ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ

မေ ၃၀ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် (စနဲမြို့အပါအဝင်) နဲ့ စစ်တွေမြို့နယ် အနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ဖြူနဲ့ စနဲမြို့အနီးမှာ အခု မေလအတွင်း AA ရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ အထူးပြင်းထန်လျက်ရှိပြီး အစိုးရတပ်က လေကြောင်း၊ ရေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတဲ့အတွက် ဒေသခံ ငါးသောင်းဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စနဲမြို့နဲ့ ၇ မိုင်ကျော် အကွာမှာရှိတဲ့ ကုလားမကျွန်းနဲ့ ဖရုံကျွန်းမှာ အခြေစိုက်ထားတဲ့ အစိုးရတပ်ရဲ့ ရေတပ် စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေသလို လေကြောင်းကနေလည်း အဆက်မပြတ် ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် အစိုးရတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ရာ စစ်တွေမြို့ရဲ့ အနီးတဝိုက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး AA က မြို့ကို ပိတ်ဆို့ထားကာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိ စစ်တွေမြို့မှာ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ကုန်းလမ်းရော၊ ရေလမ်းပါ ပိတ်ဆို့ခံထားရတဲ့ အနေအထားမျိုးမှာ ရှိနေပြီး အစိုးရတပ်မှ မြို့အတွင်း ရေကြောင်းမှ အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေ မြို့ထဲအထိ ကူးစက်လာမှာကို စိုးရိမ် ထိတ်လန့်နေကြရတယ်လို့ သူက ပြောပါတယ်။
“ရခိုင်ပြည် စစ်ရေးအခြေအနေက ကျောက်ဖြူ၊ စနဲဘက်မှာ တိုက်ပွဲရှိတယ်။ စစ်တွေဆိုလည်း တိုက်ပွဲက မြို့ပေါ်မရောက်သေးပေမယ့် မြို့ရဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေတာတွေရှိတယ်။ အခုဆို တိုက်ပွဲမဖြစ်သေးတာဆိုလို့ ရခိုင်မှာ မာန်အောင်မြို့ တမြို့ပဲ ကျန်မယ်။ ဒါပေမယ့် မာန်အောင်မှာလည်း စစ်ရဲ့အရိပ်အယောင်တွေ တွေ့လာရပြီလို့ မြို့ခံတွေကပြောတယ်။ တိုက်ပွဲအတွက် ပြင်ဆင်မှုတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီပြောကြတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ AA က မနေ့ မေ ၂၉ ရက်၊ ည ၁၁ နာရီ ၁၆ မိနစ်ဝန်းကျင်က ကြေညာချက်တစောင် ထုတ်ပြန်ထားတာမှာ လက်ရှိမှာ ၎င်းတို့အနေနဲ့ ရခိုင်တပြည်လုံးနီးပါး သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပြီး ရာနှုန်းပြည့်အောင်မြင်ဖို့ လက်တကမ်းသာ လိုတော့တယ်လို့ အသိပေးထားပါတယ်။
AA အနေနဲ့ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့အပြင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ကိုပါ သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် အစရှိတဲ့ မြို့ သုံးမြို့သာ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်အတွင်းမှာ မာန်အောင်မြို့ တမြို့သာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျန်ရှိနေတာဖြစ်ပေမယ့် စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အစိုးရတပ်က မြို့ပေါ်ရှိ အထင်ကရနေရာတွေနဲ့ စမုံတဲလေဆိပ်တို့မှာ စစ်အင်အားတိုးချဲ့ကာ နေရာယူထားတဲ့အပြင် ရေကြောင်းကနေ စစ်သင်္ဘောတွေနဲ့ ကင်းလှည့်ခြင်း၊ လေကြောင်း ကင်းထောက်ခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW