သိန္နီမြို့နယ်မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ

စက်တင်ဘာ ၈၊ ၂၀၂၆
Shy V + NN (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ရာ သိန္နီမြို့နယ် မန်မိုင်ရွာအနီးမှာ ဒီနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် အစောပိုင်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လေယာဥ် မဟုတ်ပါဘူး။ ခြံထဲက ယမ်းအိတ်တွေ မတော်တဆ ပေါက်ကွဲတာပါ။ သိန္နီ မန့်မိုင် အထက်ကုန်း ရာဘာခြံဘက်နား။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရွာ‌တွေဘက်အထိတုန်ခါပြီး နေအိမ်မျက်နှာကျက်တွေပါ ပြုတ်ကျတာတွေရှိတယ်လို့ သူက ပြောပါတယ်။
“မနက် ၅ နာရီခွဲ ၆ နာရီ ဝန်းကျင်လောက် အသံ အကျယ်ကြီးကြားတယ်။ ထိသူ အများကြီးပဲ။ သေသူလည်းများတယ်။ ဘယ်လောက် ဆိုတာ အတိအကျ မသိရသေးဘူး” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
သိန္နီ ဆေးရုံမှာ လူနာ အများအပြား ရောက်လာတယ်လို့ သိရပြီး ယမ်းသိုလှောင်ရုံ ပေါက်ကွဲတယ်လို့ပြောနေကြတယ်လို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသား ကတော့ “ယမ်း ထုတ်လုပ်တဲ့ သိုလှောင်ရုံ ပေါက်ကွဲတာ။ မန်မိုင်ရွာ အပေါ်ဘက်က ကုန်းမှာ” လို့ ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင် တရုတ်သူဌေး နှစ်ယောက်နဲ့ MNDAA တပ်သား ရှစ်ယောက်၊ အလုပ်လုပ်နေသူ ငါးယောက် ထိခိုက် သေဆုံးမှုရှိတယ်လို့ ကနဦး။သိရပြီး ဒဏ်ရာရသူ သုံးယောက်လည်း သန္နီဆေးရုံမှာဆေးကု နေတယ်လို့ သိရတယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသားတွေနဲ့ MNDAA တပ်ဖွဲ့ ဝင်တွေလည်း ပါတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
၁၀၂၇ တိုက်ပွဲကာလအတွင်းမှာ သိန္နီမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
အခုနှစ် မေလကုန်ပိုင်းတုန်းကလည်း TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ယမ်းတိုက်တခု ပေါက်ကွဲလို့ လူ ၄၃ ယောက် သေဆုံးခဲ့ပြီး ၁၁၂ ယောက် ဒဏ်ရာရခဲ့ကာ နေအိမ် ရာချီ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
Photo Crd# ဒေသခံ

Related posts

VOM News

FREE
VIEW