စက်တင်ဘာ ၉ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)မှာ ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တယောက်သေကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ ၊ ညပိုင်း ၇ နာရီကျော်လောက်မှာ တက္ကသိုလ်ကျောင်းဝန်းထဲက ရွှေကျွန်းသာအမျိုးသားအဆောင်ရဲ့ တတိယထပ်မှာ ကျောင်းသားနှစ်ယောက်က အရက်သောက်စားပြီး ဆူညံနေတဲ့အတွက် ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်တာကြောင့် ဆူညံခြင်းမလုပ်ဖို့ ကျောင်းသားတယောက်က သွားရောက်ပြောရာကနေ အချင်းချင်း ရန်ဖြစ်ပြီး လူသေစေ တဲ့အထိ ဓားထိုးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
” အရက်သောက်ဆူနေလို့ အောက်ထပ်က ကျောင်းသားက သွားတားတာကို အရက်သောက်နေတဲ့ ကျောင်းသားနှစ်ယောက်က လက်သီးနဲ့ဝိုင်းထိုးကြတာလို့သိရတယ်။ အဲဒီမှာ အထိုးခံရတဲ့ကျောင်းသားက ဝရံတာမှာတွေ့တဲ့ ဓားနဲ့ထိုးလိုက်တာ ။တယောက်ကသေတယ်။ တယောက်က ဒဏ်ရာရတယ် သိရတယ်။ ကျန်တာတော့ မသိသေးဘူး။ ဒီကိစ္စမျိုးတွေဆိုရင် မဖြစ်သင့်ပဲ ဖြစ်ရတာမျိုးပေါ့။ အခုတော့ လူငယ်တယောက်လည်း အသက်ဆုံးရှုံးရတယ်။ တယောက်ကလည်း အနာဂတ်ပျောက်ရပြီ။ ကျောင်းတာဝန်ရှိသူတွေ ပေါ့ဆလို့ ခုလိုဖြစ်တာလို့ပဲ မြင်တယ်။ ကလေးတွေ ဒုက္ခရောက်ပြီလေ။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့ကျောင်းသားနဲ့ သေဆုံးခဲ့တဲ့ ကျောင်းသားကို ဆေးရုံကို ပို့ဆောင်ထားပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ ကျောင်းသားကိုတော့ ပြင်စာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အလားတူ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာလည်း စက်တင်ဘာ ၅ ရက်နေ့က Grade 11 ကျောင်းသားက G11 ကျောင်းသူကို ကျောင်းခန်းထဲထိဝင်ပြီး ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၂၇ ရက်ကလည်း ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများပြီး ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသားသေဆုံးမှု ဖြစ်ပွားခဲ့ ပါတယ်။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ ၂၃ ရက်ကလည်းမန္တလေးတိုင်း၊ အမရပူရမြိုနယ်၊မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသူနှစ်ယောက်နဲ့ ကျောင်းသူတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အလားတူ စက်တင်ဘာလတုန်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ တုန်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာမှ နှစ်ယောက် ဓားထိုးခံရတယ်လို့ သိရတယ်။
အလားတူ ဇန်နဝါရီလမှာလည်း မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ ၊ ပြည်သာယာ (မြောက်) ရပ်ကွက် မှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ကာ ကျောင်းသား တယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယခုနောက်ပိုင်း အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ခြင်း ၊ ဓားထိုးမှု ဖြစ်ပွားတာတွေ များလာနေတယ်လို့သိရပါတယ်။
ဒါကြောင့် ကျောင်းသားအချင်းချင်း ပြဿနာဖြစ်ပွားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ညွှန်ကြား ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ကတော့ ” ကျောင်းချိန် သို့မဟုတ် ကျောင်းချိန်ပြင်ပမှာ အချင်းချင်း ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ လူကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းကိရိယာဖြင့် သော်လည်းကောင်း ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ဖြစ်စဉ်များ များပြားလာတဲ့အတွက် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲများဆောင်ရွက်သွားရန်နှင့် ကျောင်းချိန် သို့မဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုမှာ ပါဝင်သူအားလုံးကို “ကျောင်းပြောင်းလက်မှတ်ထုတ်ပေးသည့် ပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း” အခြေခံပညာကျောင်းအုပ်ကြီးများက ကျောင်းသား ကျောင်းသူများနှင့် မိဘများသို့ အသိပေးဆောင်ရွက်သွားရန် ” ပြောဆိုထားပါတယ်။
ဓာတ်ပုံ – CJ
