KKA(VOM)
“တချို့ မြို့တွေမှာတော့ ခေတ်မီရထားသစ်ကြီးတွေနဲ့ အဆင်ပြေပြေ သွားလာနေကြပြီ။ ဝမ်းသာရ၊ အားကျရ၊ ကျွန်ေတာ်တို့မှာေတာ့ စစ်ဒဏ်ေတွေကြာင့် ရထားလမ်းနဲ့ဘူတာကိုငေးနေရတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းကြီးမှာ ရထားအသံ ပျောက်ဆုံးနေတာ အခုဆိုရင် (၆) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။”
ဒါကတော့ ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကို နှစ်ရှည်လများ ခါးစည်းခံနေရတဲ့ ဒေသခံ ပြည်သူတစ်ဦးရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ညည်းတွားလိုက်တဲ့ စကားသံပဲ ဖြစ်ပါတယ်။
တကယ်တော့ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းဟာ ကချင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဓိက အသက်သွေးကြော လမ်းမကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိခြင်း၊ လမ်းပိုင်းဆိုင်ရာ ခရီးသည်လုံခြုံရေး အခြေအနေများနှင့် နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲေတွကြောင့် အဲဒီ လမ်းပိုင်းမှာ ရထားခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရတာ အခုဆိုလျှင် (၆) နှစ်နီးပါး ကာလတိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီ (၆) နှစ်တာ ကာလအတွင်းမှာ ရထားခရီးစဉ်တွေ ရပ်နားသွားရုံတင်မကဘဲ ပြင်းထန်လှတဲ့ စစ်မီးဒဏ်ကြောင့် မီးရထားပိုင် နယ်မြေနဲ့ အဆောက်အအုံတွေဟာလည်း ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လမ်းပိုင်းတစ်လျှောက်က ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုတွေ၊ တိုက်ပွဲတွေကြောင့် သမိုင်းဝင် ဘူတာရုံ အဆောက်အအုံတချို့ဟာ ဖျက်ဆီးခံခဲ့ရပြီး ပြာပုံအတိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရထားလမ်းပိုင်း လုံခြုံရေး ကင်းမဲ့နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လောဘသားအချို့နဲ့ လက်နက်ကိုင် အဖွဲ့အစည်းအချို့က နိုင်ငံပိုင် ပစ္စည်းဖြစ်တဲ့ ရထားသံလမ်းတွေကို ဖြုတ်ယူတာ၊ ဇလီဖားတုံးတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ကြလို့ အသက်သွေးကြော သံလမ်းပိုင်းေတွဟာ နေရာအနှံ့အပြားမှာ ပြတ်တောက် ပျက်စီးနေခဲ့ပါပြီ။
ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ ဘူတာအသီးသီးမှာ သောင်တင်ရပ်နားထားခဲ့ရတဲ့ ရထားတွဲဆိုင်းကြီးတွေပါပဲ။ စစ်ပွဲကာလအတွင်း စောင့်ရှောက်မယ့်သူ မရှိဘဲ ပစ်ထားခဲ့ရတဲ့ အဆိုပါ တန်ဖိုးရှိလှတဲ့ ရထားတွဲတွေဟာလည်း မီးရှို့ဖျက်ဆီးခံရတာ၊ အတွင်းပစ္စည်းတွေ ဖျက်ဆီး ခိုးယူခံရတာတွေကြောင့် အခုအခါ အပျက်အဆီးတွေဖြစ်ကာ သုသာန်တစပြင်လို မြင်မကောင်းအောင် ပျက်စီးဆုံးရှုံးနေခဲ့ရပြီ ဖြစ်ပါတယ်။
ရန်ကုန်-မန္တလေး လမ်းပိုင်းနဲ့ အခြားဒေသအချို့မှာ ခေတ်မီအဆင့်မြင့် DEMU (Diesel Electric Multiple Unit) ရထားသစ်ကြီးတွေ ပြေးဆွဲပေးနေပြီး သွားလာရေး အဆင်ပြေချောမွေ့နေကြတာကို တွေ့ရတဲ့အခါ ကချင်ပြည်နယ်သားတွေရဲ့ ရင်ထဲမှာ အားကျစိတ်နဲ့အတူ ကိုယ့်ဒေသအတွက် ဝမ်းနည်းစိတ်က ဒွန်တွဲနေတတ်ကြပါတယ်။
“ကျွန်တော်တို့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေအနေနဲ့ အဲဒီလို ခေတ်မီအဆင့်မြင့် DEMU ရထားကြီးတွေအထိ အကောင်းစားကြီးတွေ ချက်ချင်းမမျှော်လင့်ရဲသေးပါဘူး။ အရင်က ပုံမှန်ပြေးဆွဲပေးခဲ့ဖူးတဲ့ တရုတ်တွဲဆိုင်းရထားလေးတွေနဲ့ပဲဖြစ်ဖြစ် ကချင်ပြည်နယ်အတွင်း ရထားပြန်လည်ပြေးဆွဲပေးနိုင်ရင်ကိုပဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ အခြေခံလူတန်းစား ပြည်သူတွေရဲ့ သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် အတိုင်းထက်အလွန် အဆင်ပြေလှပါပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါဟာ သူတို့ရဲ့ အိမ်မက်ပါ။ ဒီအိမ်မက်ဟာ ဘူတာတွေ၊ သံလမ်းတွေနဲ့ တွဲဆိုင်းတွေပါ ပျက်စီးဆုံးရှုံးနေရတဲ့ လတ်တလော အခြေအနေတွေအရ ဖြစ်နိုင်ခြေက အလွန်နည်းပါးပါသေးတယ်။ ဒေသခံတွေ မျှော်လင့်တဲ့အတိုင်း တစ်နေ့ဖြစ်လာလိမ့်မယ်လို့ ဆိုချင်ပါတယ်။ တစ်နေ့နေ့တော့ ရထားသံလမ်းတလျှောက် ဘူတာတွေ ပြန်လည်စည်ကားပြီး ကုန်စည်စီးဆင်းမှုတွေ အရင်တိုင်းဖြစ်လာလိုက်တာနဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးလည်း ချောင်လည်လာပါလိမ့်မယ်။
ရထားလမ်းခရီးစဉ် ရပ်ဆိုင်းသွားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို အခြေခံလူတန်းစား ပြည်သူတွေ အဆိုးရွားဆုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကချင်ပြည်နယ်အတွင်း သွားလာရေးအတွက် မော်တော်ကားလမ်းကိုသာ အဓိက အားထားနေရပြီး စက်သုံးဆီဈေးနှုန်း မြင့်မားမှု၊ လမ်းခရီး ကြန့်ကြာမှုေတွနဲ့ လမ်းခရီး လုံခြုံရေး စိုးရိမ်ရမှုေတွကြောင့် သွားလာရေးစရိတ်ဟာ အရင်ကထက် ဆယ်ဆမက ကြီးမြင့်နေပါတယ်။
စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ အခြေခံစားသောက်ကုန်တွေကို ဈေးနှုန်းသက်သာစွာနဲ့ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ မီးရထားလမ်း မရှိတော့တဲ့အတွက် ဒေသတွင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကိုလည်း ခံစားနေကြရပါတယ်။
မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင် စတဲ့ ရထားလမ်းဘေးတစ်လျှောက်က မြို့ရွာတွေဟာ ရထားကိုပဲ အဓိက အမှီပြုပြီး စီးပွားရှာခဲ့ကြရတာပါ။ ရထားရပ်ဆိုင်းသွားတဲ့ (၆) နှစ်တာအတွင်းမှာ ဒေသခံတွေရဲ့ လက်လုပ်လက်စား စီးပွားရေးတွေလည်း တစစီ ပြိုလဲခဲ့ရပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်နဲ့ မီးရထားဝန်ကြီးဌာနအနေနဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ရထားလမ်းပိုင်းတွေကို အလေးထား ပြုပြင်ဆောင်ရွက်ပေးနေသလိုမျိုးပဲ ဘူတာရုံတွေ၊ သံလမ်းတွေ ပျက်စီးပြီး နှစ်ပေါင်းများစွာ ပိတ်ဆို့ကြန့်ကြာနေတဲ့ ကချင်ပြည်နယ်ရဲ့ မီးရထားလမ်းပိုင်းကြီးကိုလည်း မျက်ကွယ်မပြုဘဲ အမြန်ဆုံး ပြန်လည်ပြုပြင်ကာ အသက်သွင်းပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
“မီးရထားလမ်းပိုင်းကြီး ပြန်ပွင့်သွားရင် ပြည်သူတွေ ဘေးကင်းကင်းနဲ့ သက်သက်သာသာ သွားလာနိုင်မယ်၊ ကုန်စည်တွေ ပြန်စီးဆင်းမယ်” ဆိုတဲ့ ဒေသခံတွေရဲ့ မျှော်လင့်ချက်ဟာ မြင့်မားလှတဲ့ တောင်းဆိုမှု မဟုတ်ပါဘူး။ နေ့စဉ်ဘဝ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုသာ ဖြစ်ပါတယ်။
ရထားအမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်အောင်၊ ဖျက်ဆီးခံထားရတဲ့ လမ်းတွေ ဘူတာတွေ ပြန်ပွင့်သွားနိုင်အောင် အထူးအလေးထားပြီး အမြန်ဆုံး လုပ်ဆောင်ပေးကြပါဦးလို့ ကချင်ပြည်နယ်သား အားလုံးရဲ့ ကိုယ်စား ရင်ထဲက ဆန္ဒအမှန်ကို ထိထိမိမိလေးနဲ့ မျှော်လင့်တောင်းဆိုရင်း… ကချင်မြေဆီက ဥဩဆွဲသံနဲ့ ရထားခေါက်တုံ့ပြေးသံတွေကို ပြည်သူတွေ တမ်းတမ်းတတ စောင့်စားလျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။
ဓါတ်ပုံ-Yawng Htang နဘားဘူတာ
