊ စတဲ့ ကျေးရွာတွေက စစ်ရှောင်တွေ ရဲ့ ယာယီတဲတွေ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
နောက်ပြီး နမ္မတီး သကြားစက်ဝင်းအတွင်း လဝါးဘုန်းတော်ကြီးတပိုင်နယ်မှ တိုက်ပွဲရှောင်ပြည်သူတချို့ ယာယီတိမ်းရှောင်ခိုလှုံနေကြတဲ့ စိန်ထရေဇား စစ်ရှောင်စခန်းမှာလည်း.ဝတ်ပြုဆောင်အပါအဝင် လူနေအဆောင်တွေ ပျက်စီးမှုရှိခဲ့တာကြောင့် စစ်ရှောင်စခန်းတွေအတွက် အကူအညီတွေ လိုအက်နေတယ်လို့ သိရပါတယ်။
” အိမ်တွေ အမိုးလန် ပျက်စီးမှုရှိတာ ဟုတ်ပါတယ်။ ဒီတခေါက် သစ်ပင်လဲကျတာလည်း ပိုများတယ်။စစ်ရှောင်တဲတွေလည်း ပျက်စီးတယ်။ သူတို့က မိုးကာတွေမိုးထားတယ်။ ဝါးနဲ့ဆောက်ထားတာပေါ့။ အမိုးလန်တာတွေ ယိုင်သွားတာတွေ ပျက်စီးမှုရှိတယ်။” လို့ နမ္မတီး ဒေသခံက ပြောပါတယ်။
လေပြင်းတိုက် မှုကြောင့် နမ္မတီးမြို့၊ မြို့ ရှေ့ကျောင်းတိုက်ဝန်းအတွင်းရှိ ရှေးဟောင်းဇာတ်စင်လည်း ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မြစ်ကြီးနား ၊မိုးကောင်း ၊နမ္မတီး မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် လူသွားလမ်းတွေနံ ကားလမ်းမပေါ် သစ်ပင်လဲကျပြီး လမ်းပိတ်မှုတွေကို အရင်ဆုံး သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေပူးပေါင်း ရှင်းလင်းနေကြတယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်နေ့ညပိုင်းကလည်း ကချင်ပြည်နယ် ၊ နမ္မတီးမြို့နဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး အရွယ်အစားကြီးမားတဲ့ ကြက်ဥအရွယ်ခန့် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် နေအိမ်ရာနဲ့ချီပြီး အိမ်အမိုးသွပ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။
