MT(VOM)
ပုဂံ၊ အန်ကောခေတ် ကနေ အခု ၂၁ ရာစုအထိ မြန်မာ နဲ့ ကမ္ဘောဒီးယား အဆက်အဆံရှိခဲ့ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ အရှေ့တောင်အာရှ သမိုင်းစာမျက်နှာတွေမှာ ရာစုနှစ်ပေါင်းများစွာ ကတည်းက အမြစ်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပုဂံခေတ် အနော်ရထာ၊ ကျန်စစ်သားမင်းတို့ လက်ထက်ကတည်းက ခမာ (အန်ကော) အင်ပါယာနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ အပြန်အလှန် ချိတ်ဆက်ခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်လွန် ရောက်တဲ့အခါမှာတော့ ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို တရားဝင် စတင် ထူထောင်ခဲ့ပြီး၊ ဘက်မလိုက် လှုပ်ရှားမှု (Non-Aligned Movement) ထဲမှာ အတူတကွ ပါဝင်ခဲ့ကြပါတယ်။
၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် ဖြစ်လာပြီး၊ ၁၉၉၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံ ပါဝင်လာတဲ့အခါ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဒေသတွင်း မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘောဒီးယား ဝါရင့်နိုင်ငံရေးသမားကြီး ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌ) လက်ထက်ကစပြီး မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ တစ်ဖက်သတ် ပိတ်ဆို့ဖိအားပေးမှုတွေ ရှိလာတိုင်း ကမ္ဘောဒီးယားဟာ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒကို တစိုက်မတ်မတ် ကိုင်စွဲခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာလည်း ဟွန်ဆန်ကိုယ်တိုင် နေပြည်တော်ကို လာရောက်ပြီး သံတမန် လမ်းကြောင်းတွေ ပိတ်မသွားအောင် ထိန်းကျောင်းပေးခဲ့သလို၊ လက်ရှိ ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ နိုင်ငံတော်အကြီးအကဲ သီဟာမုနီ ဘုရင်မင်းမြတ်တို့ လက်ထက်မှာလည်း ဒီခိုင်မာတဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားတာ တွေ့ရပါတယ်။
အခုလာမယ့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ကမ္ဘောဒီးယား ချစ်ကြည်ရေး ခရီးစဉ်ဟာ သာမန် သံတမန် တွေ့ဆုံမှုတစ်ခုထက် အများကြီး အဓိပ္ပာယ် ကြီးမားနေပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတချို့နဲ့ ပြည်ပရောက် အတိုက်အခံတွေ အတွက် ကောက်ရိုးမျှင်တစ်စ ဖြစ်တဲ့”ICC က လျှို့ဝှက် ဖမ်းဝရမ်း ထုတ်ထားတယ်”၊ “Interpol နဲ့ ဖမ်းခိုင်းတော့မယ်” ဆိုတဲ့ ကိစ္စတွေ ဟာ ဘယ်လိုအနေအထားမှာရှိသလဲဆိုတာကို သမ္မတရဲ့ ခရီးစဉ် က အတိုင်းအတာတစ်ခုထိပြောနိုင်ပါလိမ့်မယ်။
၂၀၂၅ ရွေးကောက်ပွဲအပြီး နိုင်ငံရေးနှင့် သံတမန်ရေး အလှည့်အပြောင်းဖြစ်လာနိုင်တာကတော့
သမ္မတဦ;မင်းအောင်လှိုင် မကြာခင်ရက်ပိုင်းမှာသွားမယ့် ကမ္ဘောဒီးယား ခရီးစဉ်ပဲ ဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ဒေသတွင်း ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီခရီးစဉ် ဟာ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အတွက်အခြားနိုင်ငံခြားခရီးစဉ်တွေထက် ပိုပြီး စိန်ခေါ်မှုများတဲ့ ခရီးစဉ်လို့ ပြောချင်ပါတယ်။ အကြောင်းကတော့ ကမ္ဘောဒီးယား ဟာ ဦးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတဲ့ ICC အဖွဲ့ဝင်နိုင်ငံဖြစ်နေလို့ပါပဲ။
