ညောင်ဦးခရိုင်မှာ ကျောင်းဆရာမလင်မယား အသတ်ခံရပြီး လူကိုးယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းသွား

ဇွန် ၁၆ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက ကျေးရွာတချိူ့မှာ မနေ့က ဇွန် ၁၅ ရက်နေ့တည်း ကျောင်းဆရာမလင်မယား အသတ်ခံရပြီး နောက်ထပ် ဆရာ ၊ဆရာမအပါအဝင် လူကိုးယောက်ကိုလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဖြစ်စဥ်တွေကတော့ ညောင်ဦးမြို့နယ် ၊ ကျောက်ပန်းတောင်းနဲ့ ငါ့သရောက်မြို့နယ်တွေထဲက ကျေးရွာဘက်တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာတယောက် ၊ ကျောင်းဆရာမခြောက်ယောက် နဲ့ ကျောင်းဝန်ထမ်းတယောက်တို့ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ကျောင်းဖွင့်ပြီး စာသင်လို့ဆိုပြီး လာဖမ်းသွားတယ်ဆိုတာလောက်ပဲ သိရတယ်။ ကျန်တဲ့အခြေအနေ သေချာမသိရသေးဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
ညောင်ဦးမြို့နယ် ၊ ညောင်ပင်ကန်ရွာမှာလည်း မနက် ၈ နာရီလောက်မှာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာမ နဲ့ ယောကျ်ားဖြစ်သူကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သိရပါတယ် ။
အသတ်ခံရသူတွေက အသက် ၄၂ နှစ်အရွယ် ဒေါ်နီလာဝင်း နဲ့ ယောကျ်ားဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးဇော်လတ်တို့ ဖြစ်တယ်လို့ သိရပါတယ် ။
” ဆရာ ဆရာမ ဝန်ထမ်းအိမ်ယာထဲအထိဝင်ဆွဲခေါ်ပြီးမှ အားလုံးရှေ့မှာ ပစ်သတ်သွားတာလို့ သိရတယ်။ ဆရာ ၊ ဆရာမတွေကို သတ်တာကတော့ ဆိုးပါတယ်။ ကလေးတွေကို ပညာသင်ပေးတဲ့ သူတွေပါ ။ ဘယ်လိုအကြောင်းတွေကြောင့် သတ်ရလောက်တဲ့အထိဖြစ်လဲဆိုတာ မသိရပါဘူး ။ ခုက အကုန်လုံးကြောက်နေရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် ၊ လက်ပံအိုရွာမှာတော့ အသက် ၇၀ အရွယ် ဦးပခန်းညိုဆိုတဲ့ သက်ကြီးပိုင်း အမျိုးသားတယောက်ကို ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဇွန် ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ရေနောက်ရွာဟောင်းကျေးရွာက ဒေသခံငါးယောက်ကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့တခုက နေအိမ်အထိဝင်ရောက်ပြီး သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဇွန်လ ၉ ရက်နေ့ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် နဲ့ သားဖြစ်သူ မောင်ရဲမာန်တို့သားအဖကိုလည်း PDF အဖွဲ့က သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဇွန် ၈ ရက်ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာက ဦးအောင်မျိုးခိုင် (ခ) သားချို ဆိုသူကို PDF အဖွဲ့တွေက နေအိမ်အထိ ဝင်ရောက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ (ခင်မွန်) မှ ဒုတိယမူလတန်းပြဆရာမ ဒေါ်ခင်နှင်း နဲ့ ကွေးမြို့နယ်လျှပ်စစ်ရုံးမှ မန်နေဂျာဖြစ်သူ ဦးအောင်ကျော်ကျော်ကိုလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW