တရုတ်နယ်စပ် ဝမ်တိန်ဘက်မှာရှိတဲ့ အထည်စက်ရုံ တရုံမှာ မြန်မာလုပ်သား တချို့ ရိုက်နှက် ချုပ်နှောင်ခံထားရ

ဇွန် ၉၊ ၂၀၂၆
Shy V (VOM)
တရုတ်နယ်စပ် တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၊ ဝမ်တိန်-မော်စီ/မန်မန် စက်မှုဇုန်အနီးရှိ “Ruining Xinjiang Garment” အမည်ရှိ စိန်ချွန် အထည်ချုပ်စက်ရုံမှာ မြန်မာလုပ်သား တချို့ ရိုက်နှက် ချုပ်နှောင်ခံထားရကြောင်း STUM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွှေလီရှိ တရုတ်အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရပြီး ဖိနှိပ်ချုပ်ချယ်မှုတွေ ကြုံတွေ့နေရ တာကြောင့်ထွက်ပြေးသူတချို့ကိုလည်း လမ်းမပေါ်မှာ ခေါင်းကွဲတဲ့အထိ ရိုက်နှက်ကာ ရဲစခန်းမှာ ဆက်လက်ချုပ်နှောင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအလုပ်သမားတွေအပေါ် တရုတ်နိုင်ငံသား သူဌေးနဲ့ မန်နေဂျာတွေက အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်လို့ မခံမရပ်နိုင်ဖြစ်ကာ ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမား သုံးယေက် စက်ရုံ ကနေ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြရာမှာ ဖမ်းဆီး ရိုက်နှက်ခံရတာလို့ ဆိုပါတယ်။
စက်ရုံသူဌေးရဲ့ တိုင်ကြားမှုကြောင့် မြန်မာအလုပ်သမား မိန်းကလေးနဲ့ ယောက်ျားလေး စုစုပေါင်း ၅၀ ဝန်းကျင်ခန့် ထပ်မံဖမ်းဆီးကာ ရွှေလီ ရဲစခန်းမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်ရုံဘက်က နောက်နောင် အလုပ်သမား‌တွေ ထွက်မပြေးဖို့နဲ့ ဖြစ်စဉ် သတင်း အပြင်ကို မပေါက်ကြားစေဖို့ အလုပ်သမားတွေကို ခြိမ်းခြောက် ဝန်ခံကတိကလက်မှတ်ရေးထိုးခိုင်းထားတယ်လို့လည်း ဆိုပါတယ်။
“အဲဒီ အထည် စက်ရုံမှာ မကြာခဏ အဲလို ဖြစ်တယ်။ အလုပ်သမားခေါင်းပုံ ဖြတ်တာကလည်း အမြဲရှိတယ်” လို့ နယ်စပ် ကုန်သည် တယောက်ကလည်း ပြောပြပါတယ်။
ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် တပတ်ကတ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေက လုပ်ခ ပိုပြီးတော့ ခေါင်းပုံ ဖြတ်ခံရတာလို့ သူက ပြောပါတယ်။
“အထည်စက်ရုံမှာလည်း တပတ်ကတ်က လစာ နည်းတယ်။ စာအုပ် အနီနဲ့ ကျတော့ အဲလောက်ထိ မဆိုးဘူး။ အပြင်လည်း ထွက်လို့ရတယ်” လို့ နယ်စပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အလုပ်သမားပွဲစားတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေက အလုပ်သမားတွေဆီက ခေါင်းပုံဖြတ်ယူတာပိုများပြီး ဈေးကွက် တခုလိုတောင် ဖြစ်နေပြီလို့ သူက ပြောပါတယ်။
အထည်စက်ရုံတွေမှာတော့ အချိန်ပိုတွေ အချိန်မတော်အထိ ဆင်းရပြီး အချိန်ပိုကြေးလည်း မရကြကြောင်း အထည်ချုပ် စက်ရုံကနေ ထွက်လာတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ အလုပ်သမားတွေကို ရိုက်နှက်ဖမ်းဆီးတဲ့ စိန်ချွန် အထည်စက်ရုံကနေ နေရပ်ပြန်ဖို့ မူဆယ်မှာ သောင်တင်နေတဲ့ လုပ်သား တချို့ကတော့ စရိတ်ပြတ်လပ်လို့ အကူညီ လိုအပ်နေကြောင်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW