ရွှေဝယ်ယူမှုအပေါ် အခွန်ကောက်ခံမှု လျှော့ချပေးစေလို

မေ ၂၁ – ၂၀၂၆
SS (VOM)
ရွှေစင်၊ ရွှေတုံးနဲ့ ရွှေထည်တွေ ဝယ်ယူမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) အဖြစ် ၃ ရာခိုင်နှုန်း ကောက်ခံနေမှုကို လျှော့ချပေးစေလိုတယ်လို့ ရွှေဝယ်သူတွေက ပြောပါတယ်။
အရင်က ရွှေအတုံးအခဲတွေအတွက် အခွန်ကောက်ခံမှု မရှိခဲ့ဘဲ ရွှေထည်တွေအတွက်သာ ၁ ရာခိုင်နှုန်း ကောက်ခံခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ အခွန်အကောက်ဥပဒေ ပြင်ဆင်ချက်အရ ရွှေစင်၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေနဲ့ ရွှေထည်လက်ဝတ်ရတနာ အားလုံးအတွက် ၃ ရာခိုင်နှုန်း အခွန်တိုးမြှင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
“ရွှေအတွက် ကောက်နေတဲ့အခွန်တွေက အရမ်းများတယ်။ နိုင်ငံတကာမှာလည်း မရှိဘူးလေ။ ရွှေကို ၃ နာရခိုင်နှုန်း၊ ကျောက်မျက်ရတနာကို ၅ ရာခိုင်းနှုန်း သတ်မှတ်ထားတာ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတောင် ဒီလို အခွန်ကောက်တာ မရှိဘူး။ ဒီ ဆင်းရဲသားတိုင်းပြည်မှာမှ ပြည်သူတွေဆီကနေ အခုလိုတွေ အခွန်ကောက်ခိုင်းနေတာ လုံးဝ မဖြစ်သင့်ဘူး” လို့ ရွှေဝယ်ယူ စုဆောင်းသူတယောက်က ပြောပါတယ်။
ဒါအပြင် ပြည်သူတယောက်ကလည်း လက်ရှိ ရွှေထည်တွေ ဝယ်ယူရာမှာ ကျသင့်ငွေရဲ့ ၃ ရာခိုင်နှုန်းအခွန်အပြင် အလျော့တွက်/လက်ခကိုပါ ပူးတွဲ ပေးချေရတာကြောင့် ဝယ်သူတွေအနေနဲ့ ရွှေရဲ့မူရင်းတန်ဖိုးထက် အများအပြား ပိုမိုပေးဝယ်နေရတယ်လို့ ပြောပါတယ်။
“အခုက ဘယ်လိုဖြစ်နေလဲဆို ပြန်ရောင်းတဲ့နေရာမှာ ဆုံးရှုံးမှုတွေ ပိုများလာတာပဲ။ ဝယ်တုန်းက အခွန်ရော၊ အလျော့တွက်၊ လက်ခတွေရော အကုန်မတန်တဆ ပေးခဲ့ရတာဆိုတော့ ပြန်ရောင်းတဲ့အချိန်ကျ ဘာအမြတ်အစွန်းမှ မရတော့ဘူး။ ရွှေဆိုင်တွေက ပြန်ဝယ်တဲ့အခါကျရင် အလျော့တွက်/လက်ခကို နုတ်ယူပြီးမှ ဝယ်လေ့ရှိတာ။ အတိုးအလျှော့ များရင်များသလို ဝယ်သူတွေ နစ်နာတယ်” လို့ သူက ပြောပါတယ်။
အခုလို အခွန်နှုန်းထား တိုးမြှင့် ကောက်ခံနေခြင်းက ဝယ်သူတွေအတွက် ကုန်ကျမှုတွေ ပိုလာသလို၊ တရားဝင်အခွန် ပေးဆောင်ရမှု ရှောင်ရှားနိုင်ဖို့အတွက် မှောင်ခိုဈေးကွက် ပိုမိုအားကောင်းလာစေဖို့ တွန်းအားဖြစ်စေတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
“ရွှေတပိုင်းဝယ်ရင် သိန်း ၃၀ အခွန်ဆောင်ဆို ဘယ်သူက ဆောင်ချင်မှာတုန်း။ ရွှေဆိုင်တဆိုင်တောင် ရွှေတပိုင်းရောင်းလို့ သုံးသိန်း မမြတ်တဲ့ဟာကို သူက သိန်း ၃၀ ကြားကဖြတ်ယူနေရင် ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ အများအားဖြင့် ရွှေစု၊ ငွေစုတယ် ဆိုတာကလည်း ဆင်းရဲသား၊ သာမန်ပြည်သူတွေများတယ်။ အဲဒီအပေါ်မှာ အခွန်မတန်တဆကြီး ကောက်နေတာ မကောင်းဘူး။ ဒါကြောင့် ပြည်သူတွေ နစ်နာမှုမရှိအောင်၊ ပွင့်လင်းမြင်သာမှု ဖြစ်လာအောင် ဖြေလျော့ပေးဖို့လိုတယ်။ အခုက ဆိုင်တွေ နစ်နာနေတာမဟုတ်ဘူး။ ပြည်သူတွေပဲ နစ်နာနေတာ။ သူတို့က မှောင်ခိုဈေးလို လုပ်ပေးထားတော့ မသမာတဲ့ဆိုင်တွေက ကလိမ်ကကျစ် လုပ်လို့ရနေတာ။ ခုနောက်ပိုင်း လမ်းဘေးရွှေဆိုင်လေးတွေ ပေါလာတာပဲကြည့်။ အဲဒါ သူတို့ရဲ့ မမှန်ကန်တဲ့ မူဝါဒကြောင့် လုပ်စားခွင့်ရနေ‌ကြတာ” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
၂၀၂၄ ခုနှစ် “ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ” ကို ပြင်ဆင်တဲ့ဥပဒေအရ ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေ) နဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက် တန်ဖိုးအပေါ်လည်းကောင်း ၃ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမယ်လို့ ထည့်သွင်းထားပါတယ်။
ဒါအပြင် ရွှေစင်၊ ရွှေတုံးတွေ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးတွေ) နဲ့ ရွှေထည်လက်ဝတ်ရတနာတွေကို ပြည်တွင်းမှာ ဝယ်ယူစဉ် (ဒါမှမဟုတ်) ပြည်ပမှ တင်သွင်းစဉ်က ပေးဆောင်ခဲ့ရတဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်းမှာ ရောင်းချစဉ် (ဒါမှမဟုတ်) ပြည်ပကို တင်ပို့စဉ် ပေးဆောင်ရတဲ့ ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရလို့လည်း ဥပဒေအသစ်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW