မေ ၃၁၊ ၂၀၂၆
Shy V (VOM)
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက အသက်မပြည့်သေးတဲ့ ကျောင်းသူတယောက် မေလ ၂၈ ရက်နေ့က စုဆောင်းရေးဆွဲခံရပြီး နှိပ်စက်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ်။ အိမ်နားက ကလေးပါ။ စုဆောင်းရေး ဆွဲခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လွတ်မြောက်လာတယ်လို့ ကြားတယ်။ တကယ်စိတ်မကောင်းဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
၉ တန်းအောင်ထားပြီး ၁၀ တန်းတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူတယောက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ သူငယ်ချင်းက မုန့်သွားစားဖို့ခေါ်လို့ ဆိုပြီး အိမ်က ထွက်သွားတဲ့နောက် ည ၈ နာရီလောက်မှ ငိုယို၊ ကြောက်လန့်နေတဲ့ အခြေအနေနဲ့ အိမ်ပြန်ရောက်လာတာလို့ မိသားစုဝင် တယောက်က ပြောပါတယ်။
“ကျနော့်ညီမလေး အခုဆို ယောကျ်ားအသံကြားတာနဲ့ တုန်နေပြီဗျ။ အော်နေပြီ။ ကျနော်တောင် အသံပေးလို့ မရဘူး။ ဘာတွေများ လုပ်ခဲ့ကြလဲ မသိဘူး။ လူမဆန်ကြဘူးဗျာ။ စိတ်ဒဏ်ရာရပြီး ပုံမှန်အခြေအနေ ပြန်ဖြစ်မလာမှာ အရမ်းစိုးရိမ်တယ်ဗျာ။” လို့ သူက ပြောပါတယ်။
ကားအမည်းတစီးနဲ့ Mask တပ်ထားတဲ့ လူနှစ်ယောက်က စုဆောင်းရေးလို့ပြောပြီး ကားပေါ်ဆွဲတင်သွားကာ မျက်နှာကို အဝတ်နဲ့အုပ်ပြီး ကြိုးတုပ်တယ်လို့ ကာယကံရှင်က မိသားစုဝင်တွေကို ပြောပြတယ်လို့ သိရပါတယ်။ ညပိုင်းရောက်တော့ အဲဒီမိန်းကလေးကို ကားထဲ တံခါးပိတ်ပြီးထားခဲ့ကာ အဲဒီလူတွေက ဘီယာသွားသောက်နေခဲ့ချိန် ထွက်ပြေးလာတာလို့ ဆိုပါတယ်။
“အိမ်ပြန်ရောက်လာချိန်မှာ လက်၊ ခြေထောက်၊ ရင်ညွှန့်၊ ဗိုက်နဲ့ မျက်နှာတွေမှာ ခြစ်ရှဒဏ်ရာတွေ၊ ဖူးယောင်ဒဏ်ရာတွေ တွေ့ရတယ်” လို့ မိသားစုနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
မိခင်က ဒဏ်ရာတွေကို ဆေးကြောပေးပြီး အိပ်ခိုင်းထားပေမယ့် တညလုံး ယောင်ယမ်းအော်ဟစ်နေကာ လက်ရှိထိ ယောကျ်ားအသံကြားရင် တုန်နေတဲ့အပြင် အစ်ကိုအရင်းရဲ့ အသံကြားရင်တောင် ကြောက်နေပြီး စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဲဒီ ကလေးမကို ဆေးရုံတင်ထားရပြီး ဆေးကုသပေးနေတဲ့ ဆရာဝန်တွေက အဓ္ဓမ ပြုကျင့်ခံခဲ့ရတာ ရှိ/မရှိ စစ်ဆေးဖို့ ခက်ခဲနေတယ်၊ ပစ္စည်းစုံတဲ့ ဆေးရုံမှာ စစ်ဆေးရမယ်၊ အရေးပေါ် ပြဿနာတွေ ထပ်မဖြစ်စေဖို့အတွက်သာ တားဆေး လိုရမယ်ရ ထိုးထားပေးထားတယ်လို့ လူနာရှင်ကို အသိပေးထားတယ် လို့ အကူညီ ပေးနေတဲ့ ဒေသခံအမျိုးသား တယောက်ကလည်း ပြောပါတယ်။
“မဖြစ်သင့်ဘူး။ တကယ် စုဆောင်းရေးကြောင့် ဖြစ်တာဆိုရင်လည်း တာဝန်ခံရမယ်။ စုဆောင်းရေးနာမည် အသုံးချပြီး တခြားသူတွေ ကျူးလွန်တာဆိုရင်လည်း ဖော်ထုတ်ရမယ်။ ကျနော်တို့ လုံးဝ မကျေနပ်ဘူး။ တရားမျှတမှုလိုချင်တယ်” လို့ သူက ပြောပါတယ်။
K-PDF ရဲဘော်တယောက်ကတော့ စုဆောင်းရေးအတွက် မိန်းကလေးတွေကို ခေါ်ဆောင်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။
“စုဆောင်းရေးဆွဲတဲ့ကောင်တွေက မိန်းကလေးက ဘာလုပ်မှာလဲ၊ လက်ရှိကို မိန်းကလေးရဲမေတွေ နေရာချထားဖို့ အခက်အခဲဖြစ်နေတာ။ ဘယ်မှ ထားမရဘူး” လို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဖားကန့်ဒေသမှာ စုဆောင်းရေးဆွဲခံရတယ်ဆိုတဲ့ တိုင်ကြားမှုတွေ မကြာခဏ ထွက်ပေါ်နေပြီး၊ ဒီနှစ်သင်္ကြန်ကာလအတွင်းမှာလည်း အသက်မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို အတင်းခေါ်ဆောင်သွားခဲ့ရာ မိဘတွေနဲ့ နီးစပ်သူတွေက ကြားဝင်တောင်းဆိုပြီး ပြန်ခေါ်ယူခဲ့ရတဲ့ ဖြစ်စဉ်တခု ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေလ ၂၃ ရက်နေ့ကလည်း ဆိပ်မူကျေးရွာက ရှမ်းကျောင်းသုံးထပ်ဆောင်မှာ အလုပ်လုပ်နေတဲ့ ဆေးသုတ်သမားတွေကို စုဆောင်းရေးဝင်ဆွဲတယ်ဆိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အသက်မပြည့်သေးတဲ့ ကျောင်းသူရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ အနေနဲ့ သေသေချာချာ စုံစမ်းဖော်ထုတ် စစ်ဆေးပေးဖို့နဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ ဒေသတွင်း တော်လှန်ရေးအင်အားစုဝင်တွေ အပါအဝင် မိသားစုဝင်တွေနဲ့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
ဖားကန့်၊ ဆိပ်မူကျေးရွာအုပ်စုမှာ KIA တပ်မဟာ ၉ လက်အောက်ခံ၊ တပ်ရင်း ၂၆ နဲ့ တပ်ရင်း ၃၁ က စုဆောင်းရေးဆွဲနေတာဖြစ်ပါတယ်။
Photo Crd#
