ဧပြီ ၂၆ – ၂၀၂၆
SS (VOM)
မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ ကယားပြည်နယ်ရှိ နန်းမယ်ခုံမြို့နယ်တို့မှာ မနေ့ ဧပြီ ၂၅ ရက်က ဒရုန်းကျရောက်မှုကြောင့် ခြောက်ယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာမှာ မနေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က ဒရုန်းကျရောက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒရုန်းက ရွာထဲက စတားလင့်ဆိုင်နားကို ကျတာ။ အဲဒီနားမှာ ဂိမ်းဆော့နေတဲ့သူတွေကို ထိတယ်။ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ တယောက်က ဆေးခန်းကိုသွားရင်း လမ်းမှာဆုံးတာ။ ဒဏ်ရာရတဲ့သူတွေကလည်း စိုးရိမ်ရအဆင့် ဖြစ်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ ချင်းယားကုန်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပြီး အဲဒီဖြစ်စဉ်အတွင်း သုံးယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရေစကြိုမြို့နယ်နဲ့ ပခုက္ကူအစပ်မှာလည်း နယ်မြေရှင်းလင်းရေးတွေ ပိုက်စိပ်တိုက်လုပ်ဆောင်လာနေလို့ ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။
ဒါအပြင် ကယားပြည်နယ်ရှိ နန်းမယ်ခုံမြို့နယ်မှာလည်း မနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က ဒရုန်းကျရောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး သုံးယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဧပြီ ၂၃ ရက်နေ့ကတည်းကနေ မနေ့ကအထိကို လက်နက်ကြီး၊ ဒရုန်းတွေ တောက်လျှောက် ကျနေခဲ့တာ။ မိုးဗြဲဘက်မှာ တိုက်ပွဲတွေ ရှိနေတော့ အစိုးရတပ်က ဒီနားပတ်ဝန်းကျင်ကို ပစ်ခတ်တာတွေ ဆက်တိုက် လုပ်နေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ လီဝိုးကျေးရွာမှာ ဒရုန်းကျရောက်မှုကြောင့် တယောက် ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဧပြီ ၂၃ ရက်နေ့ကလည်း အဲဒီ ကျေးရွာမှာပဲ လက်နက်ကြီး ကျရောက်မှုကြောင့် တယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိ မိုးဗြဲမြို့အနီးတဝိုက်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Photo – CJ
