စက်တင်ဘာ ၁၈ ၊ ၂၀၂၆
GG (VOM)
ကယားပြည်နယ်မှာ ခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး KNDF တပ်ဖွဲ့ဝင်ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ နဲ့ ဒေါလာစော ရွာဘက်မှာ ကင်းစောင့်နေတဲ့ တပ်ဖွဲ့ဝင်တွေနေရာကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီး KNDF တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တာလို့ ကနဦး သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာလည်း ဖယ်ခုံအနောက်ခြမ်း မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်အစပ် ဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး။
” ဒေါလာစောဘက် ဗုံးကြဲခံရတာမှာ KNDF တပ်ဖွဲ့ဝင်ငါးယောက် ဆုံးပါတယ်။ သေဆုံးတဲ့အထဲ တပ်ခွဲမှူးလည်းပါတယ်။ ထိခိုက်ဒဏ်ရာရ အခြေအနေကတော့ မသိရသေးဘူး။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ တပ်ဖွဲ့ဝင် ငါးယောက်သေဆုံးမှုနဲ့ပတ်သက်လို့ KNDF အဖွဲ့ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် အဲဒီအဖွဲ့ရဲ့တပ်ဖွဲ့ဝင်တွေ ၊ တပ်ဖွဲ့နဲ့ဆက်စပ်သူတွေကတော့ တပ်ခွဲမှူးအပါ ငါးယောက်သေဆုံးတယ်ဆိုပြီး ဓာတ်ပုံနဲ့တကွ သူတို့ရဲလူမှုကွန်ယက်မှာ ရေးသားဖော်ပြနေတာတွေ့ရ ပါတယ်။
စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်းကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို လေယာဥ် ၊ အသေခံဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာကြောင့် တယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁ ရက်မှ ၆ ရက်အတွင်းကလည်း မော်ချီးဒေသ နဲ့ ရှားတောမြို့နယ်ရှိ နောင်ပလူးကျေးရွာဘက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခံခဲ့ရပြီး ၁၀ ယောက်သေဆုံးကာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီစက်တင်ဘာလအတွင်းမှာကယားပြည်နယ်ထဲက မော်ချီးဒေသ ၊ လွိုင်ကော်အရှေ့ဘက်ခြမ်း၊ ရှားတောမြို့နယ် ၊ နန်းမယ်ခုံမြို့နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ အနောက်ခြမ်း ၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ နေရာတချို့ ကို လက်နက်ကြီး နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
