မန္တလေး၊ မေ- ၄- ၂၀၂၆
SA(VOM)
မြန်မာနိုင်ငံမှာ အခကြေးငွေမတတ်နိုင်တဲ့ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အခမဲ့ကုသမှုပေးနေတဲ့ ကျောက်ကပ်ဆေးပေးနေတဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ဖောင်ဒေးရှင်းတွေအတွက် ကျောက်ကပ် ဆေးတဲ့ စက်ပစ္စည်း ဝယ်ယူရတာ ခက်ခဲတာတွေနဲ့ ဆေးဝါးပြတ်တောက်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အခက်အခဲဖြစ်ပေါ်နေတာကြောင့် အခဲ့ကူညီမယ့်သူတွေ များများလိုအပ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာအကြီးဆုံးနဲ့ အများဆုံးဖြစ်တဲ့ မန္တလေးမြို့က ဗြဟ္မစိုရ်အသင်း ကျောက်ကပ် သွေးသန့်စင်ခြင်းစင်တာမှာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အခမဲ့ကုသပေးနေတဲ့ ကျောက်ကပ်ဆေးတဲ့စက် ၅၁ လုံးရှိပြီး စက် ၃၂ လုံးနဲ့ တနေ့ကို ကျောက်ကပ်ဝေဒနာရှင် ၆၄ ယောက် တပတ်ကို ၅ ရက် ကုသမှု ပေးနေတယ်လို့ သိရပါတယ်။
မန္တလေးမြို့က ဗြဟ္မစိုရ်အသင်း ကျောက်ကပ် သွေးသန့် စင်ခြင်းစင်တာမှာ တနင်္လာနေ့နဲ့ သောကြာနေ့ကလွဲရင် တရက်ကို ကျောက်ကပ် ဝေဒနာရှင် ၆၄ ယောက် မနက်ပိုင်းကို ၃၂ ယောက် နေ့လယ်ပိုင်းကို ၃၂ ယောက် နှစ်ဆိုင်းခွဲပြီး ကျောက်ကပ်ဆေးပေးနေတယ်လို့ သိရပါတယ်။ ကျောက်ကပ်ဝေဒနာရှင်တဦီး ကျောက်ကပ်ဆေးတာ ကြာမြင့် ချိန် လေးနာရီ အချိန်ပေးရတယ်လို့ သိရပါတယ်။
“ ဆရာမတို့က တကယ်က စက် ၅၁ လုံး ရှိပေမယ့် စက် ၃၂ လုံးဆေးတဲ့ သဘောပေါ့ မနက်ပိုင်းနဲ့ ညနေပိုင်း ၆၄ ယောက်ဆေးတာပေါ့ ကျောက်ကပ်ဆေးရင်းနဲ့ စက်ပျက်လို့ရှိရင် လူနာကို ရပ်ပစ် လို့မရတော့ စပယ်ယာစက်တွေက ထားရတယ်လေ၊ ဆေးရင်းနဲ့ စက်ပျက်သွားရင် နောက်ထပ်တလုံး အစားထိုးလဲပေးရတာပေါ့၊ ကျောက်ကပ်ဆေးခဲ့တာတော့ ၂၀၁၅ ကတည်းက စတင်ဆေးပေးခဲ့တာပါ” လို့ မန္တလေးမြို့က ဗြဟ္မစိုရ်အသင်း ကျောက်ကပ်တု သွေးသန့်စင်ခြင်းစင်တာ ဥက္ကဋ္ဌ ဒေါက်တာငြိမ်းငြိမ်း က VOM ကိုပြောပါတယ်။
ကျောက်ကပ်ဝေဒနာရှင် တဦးကို ပုဂ္ဂလိက ဆေးရုံတွေမှာ ကျောက်ကပ်ဆေးတဲ့ ကုန်ကျငွေ ၁ သိန်းခွဲ ဝန်ကျင်ကနေ ဆေးရုံအမျိုးအစားနဲ့ ဝန်ဆောင်မှုတွေအပေါ်မူတည်ပြီး ကုန်ကျမှုအစားစားရှိတယ်လို့ သိရပါတယ်။
“ အပြင်မှာက တပတ်ကို နှစ်ခါ သုံးခါဆေးကြရတာလေ မတတ်နိုင်လို့ ဆရာမတို့ဆီကို လာဆေးကြ တာလေ၊ နောက်တခုက အပြင်မှာ စက်လည်းအဲ့ဒီလောက်မများဘူးပေါ့၊ အရင်ကဆို ဆေးရုံကြီး မှာတောင်အရေးပေါ်ပဲဆေးပေးတာ ဒီလိုပုံမှန်ဆေးတာတွေ ဆေးမပေးဘူး၊ အဲ့တော့ အပြင်ပုဂ္ဂလိက ဆေးရုံတွေ ဆေးခန်းတွေကြတော့ ၁ သိန်းခွဲ ၂ သိန်းပေးရတယ် တခါဆေးရင်၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဆေးဝါးပစ္စည်းတွေ ပျက်တာတွေဖြစ်တယ်လေ၊ ဆရာမတို့ဆို သုံးလစာ ခြောက်လစာအတွက် ကြိုဝယ်ထားရတယ် သိန်းထောင်ချီပြီးအဲ့လိုဝယ်ရတာ အဲ့ဒီကြားထဲကကိုပြတ်သေးတာ၊ ပြတ်တော့ ဆရာမတို့ သုံးပတ်လောက် ပစ္စည်းပြတ်တော့ အဲ့ဒါကို ကျန်းမာရေးဝန်ကြီးဌာနက သိသွားပြီးတော့မှ မန္တလေးဆေးရုံကြီးကို ဆင်းပြီးတော့ အရေးပေါ်တွေတင်မကဘူး ပုံမှန်တွေကိုလည်း ဆေးပေးရ မယ်ဆိုပြီးတော့ မနက် ၁၀ ယောက် နေ့လယ် ၁၀ ယောက် အခုမှ ဆေးရုံကြီးက ဆေးပေးတာ၊ အခုတော့ ကမ္ဘောဇကလည်း စက်အလုံး ၂၀ နဲ့ဆေးပေးမယ်လို့ ကြေငြာလိုက်ပေမယ့် စက်ပစ္စည်းကဝယ်မရဘူး စက်က ၄ လုံးပဲရှိတော့ ခုလည်း အဲ့ဒီ ၄ လုံးနဲ့ ဆေးပေးနေရတာ” လို့ ဥက္ကဋ္ဌ ဒေါက်တာငြိမ်းငြိမ်း က VOM ကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ရှိတဲ့ ကျောက်ကပ်ဆေးတဲ့ စက်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီတွေက အဆင်မပြေတော့ ပြန်လည်ထွက်ခွာ သွားပြီး ကျန်ရှိနေတဲ့ တရုတ်ကုမ္ပဏီတွေကလည်း စက်ပစ္စည်းမှာရင် ၆ လကနေ ၈ လအထိစောင့်ဆိုင်းရတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
“ စက်ပစ္စည်းတွေက ၂၀၁၅ ကတည်းကဆိုတော့ ပျက်စပြုပြီး ယိုယွင်းလာပြီ၊ ယိုယွင်းလာတော့ ပြင်ဖို့အတွက် ကိုယ်ဝယ်ထားတဲ့ ကုမ္ပဏီကြီးတွေက ထွက်သွားပြီ၊ ထွက်သွားတော့ စပယ်ယာပတ်လည်းမရှိ စက်အသစ်ကလည်း ဝယ်ဖို့အခက်အခဲဖြစ်နေတာ” လို့ ဒေါက်တာငြိမ်းငြိမ်း က VOM ကိုပြောပါတယ်။
မန္တလေးမြို့မှာ ကျောက်ကပ်ဆေးတာ အခမဲ့ကုသပေးနေတဲ့ KBZ CENTER MANDALAY မှာဆိုရင် လတ်တလောမှာ ကျောက်ကပ်ဆေးတဲ့စက် ၄ လုံးနဲ့ တနင်္လာ ကနေ စနေနေ့အထိ တရက်ကိုကျောက်ကပ် ဝေဒနာရှင် ၈ ယောက်ကိုကျောက်ကပ်ဆေးပေးနေတယ်လို့ သိရပါတယ်။
နောက်ထပ် ကျောက်ကပ်ဆေးတဲ့ စက် ၁၆ လုံးတိုးချဲ့တပ်ဆင်ထားပြီး တပတ်ကို လူနာ ၁၂၀ အထိကုသနိုင်မှာ ဖြစ်သလို ဒီကနေ့ မေလ ၄ ရက်နေ့ကစတင်ကာ မေလ ၆ ရက်နေ့အထိ ရုံးချိန် ၉ နာရီကနေ ညနေ ၄ နာရီအချိန်အတွင်း KBZ CENTER MANDALAYမှာ ကျောက်ကပ်ဆေးဖို့အတွက် လူနာကိုယ်တိုင်ဖြစ် စေ၊ မိသားစုဝင်တဦးဦးက ဖြစ်စေ လူနာရဲ့ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူတို့ကိုယူလာပြီး လျှောက်လွှာတွေ လာရောက်ထုတ်ယူနိုင်တယ်လို့ KBZ CENTER MANDALAY ကနေ သိရပါတယ်။
KBZ CENTER MANDALAY မှာ ကျောက်ကပ်ဆေးမယ့်သူတွေအနေနဲ့ အကြောမွေး ထားပြီးတဲ့လက်နဲ့ ကျောက်ကပ်သွေးသန့်စင်ခြင်း သုံးလနဲ့အထက်ပြုလုပ်ထားကာ ဘီပိုး၊ စီပိုး မရှိတဲ့လူနာတွေဖြစ်ရမယ်လို့ သိရပါတယ်။
အဲ့ဒီလျှောက်လွှာတွေကို မေလ မေလ ၁၈၊ ၁၉၊ ၂၀ ရက်တို့မှာ ပြန်လည်လက်ခံသွားမှာဖြစ်ပြီး စိစစ်ရွေးချယ်ခံရတဲ့ လူနာတွေကို အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသခွင့်ရရှိသူတွေကို ပြန်လည်ဆက်သွယ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ ကျောက်ကပ်ဆေးတဲ့အခါမှာ အသုံးပြုရတဲ့ ဆေးဝါး သတင်းပတ် ၃ ပတ် ပြတ်တောက်ခဲ့တာကြောင့် မန္တလေးမြို့က ကျောက်ကပ်ဝေဒနာရှင် ၂၅ ဦးဝန်းကျင် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် မန္တလေးဆေးရုံကြီး၊ မြင့်မြတ်ဖြူစင်အသင်း၊ ခေတ်မြတ်နိုး၊ ဆူးဖြူကုန်းဘုန်းကြီးကျောင်း၊ ကန်တော်ကြီး ဇိဝိတဒါန သံဃာ့ဆေးရုံကြီး နဲ့ KBZ CENTER MANDALAY တို့မှာ အခမဲ့ ကျောက်ကပ်တု သွေးသန့်စင်ခြင်းတွေကို ဆောင်ရွက်ပေးနေသလို ဗြဟ္မစိုရ်အသင်း ကျောက်ကပ် သွေးသန့်စင်ခြင်းစင်တာမှာလည်း ကုသနိုင်တယ်လို့ သိရပါတယ်။
