မုန်တိုင်းအရှိန်ကြောင့် မိုးများနိုင်ပြီး ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုဖို့လို

စက်တင်ဘာ ၂၀ – ၂၀၂၆
SS (VOM)
လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကနေတဆင့် ဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု များပြားလာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ကမ်းလွန်အနီး) မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ အနောက် – အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သလို နောက် ၄၈ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
“လက်ရှိ ပင်လယ်ပြင်မှာတော့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် လှိုင်းကြီးနေတယ်။ သူက မြစ်ဝကျွန်းပေါ်၊ ကမ်းရိုးတန်းဒေသတွေနဲ့ နီးတဲ့အခါကျတော့ အဲဒီဒေသတွေမှာ လှိုင်း‌လေထန်နိုင်တာမျိုး အထူး သတိထားရမယ်။ မိုးလည်း များနိုင်တယ်။ ပင်လယ်ပြင်သွားမယ့် လှေတွေ၊ သင်္ဘောတွေအနေနဲ့ ဖြစ်နိုင်ရင် ဒီရက်ပိုင်း ခဏ နားထားသင့်တယ်” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြစ်ငယ်၊ ချောင်းငယ်တွေမှာလည်း မိုးသည်းထန်မှုကြောင့် ရေအနည်းငယ် တိုးလာနိုင်တဲ့အတွက် အဲဒီနေရာတွေရဲ့ အနီးဝန်းကျင်က ဒေသတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ထပ်မံ သတိပြုဖို့လိုတယ်လို့ သူက ပြောပါတယ်။
“များသောအားဖြင့်တော့ ရေကြီးရေလျှံတာက အထက်ပိုင်းတွေမှာ ဖြစ်တာများတယ်။ အဓိက မြစ်ကြီးတွေမှာတော့ အထက်ဘက်မှာ မိုးများမှ အောက်ကိုဆင်းလာမယ့် အနေအထားမျိုးရှိတယ်။ မြစ်ငယ်၊ ချောင်းငယ်လေးတွေမှာပဲ နည်းနည်း သတိပြုရမယ်” လို့ သူက ပြောပါတယ်။
လေဖိအားနည်း ရပ်ဝန်းကနေတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အနောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း – အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေ) တို့ကို ရောက်ရှိ နိုင်တယ်လို့ သိရပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီကနေ့ စက်တင်ဘာ ၂၀ ရက်၊ ညနေပိုင်းကနေ စက်တင်ဘာ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေလည်း ဖြစ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို သတိပြုဖို့လိုတယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကြိုတင်သတိပြု ရှောင်ရှားစေလိုတယ်လို့ မိုး/ဇလဌာနက အသိပေးထားပါတယ်။
Photo – DMH

Related posts

VOM News

FREE
VIEW