စက်တင်ဘာ ၁၀ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ပြီးခဲ့တဲ့ တပတ်အတွင်းက အစိုးရဝန်ထမ်းအပါအဝင် လူ ၁၂ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဖမ်းသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့မှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာက ဦးစိုးဝင်း (၆၀) နှစ်၊ ဦးတင်ရှိန် (၇၂) နှစ်၊ ဦးကျော်ကျော်ဦး (၄၀) နှစ်၊ ဒေါ်ပူတူးမ (၃၇) နှစ်၊ ဒေါ်အိမိုးဝင်း (၃၅) နှစ်တို့ ၅ ဦး ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပိုင်းကျေးရွာ) မှ အထက်တန်းပြဆရာမ ဒေါ်ဌေးဌေးနွယ် (၃၇) နှစ်တို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။
” မနေ့က နေ့လယ် ၁ နာရီလောက်ကြီး ဝင်ဖမ်းသွားတာ ။ PDF တွေ ၁၅ ယောက်လောက်ရှိတယ်သိရတယ်။ခုထိ ပြန်မလွတ်သေးလို့ တာဝန်ရှိသူတွေ လိုက်နေကြတယ်။ ဘာလို့ ဖမ်းတယ်ဆိုတာတော့ ပြောမသွားဘူး သိရတယ်။ ” လို့ သတင်းရင်းမြစ်က ပြောပါတယ် ။
စက်တင်ဘာ ၇ ရက်နေ့မှာ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအနီးက ဒေသအခေါ် ကျောက်ဖျာ တဲစုနေ ဦးစန်းဝင်း (ခ) ဦးမောင်အေး (၅၅) နှစ်ကိုလည်း PDF တွေက ဖမ်းဆီးမှုရှိခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့မှာတော့ ညောင်လေးပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဌေး (၆၇) နှစ် နဲ့ တရွာတည်းနေ ရာအိမ်မှူး ဦးအောင်ကျော်မျိုး (၄၃) နှစ်တို့ကို သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
မန္တလေးတိုင်းမှာတော့ စက်တင်ဘာ ၃ ရက်နေ့က ညောင်ဦးမြို့နယ်၊ ညောင်ဦးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လောကနန္ဒာမြစ်ရေတင်စီမံကိန်းမှ ဦးစီးအရာရှိ (လျှပ်စစ်) ဖြစ်သူ ဦးဇင်မင်းထိုက် (၄၇) နှစ်ကို PDF တွေက ဖမ်းဆီးခဲ့ပါတယ်။
” ဦးစီးအရာရှိက လောကနန္ဒာမြစ်ရေတင်စီမံကိန်းကနေ ပုဂံကိုလာတာမှာ နွားကြိုးအိုင်ရွာနားအရောက် ဖမ်းခေါ်သွားတာ သိရတယ်။ လွတ်မလွတ်တော့ မသိသေးဘူး ။.” လို့ ဒေသခံက ပြောပါတယ်။
အလားတူ.အဲဒီ စက်တင်ဘာ ၃ ရက်မှာပဲ မြင်းခြံ- နေပြည်တော်ပြေးဆွဲတဲ့ “ပြည်တော်အေး” ခရီးသည်တင်ကားကို တောင်သာမြို့နယ်၊ အောင်သာကျေးရွာအနီးမှာ တားပြီး ခရီးသည် ဦးမင်းသူဟိန်း (၄၄) နှစ်ကို PDF တွေက ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။
စက်တင်ဘာ ၂ ရက်နေ့မှာလည်း တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ရှော်တောမော်ကျေးရွာက ဦးသန့်ဇင် (၄၈) နှစ်၊ ဦးသားငယ်မဲ (၅၈) နှစ် နဲ့ ဦးခိုင်ဝင်း (၄၉) နှစ်တို့ကို PDF တွေက ဖမ်းဆီးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – CJ
