သူတို့အိမ် အခန်း (၂၁၇)

ဆူးငှက်

ကျေးဇူးရှင်များပေးသည့် ခြံကလေး
————————————–
ကျွန်တော့် လယ်တောအိမ်လေးနှင့် ဝင်းကလေးမှာ မြေလဲလှယ် ပြုပြင်ပြီးလျှင် သရက်ပင်လေးတွေလည်း စိုက်ချင်သေးသည်။ ဘာပဲပြောပြော ပုံပြင်ထဲကလို မြေးမြစ်များအထိ အမွေကောင်းဖြစ်နိုင်သည်။ အခုလောလောဆယ် တော့ သပြေညွန့်တွေ ဝေနေအောင် ဘုရားပန်းအိုး ထိုးနိုင်သည်။

ငှက်ပျောပင်တွေကြား နေ့ခင်းနေ့လယ် ပက်လက် ကုလားထိုင်တစ်လုံးနှင့် အေးအေးလူလူ စာဖတ်ကာ ပင်မှည့် ငှက်ပျောသီးတွေ ဖောဖောသီသီ စားနိုင်သည်။ ကျွန်တော်က အိမ်ရှေ့ အဝင်က သကြားပင်လေး ပတ်လည်မှာ သစ်သားအတိုအစလေးတွေနှင့် ကွပ်ပျစ်လေးလည်း ရိုက်ထားတော့ ထိုနေရာမှာလည်း တုံးလုံးပက်လက် လှဲနိုင်သည်။ သည်တော့ ငယ်စဉ်က ကျွန်တော်စိတ်ကူးယဉ်ခဲ့သည့် စမ်းချောင်းတွေ ပန်းခင်းတွေ ကုန်းမြင့်လေးတွေ သရက်တော သပြေတောနှင့် ဧကကျယ် ခြံလေး မဟုတ်ပေမင့် လက်တစ်ဝါးစာ ခြံလေးမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာ ငဲ့စရာ မလိုဘဲ စိတ်လက်ချမ်းသာ နေနိုင်ပါပြီ။

ထိုသို့သော အခြေအနေတွင် ပြန်လှန်စဉ်းစားလိုက်တိုင်း ကျွန်တော် တုန်လှုပ် ခြေက်ခြားသွားပါ၏။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့်မှာ ထီပေါက်လို့လည်း မဟုတ်၊ နှစ်ဖက်မိဘ အမွေရလို့လည်းမဟုတ်။ ရှားပါး ပါမစ်တွေရလို့ ရောင်းစားပြီး အမြတ်ရလို့လည်းမဟုတ်၊ ထို့ပြင် ငွေဝင်ဂါထာ၊ လာဘ်ရွှင်ဂါထာတွေရွတ်က ပုတီးဘယ်နှပတ် အဓိဋ္ဌာန်နှင့် ရွတ်လို့လည်း မဟုတ်၊ ဟိုနတ်ကွန်း သည်နတ်ကွန်း ဟိုနတ်စင် သည်နတ်စင် ဟိုပုဂ္ဂိုလ် သည်ပုဂ္ဂိုလ်ဆီမှာ အပူကပ် ကန်တော့ပွဲ ထိုးလို့လည်းမဟုတ်၊ ကျွန်တော့်အိမ်လေး ဝင်းလေးအတွက် ကြားသိသူတိုင်းက စေတနာနှင့် ကူညီကြလို့ အခုလို အဆင်ပြေခြင်းဖြစ်သည်။ အထူးသဖြင့် ဆူးငှက်ဆိုသည်နှင့် သစ်လုပ်ငန်းမန်နေဂျာလို အားတက်သရော ကူညီသူ ရှိသကဲ့သို့ ဆူးငှက် ဆိုတာလည်းမသိ သိစရာလည်း မလို အထက်က ချပေးမှ မီတာပေးရဲသော လျှပ်စစ်မြို့နယ်မှူးရှိသလို ၃သိန်းပေးမှ မီတာချပေးမည့် တ.ယ.က ဝန်ထမ်းလည်း ရှိတာသိရသည်။

တကယ်တော့ ကျွန်တော်သည် တလျှောက်လုံး အလှူခံသူ လက်ဝါးဖြန့်ခံယူသူပဲ ဖြစ်ခဲ့ပါ၏။ ဘယ်သူ့မှလည်း မပေးနိုင် မလှူနိုင်ခဲ့။ သို့သော် လူတိုင်းအပေါ်မှာ စိတ်ကောင်းမွေး မေတ္တာထား စိတ်ယုတ်မာခြင်းမရှိခဲ့(ဟုထင်ပါသည်)။ ယခု အဆင်ပြေခြင်းမှာ ထ်ုစိတ်(ကောင်း) ကြောင့်ဟု ယုံကြည်မိပါသည်။ ထိုအခါ ရှေ့လျှောက် လူ့ဘဝကို ဖြတ်သန်းရာတွင် ငါ စိတ်ကောင်းမွေးနိုင်ပါ့မလား၊ လူတိုင်းအပေါ် မေတ္တာထားနိုင်ပါ့မလား ဟု ပူပန်မိခြင်း ဖြစ်ပါ၏။ ထိုအခါ လူသားပီပီ ကောက်ကျစ်မိ၊ စိတ်ယုတ်မာ မွေးမိ၊ မုဒိတာစိတ် ခေါင်းပါး အနာလို ဝန်တိုမိမှာကိုလည်း စိုးရိမ်ထိပ်လန့်မိပြန်သည်။ ထိုအခါ ကျွန်တော့်အပေါ် စေတနာထားကြ ကူညီကြသူများအပေါ် ကျေးဇူးကန်းရာကျပြီး လောကဓံ ကလည်း ကြည့်မနေဘဲ ဒါဏ်ခတ်မှာကို စိုးရွှံ့မိခြင်း ဖြစ်သည်။

မနက်ခင်းက မုန့်ဟင်းခါးဆိုင်လေး
————————————–
ထို့ကြောင့် မနက်လင်းလို့ လမ်းလျှောက်ထွက်တိုင်း မိမိအပေါ် ကူညီကျေးဇူးပြုဖူးသူ မှန်သမျှ နံမည်ခေါ်ကာ တတ်သလောက် မှတ်သလောက် မေတ္တာပို့ ဆုတောင်းဖြစ်တော့သည်။ မနက်လင်းတိုင်း ထိုသို့ ဆုမတောင်းမိလျှင်ပင် အကြွေးတစ်ခု တင်သလို ခံစားနေရသည်အထိ ဖြစ်သည်။ မေတ္တာပို့ဆုတောင်းရမည့် ပုဂ္ဂိုလ်ကလည်း မနည်းမနောပါပေ၊ တိုး၍ပင် လာချေသေး၏။ လူရွှင်တော်များပြောသလို လက်အုပ်ချီပြီး အရပ်ရှစ်မျက်နှာ တစ်ပတ်ပတ်ရမလို ဖြစ်နေသည်။ မနက်လင်းလျှင် ကနဦးအစကတော့ ရေနီမြောင်းဘက်ဆင်းကာ မြောင်းဘေး လမ်းကလေးအတိုင်း မြောက်သို့ ၁၉လမ်းအထိ လျှောက်ကာ အနောက်သို့ ချိုးပြီး ကြိုင်သင်းလက်ဖက်ရည်ဆိုင်မှာ ထိုင်သည်။ ထိုဆိုင်မှာ လက်ဖက်ရည်နှင့် အီကြာကွေးစား၊ အိမ်အတွက် ပါဆယ်ဝယ်ပြီး ပြန်သည်။

နောက်တော့ မနက်လင်းလျှင် ခင်သော်ဇင်ကလည်း လမ်းလျှောက်ရင်း လိုက်ချင်တော့ သူက မုန့်ဟင်းခါးကြိုက်သူမို့ ၁၉လမ်း ရေနီမြောင်းအရှေ့ဘက် နန်ဦးလွင် ရ.ဝ.တ ရ့ုးလေးရှေ့က မုန့်ဟင်းခါးဆိုင်လေးမှာ စားဖြစ်တော့သည်။ မုန့်ဟင်းခါးက အတော်လက်တည့်သည့် မုန့်ဟင်းခါးမို့ ထိုဆိုင်လေးမှာပဲ မနက်တိုင်းစားဖြစ်တော့သည်။ ခင်သော်ဇင်က မနက်တင်မက ညနေမှာပါ ထိုဆိုင်လေးသို့ မုန့်ဟင်းခါး ထွက်စားတတ်သည်။ နောက်ပိုင်း လမ်းမလျှောက်ဖြစ်လျှင်လည်း လင်မယားနှစ်ယောက် မနက်တိုင်း စက်ဘီးလေးနှင့် ထိုဆိုင်လေးကို ရောက်နေတတ်ပါ၏။

စာရေးကြီး၏ အငယ်အနှောင်းတဲ့
————————————–
ဆိုင်ရှင်က အသက်၄၀အရွယ် ခတ်သန့်သန့် အမျိုးသမီးတစ်ဦးဖြစ်သည်။ မုန့်ဟင်းခါးဆိုင်လေးမှာ ဆိုင်ရှင်နှင့်အတူ သမီး အချောအလှလေးတွေလည်း ဆိုင်ကူကြသည်။ ဖခင်ဖြစ်သူကလည်း ခပ်သန့်သန့်နှင့် မုန့်ဟင်းခါးဆိုင်က ပိုက်ဆံသေတ္တာလှပ်ကာ ကျပ်တန်လေးတွေကိုင်ပြီး လမ်းဆုံက လေထန်ကုန်းဆိုင်သို့ ဝင်သွားတတ်သည်။ အတော်အေးသည့်လူ။ နောက်တော့ ထိုဆိုင်နှင့်က အတော်ရင်းနှီးသွား၏။ ကျွန်တော်တို့က အန်တီဆွေ မုန့်ဟင်းခါးဟုပဲ သိမှတ်လိုက်ကြသည်။

ရင်းနှီးသွားတော့မှ ရယ်စရာပြောရဦးမည်။ အန်တီဆွေက “မသော် တို့ကို အစက အထင်လွဲသေးတာ၊ ဆရာက ရှေ့ကစက်ဘီးနင်း မသော်က နောက်က ဆံပင်တို ဘောင်းဘီနဲ့ ခေတ်ဆန်ဆန်ပါလာတော့ ဧကန္တ ရုံးတစ်ရုံးက စာရေးကြီး တစ်ယောက် အငယ်အနှောင်းထားပြီး ဒီဘက် လာနေကြတာ နေမှာလို့၊ နောက်မှ ဆရာ့ကို စာရေးဆရာမှန်းသိပြီး တကယ့် လင်မယားမှန်းသိတာ” ဟု ပြောပြလို့ ကျွန်တော့်မှာ ရယ်ရသေးသည်။ ကျွန်တော်ကလည်း ဆံပင်စုတ်ဖွား အင်္ကျီဖို့ရိုဖားယား ပုဆိုးဒရင့်တိုက်နှင့် မျက်နှာပေါက် ခပ်ဆိုးဆိုးကိုး။

သစ်ရိပ်ဝါးရိပ်တွေကြားက ဆိုင်ကလေး
—————————————-
နောက်တော့ ဆရာကျော်ရင်မြင့် ခေါ်သွားလို့ နန်းဦးလွင်က မိသားစု လက်ဖက်ရည်ဆိုင်သို့ လမ်းပေါက် သွားတော့သည်။ မိသားစု လက်ဖက်ရည်ဆိုင်၏ အခင်းအကျင်းကတော့ ကျွန်တော့်အကြိုက် ဖြစ်သည်။ အောင်ပင်လယ် ကန်ဘောင်ရိုးလပ်းက အခုလို မြို့ပတ်လမ်း မဟုတ်သေး။ ၂လမ်းသွား ကျောက်လမ်းပဲ ဖြစ်သည်။ လမ်းဘေးမှာက သီးပင်ကြီးတွေ ထနောင်းပင်တွေ ကုက္ကိုပင်ကြီးတွေ အုံ့ဆိုင်းနေသည်။ ကျွန်တော့်အိမ်ရှေ့ ဆင်လမ်းမအတိုင်း မြောက်ကို ချိုးကာကွေ့ကာ မြေလမ်းလေးအတိုင်း တက်လိုက်တော့ ငါးစခန်းမြောက်ဘက်တွင် အောင်ပင်လယ် ကန်ဘောင်လမ်းပေါ် ရောက်သည်။ ကန်ဘောင်လမ်းအတိုင်း ညာဘက်သို့ လိုက်ရသည်။ ထိုလမ်းတလျှောက် ဘယ်ဘက်က ညောင်ပင်ကြီး တစ်ပင်အောက်မှာ စက်ဘီးပြင်ဆိုင်လေးရှိသည်။ မုန့်ပစ်သလက်နှင့် အကြော်ဆိုင်လေး ရှိသည်။ ညာဘက်မှာ ငါးစခန်းက ရုံးအဆောက်အအုံလေးနှင့် ငါးကန်တွေရှိသည်။ ထိုလမ်းတလျှောက် အများဆုံးက သီးပင်တွေဖြစ်သည်။ ကျိုးကြားမှာ ထနောင်းပင်နှင့် ကုက္ကိုပင်ကြီးတွေ ရှိသည်။

ထိုအတိုင်းဆက်သွားလိုက်တော့ သရက်ကုန်းရွာဟောင်းလေးထိပ် နန်းဦးလွင် ရွာဘက်မှာ ပိတောက်ပင်ကြီး တစ်ပင်နှင့် ပန်းပင်တွေ အခြား အပင်တွေနှင့် အုံ့ဆိုင်းနေသော လက်ဖက်ရည် ဆိုင်လေး ရှိသည်။ ထိုဆိုင်လေးဆီ ကန်ဘောင်ရိုးလမ်းပေါ်က လှေခါးထစ်လေးတွေ ဖော်ထားသော လမ်းလေးက ဆင်းရ၏။ ထိုလမ်းလေးက ဆိုင်အပေါက် မရောက်မီ ကြာပင် ကြာဖူးတွေနှင့် ရေကြည်ချောင်းလေးကို သစ်သားတံတား လေးနှင့် ဖြတ်ရသည်။ ဆိုင်နာမည် မိသားစုကဖေးဟူသည့် စာလုံးလေးနှင့် သစ်သား ဆိုင်းဘုတ်ပြား လေးလည်း ကန်ဘောင်ရိုးက ဆင်းသည့် လမ်းလေးထိပ်က ထနောင်းပင်လေးမှာ ချိတ်ထားတာလည်း သတိထားမိသည်။

နန်းဦးလွင် မိသားစုကဖေး
—————————-
ထိုဆိုင်လေးက မိသားစုဟု အမည်ပေးထားသည့်အတိုင်း မိသားတစ်စုလုံး အတူပူးပေါင်း တာဝန်ယူ ဖွင့်လှစ်သည့် ဆိုင်လေးဖြစ်သည်။ ဆိုင်သုံးနို့ဆီကိုလည်း ဆိုင်မှာပင် နွားနို့စစ်စစ်နှင့် ချက်သည်။ ဆိုင်၏ ဖျော်ခုံမှာ လက်ဖက်ရည် ဖျော်တာက သမီးအကြီးဖြစ်ကာ နောက်ပိုင်း မီးဖိုခန်းက မိခင်နှင့် သမီးငယ်က တာဝန်ယူသည်။ ဖခင်ဖြစ်သူက ဆိုင်ကို ကြီးကြပ်၏။ စာပွဲထိုးလေးတွေကလည်း ဆွေမကင်းမျိုးမကင်း မိန်းကလေးများချည်း ဖြစ်တာက ထူးခြားလှသည်။ ဆိုင်မှာ အတန်အသင့်ကျယ်ဝန်းသော ခြံဝင်း ဖြစ်သည့်ပြင် သစ်ပင်းပန်းပန်ဝါးရုံပင်များနှင့်မို့ အရိပ်အာဝါသကောင်းကာ အေးချမ်းလှ၏။ ခြံဝင်းအလယ် ပိတောက်ပင်နှင့် ဝါးရုံပင်တွေအောက်မှာလည်း သစ်သား ကွပ်ပျစ်ခင်းကာ စာပွဲဝိုင်း လေးများလည်းရှိသည်။ ခြံ၏ မြောက်ဘက်အစွန် စက္ကူပန်းရုံအောက်မှာလည်း သစ်သားခံရှည် မျက်နှာချင်းဆိုင်နှင့် စာပွဲရှိသည်။ အမိုးအကာနှင့် ဆိုင်အတွင်းမှာလည်း ခုံရှည်များနှင့် စာပွဲတွေရှိသည်။ လက်ဖက်ရည်ချော်သည့် သမီးကြီးနှင့် မီးဖိုခန်းက သမီး၂ယောက်စလုံးက ဘွဲ့ရပညာတတ်များဖြစ်ကာ ရုပ်ရည် ချောမော လှပသူများဖြစ်ကြသည်။

