စက်တင်ဘာ ၂၀ – ၂၀၂၆
SN (VOM)
ဂျပန်နိုင်ငံရဲ့ သင်တန်းပေးပြီး အလုပ်အကိုင် ဖန်တီးပေးတဲ့စနစ်သစ် (Training and Employment System – ESD) အစီအစဉ်အရ နိုင်ငံခြားသားအလုပ်သမား ခေါ်ယူရာမှာ မြန်မာနိုင်ငံက အေဂျင်စီ ၂၆၂ ခုကို လုပ်သားစေလွှတ်ခွင့် ပြုလိုက်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ESD စနစ်ဟာ လုပ်သားလိုအပ်ချက် မြင့်မားနေတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားသားတွေကို ကျွမ်းကျင်မှု သင်တန်းပေးရင်း သုံးနှစ်အထိ တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ပြုမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။
စနစ်သစ်အတွက် ဂျပန်နိုင်ငံကို အလုပ်သမားတွေ စေလွှတ်ခွင့်ရရှိထားတဲ့ မြန်မာနိုင်ငံမှ Sending Organization/Agency တွေရဲ့ ယာယီစာရင်းတွေကို ဂျပန်နိုင်ငံရဲ့ Organization for Technical Intern Training (OTIT) မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
“ဒီ ESD ဆိုတာက ဂျပန်နိုင်ငံရဲ့ အရင် Technical Intern Training စနစ်ကနေ ပြောင်းလဲကျင့်သုံးမယ့် စနစ်ပါ။ လက်ရှိ ထုတ်ပြန်ထားတဲ့ ယာယီစာရင်းမှာ မြန်မာနိုင်ငံက Sending Agency စုစုပေါင်း ၂၆၂ ခု ပါဝင်ပါတယ်။ ဒါပေမယ့် ဒီစာရင်းက ယာယီ စာရင်းပါ။ အပြီးသတ်စာရင်း မဟုတ်သေးပါဘူး။ နောက်ထပ် အေဂျင်စီတွေလည်း ဆက်ပြီး ပါဝင်လာနိုင်ပါတယ်” လို့ အေဂျင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီစနစ်သစ်မှာ ပါဝင် လျှောက်ထားမယ့်သူတွေအနေနဲ့ ဂျပန်ဘာသာစကား အရည်အချင်းစစ်ဆေးမှု N5 (ဒါမှမဟုတ်) JFT-Basic အောင်မြင်ထားဖို့ လိုအပ်မယ်လို့ သိရပါတယ်။
ESD စနစ်သစ်ကြောင့် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ အလုပ်သမား အခွင့်အရေးတွေ ပိုမိုရရှိလာနိုင်ပြီး လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ ရှိလာပါက သတ်မှတ်ချက်တွေနဲ့အညီ အလုပ်ပြောင်းရွှေ့ခွင့် (Job Transfer) ရရှိလာမယ်လို့ သိရပါတယ်။
အလုပ်သက်တမ်း သုံးနှစ် ပြည့်ပြီးတဲ့နောက် ကျွမ်းကျင်မှုစာမေးပွဲ အောင်မြင်ပါကလည်း လစာနဲ့ ခံစားခွင့် ပိုမိုကောင်းမွန်တဲ့ Specified Skilled Worker (SSW) ဗီဇာကို တိုက်ရိုက် ကူးပြောင်းခွင့် ရနိုင်မယ်လို့ သိရပါတယ်။
ESD စနစ်နဲ့ လုပ်သား ခေါ်ယူတာကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဧပြီလမှသာ စတင် လုပ်ဆောင်မှာဖြစ်ပေမယ့် အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို အဆင့်ဆင့် လုပ်ဆောင်နေတာလို့ ဂျပန်အစိုးရက ထုတ်ပြန်ထားပါတယ်။
Photo – CJ