ဒီနေရာမှာ မဖြစ်မနေ သိထားရမယ့် အချက်က ကမ္ဘောဒီးယားနိုင်ငံရဲ့ ICC ဆိုင်ရာ ရပ်တည်ချက် ဖြစ်ပါတယ်။ကမ္ဘောဒီးယားဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံးဆိုင်ရာ ရောမစာချုပ် (Rome Statute) ကို ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၀၂ ခုနှစ် ဧပြီလမှာ အတည်ပြု (Ratify) လုပ်ခဲ့တာကြောင့် အရှေ့တောင်အာရှ ဒေသတွင်းမှာ ICC အဖွဲ့ဝင်နိုင်ငံ အပြည့်အဝ ဖြစ်တဲ့ ရှားရှားပါးပါး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
ရောမစာချုပ် ပုဒ်မ ၈၆ နဲ့ ၈၉ အရ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဟာ ICC က ထုတ်ပြန်ထားတဲ့ တရားဝင် ဖမ်းဝရမ်း ရှိခဲ့ရင် အဲဒီပုဂ္ဂိုလ် မိမိနယ်မြေထဲ ဝင်လာတာနဲ့ ဖမ်းဆီးပြီး တရားရုံးထံ လွှဲပြောင်းပေးဖို့ တရားဝင် ဥပဒေအရ တာဝန် (Obligation) ရှိပါတယ်။
ဒီလောက် ဥပဒေဘောင် တင်းကျပ်တဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံတော်အကြီးအကဲ ဘုရင်မင်းမြတ် ကိုယ်တိုင်က မြန်မာနိုင်ငံတော် အကြီးအကဲကို တရားဝင် အစိုးရဧည့်သည်တော်အဖြစ် ဖိတ်ကြားတယ်ဆိုတာ သံတမန်ရေးအရ ၁၀၀ ရာခိုင်နှုန်း သေချာ စိစစ်ပြီးမှ ပြုလုပ်တဲ့ ကိစ္စပါ။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနရော၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေပါ ဒီလို ဖိတ်ကြားမှု မပြုခင် နိုင်ငံတကာ ဥပဒေကြောင်းဆိုင်ရာ ရှုပ်ထွေးမှု ရှိမရှိ အသေးစိတ် စစ်ဆေးပြီး ဖြစ် နိုင်ပါတယ်။ တကယ်သာ ဥပဒေအရ ဖမ်းဝရမ်း ထွက်ထားတာ ရှိရင် ဘယ်နိုင်ငံကမှ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး ဖိတ်ကြားရဲမှာ မဟုတ်သလို၊ ဖိတ်ကြားခံရသူ ဘက်ကလည်း တက်ရောက်ဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။
ICC စွပ်စွဲချက်တွေရဲ့ မူလ ဇာတ်မြစ်ကို ပြန်လှန်ကြည့်ရင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှု အရေးအခင်းက အစပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ နံနက်အစောပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ဝင် ထောင်ပေါင်းများစွာက နယ်မြေခံ ရဲကင်းစခန်း ၃၀ နဲ့ တပ်မတော် တပ်ရင်းဌာနချုပ် တစ်ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တာဝန်ကျ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ် သတ်ဖြတ်တာ၊ လက်နက်လုယူတာနဲ့ ဒေသခံ တိုင်းရင်းသားတွေကို သတ်ဖြတ် မောင်းထုတ်တာတွေကို စနစ်တကျ ပြုလုပ်ခဲ့တာပါ။
