နမ့်ခမ်းမှာ ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရသူများ

မေ ၃၁၊ ၂၀၂၆
Shy V (VOM)
TNLA ထိန်းချုပ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒီနေ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ယမ်းပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုနဲ့ ဒဏ်ရာရှိသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ယမ်းပေါက်ကွဲတာတဲ့။ သေတာ သုံးယောက်ပဲ သိသေးတယ်။ ဒဏ်ရာရတာ ဆယ်ယောက်မကဘူး။ အိမ်ကလည်း လေး၊ ငါးဆယ် ထိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နမ့်ခမ်းမြို့ ကောင်းတပ် အပေါ်ရွာ ဘော်လုံးကွင်းနားက ယမ်းစက်ရုံ ပေါက်ကွဲသွားတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က နေအိမ်တွေ ပြာကျသွားတယ်လို့ သူက ပြောပါတယ်။
“ဘော်လုံးကန်နေတဲ့ တယောက်တော့ ကိုယ်တပိုင်းပဲ တွေ့တယ်။ အလောင်းတွေတော့ အကုန်ရှာမတွေ့သေးဘူး။ သုံးယောက်ပဲ သိသေးတယ်။ အိမ်တွေကတော့ ထိတာ များမှာ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာန ကတော့ နမ့်ခမ်းမြို့နယ်၊ ကောင်တပ်ကျေးရွာအနီးမှာ ဒီနေ့ မေလ ၃၁ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်ကြရန်နဲ့ လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်များကို မျှဝေခြင်း မပြုကြဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ကြရန်လည်း အသိပေး ဖော်ပြထားပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW