နေပြည်တော် ၊စက်တင်ဘာ ၈-၂၀၂၆
SS(VOM)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေက ကူညီဆောင်ရွက်ပေးနိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ နေပြည်တော်ရှိ ရုံးအမှတ် (၂၀)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
NCA လက်မှတ်ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်ရှိနိုင်ရေး၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေး ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် နိုင်ငံရေးပါတီတွေ ပူးပေါင်း ဆောင်ရွက်တဲ့အခါ အဖွဲ့အစည်းတရပ်အနေနဲ့ ပါဝင်နိုင်ဖို့ အစီအစဉ်ချပေးတဲ့ ဆွေးနွေးပွဲပါ။ အရင်တခေါက်တုန်းက ပါတီတွေထဲက ၃၂ ယောက် ရွေးထားတယ်။ အဲဒီထဲက အစည်းအဝေး တက်ရောက်မယ့်သူတွေကို အစုအဖွဲ့တွေဖွဲ့ပြီး နောက်လုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တက်ရောက်နိုင်ဖို့အတွက် အစီအစဉ်ဆွဲပေးတာပါ” လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်က ပြောပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးမယ့် ခေါင်းစဉ်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေအကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ မပါဝင်လာသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍတို့ဖြစ်တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေကို အရင်ပုံစံအတိုင်း ပြန်လည် ရောက်ရှိနိုင်ရေး ဆောင်ရွက်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးပေးစေလိုကြောင်း ပါတီတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“အခု ရွေးချယ်ထားတဲ့ လူတွေကတော့ ငြိမ်းချမ်းရေးကိစ္စတွေကို NSPNC နဲ့ အခါအားလျော်စွာ ဆောင်ရွက်စရာရှိတဲ့ ကိစ္စကိုတွေ ဆောင်ရွက်ကြမှာပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဆိုတာက အင်မတန် အရေးကြီးပါတယ်။ တိုင်းပြည်မှာဖြစ်နေတဲ့ အခင်းအကျင်းတွေက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး မရှိဘဲနဲ့ ပြန်ပြီးအဆင်ပြေဖို့၊ လူတွေ နေသာထိုင်သာရှိဖို့က ခက်တယ်လေ။ Peace & Stability (ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု) ဆိုတာ အရေးအကြီးဆုံးပဲ။ ငြိမ်းချမ်းရေးရဖို့ ဘယ်လို လုပ်နိုင်ကြမလဲ၊ ငြိမ်းချမ်းရေး မရှိဘဲနဲ့ တည်ငြိမ်မှု ရနိုင်မလား။ အဲဒါတွေကို ပြောဖြစ်ကြပါတယ်” လို့ ဦးဘရှိန်က ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်လာနိုင်ဖို့ အစုအဖွဲ့ ဖွဲ့စည်းတာကို ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီ ရှိတဲ့အထဲက ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ၅၅ ပါတီနဲ့ NSPNC တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
ပါတီအစုအဖွဲ့ကို ခြောက်နေရာအထက်နိုင်တဲ့ ၁၃ ပါတီက ၁၄ ယောက်၊ တနေရာကနေ ငါးနေရာအထိနိုင်တဲ့ ၁၈ ပါတီထဲက ကိုယ်စားလှယ် ၁၁ ယောက်၊ လုံးဝ မနိုင်တဲ့ပါတီက ခုနစ်ယောက်၊ စုစုပေါင်း ၃၂ ယောက် ပါဝင် ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ လူဦးရေများများ အနိုင်ရရှိခဲ့တဲ့အတွက် နှစ်ဦး ခွဲတမ်းရပြီး ကျန်တဲ့ ခြောက်ဦးနဲ့အထက် ရတဲ့ပါတီတွေကတော့ တဦးကျစီ ရွေးချယ်တာလို့ သိရပြီး လက်ရှိ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမြဲတမ်းကိုယ်စားလှယ် ၁၆ ယောက်၊ အရန် ကိုယ်စားလှယ် ရှစ်ယောက်၊ နှစ်ဖွဲ့ခွဲပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
အရင်က အခုလို ဖွဲ့စည်းမှုကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) အဖြစ် ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ နိုင်ငံရေးပါတီအစုအဖွဲ့အဖြစ်သာ ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။
UPDJC အဖွဲ့မှာ အဓိက အစုအဖွဲ့ သုံးဖွဲ့ ပါဝင်ပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ဖြစ်တယ်လို့ သိရပါတယ်။
လုပ်ငန်းတာဝန်တွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံရေးဆွေးနွေးရေး မူဘောင် (Political Dialogue Framework) ကို ရေးဆွဲခြင်းနဲ့ ပြင်ဆင်ခြင်း၊ ဒေသအဆင့်နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကြီးကြပ်လမ်းညွှန်ခြင်း၊ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ဖော်ဆောင်ရန်အတွက် လုပ်ငန်းအထောက်အကူပြု အဖွဲ့တွေနဲ့ နည်းပညာအဖွဲ့တွေကို ဖွဲ့စည်းပေးခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
UPDJC အစည်းအဝေးကို ပထမအစိုးရလက်ထက်မှာ ငါးကြိမ်၊ ဒုတိယအစိုးရ လက်ထက်မှာ ၁၅ ကြိမ်၊ စုစုပေါင်း အကြိမ် ၂၀ ကျင်းပခဲ့ဖူးပြီး အဲဒီ အစည်းအဝေးတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ မြေယာ သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ နိုင်ငံရေးအခြေခံမူတွေကို အဓိက ဆွေနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Photo – CJ
