ဇွန် ၂ ၊ ၂၀၂၆
GG (VOM)
ကဗျာဆရာ ၊ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ဒီကနေ့ ဇွန် ၂ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက သိရပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးက ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး စျာပနအခမ်းအနားကို ဒီနေ့ နေ့လယ်ပိုင်းကပဲ ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” ဆုံးတာတော့ ဒီနေ့မနက်အစောပိုင်းကလို့ သိရတယ်။အသည်းရောဂါနဲ့ပါပဲ ။ ဒီနေ့ ချက်ခြင်းသဂြိုလ်လိုက်ပြီ။ ကဗျာဆရာ တချို့လိုက်ပို့ကြတယ် ။မိသားစုဆန္ဒအရ အကျဥ်းချုံးလုပ်လိုက်တယ်သိရပါတယ်။ “လို့ ရုပ်ရှင်ထုတ်လုပ်ရေးအသိုင်းဝိုင်းက တယောက်က ပြောပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါခံစားနေရပြီး ခန္ဓာကိုယ်တခုလုံးမှာလည်း ကင်ဆာဆဲလ်များ ပျံ့နှံ့နေကြောင်းကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးတာမျိုးရှိခဲ့ပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ ခုနှစ် နိုဝင်ဘာကတည်းက အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့တယ်လို့လည်းသိရပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်း အတတ် ပညာကို လူငယ်တွေဆီ အခမဲ့ သင်ကြားပေးခဲ့တဲ့အပြင် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၃ ခုနှစ် ရန်ကုန်မြို့မှာစတင် ကျင်းပခဲ့သူဖြစ်ပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်တဲ့အပေါ် ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့မနီလာသိန်းက “နောက်ဆုံးအချိန်အထိယုံကြည်ရာကို သစ္စာမဖောက်ခဲ့သူ။သိက္ခာကိုရိက္ခာနဲ့ မလဲခဲ့သူ။အေးချမ်းရာမှာ ငြိမ်းချမ်းပါစေ။ကြေကွဲဝမ်းနည်းစွာ”လို့ ရေးသားပြောဆိုထားပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဒါအပြင် ၂၀၂၁ ခုနှစ်ှာလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – သစ္စာနီ
