စက်တင်ဘာ ၁၈ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ တရက်တည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က သံတွဲမြို့နယ်၊ သစ်ငုတ္တိုရွာ၊ ဘုန်းကြီးကျောင်း အနောက်ဘက်နဲ့ အုန်းမြေရွာအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“လယ်ကွင်းနဲ့ နယ်မြေတောင်ကြောတွေပေါ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဥ်မှာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့တော့ လောလောဆယ် သိရတယ်။ အသေးစိတ်ကိုတော့ ဆက်ပြီး စုံစမ်းနေပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ဒီကနေ့ မနက် ၈ နာရီကျော်ဝန်းကျင်ကလည်း စစ်တွေမြို့နယ်က ဝါဘိုအနီးဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်က ခမောင်းတောနဲ့ အောင်ဇေယျရွာဘက်၊ ပေါက်တောမြို့အတွင်းက သဲခုံကျေးရွာဘက်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ တပြိုင်နက်တည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် တိုက်ပွဲ တပတ်ကျော်ကာလအတွင်း ရွှေမင်းဂံရေတပ်စခန်း အနီးက ကံကော်ကျွန်းဝန်းကျင် ကာကင်းစခန်းနဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်က နေရာတချို့ကို AA က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
မြေပြင်စစ်ရေးအရှိန် မြင့်တက်လာတာနဲ့အမျှ အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“အခု စစ်ဆင်ရေးက အပြင်းထန်ဆုံးအဆင့်ကို ရောက်နေတယ်လို့ ပြောလို့ရတယ်။ AA ကလည်း ပုဏ္ဏားကျွန်းအစပ်က ကျေးရွာတွေဖြစ်တဲ့ ခမောင်းတော၊ အောင်ဇေယျ၊ စပါးထား၊ ကွန်းတောင်ဘက်တွေကနေ ခံစစ်အမာခံနဲ့ တန်ပြန် တိုက်ခိုက်နေတယ်” လို့ သူက ပြောပါတယ်။
အစိုးရတပ်အတွက် ပုဏ္ဏားကျွန်းဟာ ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသတွေဘက်ကိုသွားရာ အဓိကတံခါးဝဖြစ်သလို စစ်တွေမြို့ လုံခြုံရေးအတွက်လည်း အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် နယ်မြေဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒါကြောင့် အစိုးရတပ်က အခုထက်ပိုပြီး အင်အားသုံး တိုက်ခိုက်လာနိုင်သလို၊ AA ဘက်ကလည်း စစ်တွေမြို့ကို ဆက်ပြီးတော့ ဝိုင်းပတ် ပိတ်ဆို့ထားနိုင်ဖို့အတွက် ခံစစ်လိုင်းကို အပြတ်အသတ် ခုခံသွားမယ့်အခြေအနေမျိုး ဖြစ်နေတယ်။ တိုက်ပွဲ ပိုပြီး ပြင်းထန်လာနိုင်သလို တိုက်ပွဲကာလလည်း ကြာရှည်သွားနိုင်တယ်။ လေကြောင်းတိုက်ခိုက်မှုလည်း ပိုစိပ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၇ ရက်၊ ည ၁၁ နာရီဝန်းကျင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တယောက် ဒဏ်ရာရကာ နေအိမ် တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှာ ဒရုန်း ကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့သလို အဲဒီနေ့မှာပဲ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကေကျေးရွာ လမ်းမကြီးအနီးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁၊ ၂) ရပ်ကွက်တွေမှာလည်း စက်တင်ဘာ ၁၀ ရက်က လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့သလို စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဘောလုံးကွင်းရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် လေးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ အမှတ် (၈) ရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့သလို စက်တင်ဘာ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းကျေးရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
