မန္တလေး၊ စက်တင်ဘာ- ၂၂- ၂၀၂၆
SA(VOM)
မန္တလေးတိုင်းအတွင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝင်ကြီးဌာနတွေမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားပြုလုပ်ရာမှာ ပွဲစားအကျိုးဆောင်တွေကို ဆောင်ရွက်ပေးတာမပြုလုပ်ဖို့ ညွှန်ကြားထားပြီး စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါဖြိုးသန္တာ က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ အခမ်းအနားမှာ ” အိမ်ထောင်စုဇယားနဲ့ နိုင်ငံသားစစ်ဆေးရေးကတ်ပြား ပြုလုပ်ရာတွင် ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ရုံးရှေ့မှာ Notice စာ ကပ်ပေးဖို့ကိစ္စ” ကို လွှတ်တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ နိုင်ငံသားတိုင်း ကိုင်ဆောင်ရမယ့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မှတ်ပုံတင်ပြုလုပ်ရာမှာ ပြည်သူတွေကိုယ်တိုင် တရားဝင်လုပ်ထုံးလုပ်နည်းထက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ နယ်မြေရဲစခန်းထောက်ခံ စာနဲ့ တခြားရုံးထောက်ခံစာအမျိုးမျိုးကို အဆင့်ဆင့်တောင်းခံနေရတာကြောင့် အချိန်ကြာခြင်းနဲ့ စရိတ်စခ ပိုမိုကုန်ကျတာတွေ ဖြစ်ပေါ်နေလို့ ပြည်သူတွေအများစုက ငွေကြေးပေးဆောင်ပြီးအကျိုးဆောင်တွေရဲ့ အကူအညီနဲ့ လွယ်ကူလျှင်မြန်စွာ ပြုလုပ်နေကြတာကို တွေရှိကြောင်းနဲ့ အဲ့ဒီအတွက် အခကြေးငွေပေးဆောင်တဲ့သူတွေဟာ မြန်ဆန်ပြီး အခကြေးငွေမပေးဆောင်သူတွေကတော့ လုပ်ငန်းကြန်ကြာမှုနဲ့ ဆိုင်းငံ့ထားတာတွေကို တွေ့ရတဲ့အတွက် တရားဝင်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုအပ်တဲ့ အထောက်အထားတွေကို တိတိကျကျ လမ်းညွှန်ပေးမယ့် ဗီနိုင်းတွေ ကပ်ပေးဖို့ အစီအစဥ် ရှိ / မရှိ မဟာအောင်မြေမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြိုးသန္တာ က မေးမြန်းခဲ့ပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝင်ကြီးဌာနရဲ့ ရုံးအတွင်းနဲ့ အဆောက်အဦး အရှေ့မျက်နှာစာတွေမှာ ပြည်သူတွေ သိရှိဖို့ အတွက် အချက် ၁၀ ချက်ပါတဲ့ ဗီနိုင်ဆိုင်းဘုတ်တွေကို ချိတ်ဆွဲထားပြီး အသိပေးကြော်ငြာထားရှိကြောင်းကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပွဲစားတွေကတဆင့် ဆောင်ရွက်စေခြင်းမရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝင်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နဲ့ နိုင်ငံသားဦးစီးဌာန တို့က ၂၀ ရက် ၈ လ ၂၀၂၆ ခုနှစ်မှာ အကြိမ်ကြိမ် လမ်းညွှန်မှာကြားထားပြီး ပွဲစားအကျိုး ဆောင်တွေကို လက်ခံဆောင်ရွက်ပေးခြင်းမရှိကြောင်းနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကလည်း ရုံးအဝင်မှာ စစ်ဆေးဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီး နေလင်းစိုး က ပြန်လည်ဖြေကြားခဲ့ပါတယ်။
