ဇွန် ၂၀ ၊ ၂၀၂၆
GG (VOM)
စာရေးဆရာ ၊ဇာတ်ညွှန်းဆရာ နဲ့ ဒါရိုက်တာဖြစ်သူ ဆရာ မင်းခိုက်စိုးစန်ဟာ အသည်းကင်ဆာရောဂါနဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ စာရေးဆရာ အသိုင်းအဝန်းက သိရပါတယ်။
ဆရာမင်းခိုက်စိုးစန်ဟာ ဆန်ဖရန်စ္စကိုမြို့ ဒေသ စံတော်ချိန်နဲ့ဆိုရင် ဇွန် ၁၉ ရက်၊ ည ၈ နာရီ ၇ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆိုပါက ဒီကနေ့ ဇွန် ၂၀ ရက်နေ့ မနက် ၉ နာရီ ၃၇ မိနစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ဆရာ ဆုံးတာဟုတ်ပါတယ်။ အရမ်းစောလွန်းတယ် ။ အလုပ်တွေအများကြီးလုပ်နိုင်သေးတဲ့ အရွယ်ပါ။ အရမ်းနှမြောမိတယ်။ စိတ်မကောင်းလည်းဖြစ်ရတယ်။ မိသားစုနဲ့ ထပ်တူဝမ်းနည်းရတာပေါ့ဗျာ ။ ဆရာကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပါတယ်။ ” လို့ မိသားစုနဲ့ ရင်းနှီးသူ တယောက်က ပြောပါတယ်။
ဆရာမင်းခိုက်စိုးစန်က ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ် ရှိပြီဖြစ်ကြောင်း ၊ ဆရာမင်းခိုက်စိုးစန်ရဲ့ နာမည်အရင်းက ကျော်စိုးဖြစ်ပြီး စာရေးသာရေးမှာ ကလောင်အမည် မင်းခိုက်စိုးစန် အပြင် သတိုးတေဇနဲ့ ဇော်နိုင်ငံစိုး ဆိုတဲ့ ကလောင်အမည် တွေနဲ့ပါ စာရေးသားထုတ်ဝေ ခဲ့တယ်လို့ သိရပါတယ်။
ဆရာမင်းခိုက်စိုးစန်ရဲ့ ပထမဆုံးလုံးချင်းဝတ္ထုမှာ “လွမ်းလို့ သေသွားတဲ့ သစ်ပင်” ဖြစ်ပါတယ်။
သတိုးတေဇကလောင်အမည်နဲ့ဆိုရင် စိတ်ကူးယဉ်နဲ့ သရဲဝတ္ထု ၄၀ ကျော် ၊ ဇော်နိုင်ငံစိုး ကလောင်အမည်နဲ့ စုံထောက်ဝတ္ထုပေါင်း ၂၀ ကျော် ရေးသားခဲ့တယ်လို့ သိရပါတယ်။
ဆရာမင်းခိုက်စိုးစန်ဟာ စာရေးသားခြင်းအပြင် ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေးသားခဲ့ပြီး “Puzzle Palace” ရုပ်သံအစီအစဉ်ကို ၁၂ နှစ်ကြာ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။
“ပန်းနှစ်ပွင့်စီးချင်း” နဲ့ “Hospital Diary” ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ “ဂျစ်ကန်ကန်” ဝတ္ထုတိုစုစည်းမှုနဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှစာရေးဆရာဆု S.E.A. Write Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာမင်းခိုက်စိုးစန် ကွယ်လွန်တဲ့အပေါ် စာပေလောကအသိုင်းအဝန်း နဲ့ စာဖတ်ပရိတ်သတ်တွေ ရင်းနှီးတဲ့မိဆွေတွေက ဝမ်းနည်းကြောင်းကို လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားဖော်ပြနေကြပါတယ်။
ဇွန် ၁၈ ရက်နေ့ကလည်း ဘာသာပြန်စာပေလောကမှာ လုံးချင်းဝတ္ထုပေါင်း ၁၀၀ ကျော် ဘာသာပြန်ဆိုရေးသားခဲ့တဲ့ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီးတင်မောင်မြင့် ကွယ်လွန် ခဲ့ပါတယ်။
ဓာတ်ပုံ – မင်းခိုက်စိုးစန် Fanpage