အဲဒီ အကြပ်အတည်းကို ရင်ဆိုင် ဖြေရှင်းဖို့အတွက် နေပြည်တော်မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ အစည်းအဝေးကို အရပ်သား အစိုးရ ခေါင်းဆောင်တွေ ဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်ပ ခရီးစဉ်တစ်ခုကို ရောက်ရှိနေခဲ့တာကြောင့် အစည်းအဝေးကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသာ တက်ရောက်ခဲ့ပြီး မြေပြင်မှာ စခန်းတွေ အတိုက်ခံရတဲ့ အခြေအနေကို အစီရင်ခံ တင်ပြခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ ARSA အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာဖို့နဲ့ တန်ပြန် စစ်ဆင်ရေး (Clearance Operations) ပြုလုပ်ဖို့ အဓိက မူဝါဒ ချမှတ်ခဲ့သူတွေ (Decision Makers) ဟာ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့သာ ဖြစ်ပါတယ်။
တပ်မတော်ခေါင်းဆောင်ရဲ့ ၂၀၁၈ ဂျပန်ခရီးစဉ် ဟာ စစ်ခေါင်းဆောင်အနေနဲ့ ဥပဒေကြောင်းဆိုင်ရာ ကင်းရှင်းမှု ရှိတယ်ဆိုတာကို တစွန်းတစပြနေပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခ အပြီး တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဂျပန်လို နိုင်ငံတကာ စံနှုန်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို အလွန် အလေးထားတဲ့ နိုင်ငံမျိုးဟာ မြန်မာ စစ်ဘက်ခေါင်းဆောင်ကို ဖိတ်ကြားခွင့် မပြုခင် နိုင်ငံတကာ စွပ်စွဲချက်တွေကို သေချာပေါက် ကြိုတင် စိစစ်ခဲ့ပါတယ်။ ဥပဒေကြောင်းအရ စိစစ်တဲ့အခါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အရေးပေါ် မူဝါဒ ချမှတ်တဲ့ အစည်းအဝေးမှာ တိုက်ရိုက် မပါဝင်ခဲ့သလို၊မြေပြင် စစ်ဆင်ရေး အဆင့်မှာ တိုက်ရိုက် ကြီးကြပ် ကွပ်ကဲခဲ့သူ မဟုတ်တဲ့အတွက် စစ်ဘက်ဆိုင်ရာ တာဝန်ခံမှု ကွင်းဆက်အရရော၊ ဥပဒေကြောင်းအရပါ ပြစ်မှုကျူးလွန်မှုနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိတာကို တွေ့ရှိခဲ့ရပါတယ်။
နိုင်ငံတကာ ဥပဒေဆိုတာ နိုင်ငံရေးအရ မုန်းတီးမှု၊ တစ်ဖက်သတ် လော်ဘီလုပ်ထားတဲ့ အစီရင်ခံစာတွေနဲ့ စိတ်ကြိုက် ဆွဲဆန့်လို့ရတဲ့ သားရေကွင်း မဟုတ်ပါဘူး။ အချက်အလက်၊ သက်သေနဲ့ တရားဝင် အမိန့်ပေး ကွင်းဆက်တွေကိုသာ တိတိကျကျ ကြည့်ရှု ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။
အတိုက်အခံတွေ ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံပြီး နိုင်ငံတကာ ရဲ့ ပိတ်ဆို့ ထိန်းချုပ်မှုကိုရဖို့ ကြိုးစားခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ICC အဖွဲ့ဝင်နိုင်ငံ တစ်ခုရဲ့ တရားဝင် ဖိတ်ကြားမှုကြောင့်အရာမထင်ဖြစ်သွားရတော့မှာလား မေးခွန်းထုတ်စရာပဲ။ ဒါ့အပြင် အခု စက်တင်ဘာလ မှာ ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီ ( Credentials Committee) ကိုလည်းအသစ်ဖွဲ့လိုက်ပါပြီ။ အဝေးရောက်အတိုက်အခံတွေ ကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာအတွက်Campaign တွေ တစ်ခုပြီးတစ်ခုပြုလုပ်ပြီး ကြိုးပမ်းနေကြသလို လပိုင်းအတွင်း နိုင်ငံပေါင်း (၇) ခု ကို ခရီးနှင်ပြီး တရားဝင်အစိုးရ အဖြစ်သမ္မတဦးမင်းအောင်လှိုင်ကလည်း ကြေညာမောင်းခတ်လိုက်ပါပြီ။ သံတမန်ရေးရာတိုက်ပွဲရဲ့အဆုံးအဖြတ်အဆင့် ကို သိပ်မဝေးတော့တဲ့အနာဂါတ်ပိတ်ကားပေါ်မှာ မြင်ရကြည့်ရတော့မှာပါလို့ပဲဆိုပါရစေတော့။
MT(VOM)