နောက်ပိုင်းတွင် မနက်လင်းတာနှင့် ကျွန်တော်က ထိုဆိုင်လေးသို့ ရောက်သွားကာ တံတားလေးထိပ် အဝင်ပေါက်ဘေးက ခုံလေးမှာပဲ အမြဲထိုင်သည်။ ထိုခုံလေးက စာပွဲသေးလေးဖြစ်ပြီး မျက်နှာချင်းဆိုင် ၂ယောက်ပဲ ထိုင်နိုင်သည်။ ကျွန်တော်က ထိုဆိုင်လေးသို့ သွားပြီး တစ်ယောက်တည်း တွေးချင်ရာတွေး ငေးချင်ရာငေးတတ်သူမို့ အများနှင့် လှမ်းသော ထိုစာပွဲလေးနှင့် အဆင်ပြေသည်။ ထိုဆိုင်လေးမှာ အများစု ဖောက်သည်က ရွာခံများပဲ ဖြစ်ပါ၏။ အလုပ်မသွားမီ ဝင်ထိုင် ဝင်စားကြသည်။ ရွာထဲက ပါဆယ်လာဝယ်ကြသည်။ ထို့ကြောင့် ဆိုင်ရှင်က အားလုံးကို သိနေသည်။ ဝယ်နေကျ လက်ဖက်ရည် အရသာကိုလည်း ဖျော်ခုံသမီးကြီးက သိနေသည်။ ထိုဆိုင်မှာ မြို့ထဲက တကူးတကန့် လာသောက် သူများလည်းရှိသည်။ သူတို့က အုပ်စုလိုက် ချိန်းချက်ပြီး ကားတစ်စီးနှင့် စိမ်ပြေနပြေ လာသောက်ကြသူတွေဖြစ်၏။ ထိုသူများကလည်း ဥပုသ်လာသူ၊ တနင်္ဂနွေလာသူ၊ စသည်ဖြင့် ပုံမှန်လာသူများမို့ ဆိုင်ရှင်က ရင်းနှီးပြီးဖြစ်သည်။

မြို့ထဲကလည်းမဟုတ်၊ ရွာခံလည်း မဟုတ်သူ
———————————————-
သည်အထဲတွင် ကျွန်တော်က တစ်ယောက်တည်း မနက်တိုင်း ခြေကျင်လာနေသူမို့ မြို့ထဲက မဟုတ်သော်လည်း ရွာမှာလည်း မမြင်ဖူးတော့ ထူးခြားနေသည်။ ဤသို့ဖြင့် မနက်တိုင်း တစ်ယောက်တည်းလာနေကျ ကျွန်တော်သည် နေ့လယ်နေ့ခင်း မိတ်ဆွေ အပေါင်းအသင်းတွေလာလျှင်လည်း ထိုင်ကောင်း စားသောက်ကောင်းသော ထိုမိသားစု ဆိုင်လေးဆီသို့ပဲ ဦးတည်ဖြစ်တော့သည်။ ထိုအခါ နေ့ခင်းနေ့လယ်မို့ ဆိုင်အပြင်ဘက်ထက် ဆိုင်ထဲက စာပွဲမှာပဲ ထိုင်ဖြစ်တော့သည်။ ထိုသို့ သွားတိုင်း ကျွန်တော့်ဧည့်သည်ဆိုတာက စာရေးဆရာ (သို့မဟုတ်) စာပေဝါသနာရှင်ချည်းမို့ ပြောသည့်စကားတိုင်းက စာအကြောင်းပေအကြောင်း အငြိမ့်အကြောင်း ဇာတ်အကြောင်း သီချင်းအကြောင်း တီးဝိုင်းအကြောင်း မြို့မအကြောင်း လူထုဦးလှ လူထုဒေါ်အမာအကြောင်း လူထုသတင်းစာ ဟံသာဝတီသတင်းစာ အကြောင်းမှသည် မြို့မငြိမ်း ဓားတန်းဦးသန့် အကြောင်းထိ တဖောင်ဖောင် ပြောဖြစ်တော့၏။

ထိုအခါ ထိုစကားများကို ဖျော်ခုံက သမီးကြီးက အနီးဆုံးမို့ ကြားဖြစ်နေမှာပေါ့။ ထိုသမီးကြီးကို အားလုံးက မမ ဟုပဲခေါ်ကြတော့ ကျွန်တော်ကလည်း မမ ဟုပဲ မှတ်ထားလိုက်သည်။ ဤသို့ဖြင့် အတန်အသင့် မျက်မှန်းတန်းမိသောအခါ တစ်ရက်သား မမ က ကျွန်တော့်ထံ လက်ဖက်ရည်ခွက်လာချရင်း ဆရာက စာရေးဆရာလားဟု မေးတော့သည်။ ကျွန်တော်က ဟုတ်ပါကြောင်း၊ ကလောင်နာမည် ဆူးငှက်ဖြစ်ပါကြောင်း ပြောတော့ သူက သူထင်မြင်ထားတာ မှန်သားပဲဟုသော အမူအရာပြကာ သူကလည်း ဓားတန်းဦးသန့်၏ မြေးတော်စပ်ပါကြောင်း၊ သူ့မိခင်က ဓားတန်းဦးသန့်၏ တူမ တော်စပ်ကြောင်း ပြောသောအခါ ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားတော့၏။

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက်

Related posts

VOM News

FREE
VIEW