ကိုးကန့်တပ်ဖွဲ့နှင့် အစိုးရ NSPNCဆွေးနွေးပွဲ အပြုသဘောဆောင်တဲ့ ရလဒ်များရှိ

စက်တင်ဘာ ၂၄၊ ၂၀၂၆
NN(VOM)
အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီNSPNC နဲ့ ကိုးကန့်တပ်ဖွဲ့တိုနေပြည်တော်ဆွေးနွေးပွဲဟာ အပြုသဘော ဆောင်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေရှိတယ်လို့ ဆွေးနွေးပွဲအကြောင်း သိရှိတဲ့ သူတချို့ထံကနေ သိရပါတယ်။
ကာလရှည်ကြာ ဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ယုံကြည်မှုပျက်ခဲ့ ရပေမယ့် ဒီဆွေးနွေးပွဲမှာတော့ နှစ်ဖက်လုံးက ယုံကြည်မှုတည်ဆောက်ရေးကို ဦးစား ပေးခဲ့ ကြတယ်လို့လည်း သိရပါတယ်။
“နယ်မြေကိစ္စတွေထက် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးကို နှစ်ဖက် လုံးက ဦးစားပေးဆွေးနွေးနေတယ်” လို့ ဆွေးနွေးပွဲအကြောင်း သိရှိသူ တယောက်က ပြောပါတယ်။
ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ဆွေးနွေးပွဲအပြီးမှာ ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။
ဒေသခံတွေကတော့ ကိုးကန့်တပ်နဲ့ အစိုးရတို့ရဲ့ ဆွေးနွေးပွဲကို အဆင်ပြေ စေချင်နေကြပါတယ်။
“သူတို့ ပြေလည်ရင် သီပေါတံတား ဖွင့်ပေးမလားလို့ မျှော်လင့်တာပါ။ လူတွေ တအားဒုက္ခရောက်ကြလို့လေ။ အဆင်ပြေလို့ တိုက်ပွဲတွေ ပြန်မဖြစ်ရင် ပိုကောင်းမယ်” လို့ ကျောက်မဲမြို့ခံ ကုန်သည်တယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ ရှမ်းမြောက်ဒေသက မြို့တော်တော်များများကို ကိုးကန့်တပ်က သိမ်းထားတာပါ။ တရုတ်ကုန်သွယ်ရေးဂိတ်တွေနဲ့ လမ်းကြောင်း အများစုကို MNDAA က သိမ်းထားပါတယ်။
အစိုးရဘက်ကလည်း ကိုးကန့်ဒေသကို ဖြတ်ပြီး လာတဲ့ကုန်တွေ မြန်မာပြည် ထဲ မဝင်ရောက်အောင် သီပေါတံတားကို ပိတ်ပြီး တားထားပါတယ်။
ဒါ့ကြောင့် ခရီးသည်တွေနဲ့ ကုန်သည်တွေအတွက် အခက်အခဲဖြစ်နေကြရ တာပါ။
ဒီဆွေးနွေးပွဲကနေ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေ ပြန်လွတ်ဖို့ မျှော်လင့်နေ သူတွေလည်း ရှိပါတယ်။
“ကျွန်မအမျိုးသား အဖမ်းခံထားရတာ နှစ်နဲ့ချီနေပြီ။ တခါတလေမှ အဆက်အသွယ်ရတာ။ ဆွေးနွေးပွဲရှိတယ်ဆိုတော့ အဆင်ပြေရင် ပြန်လွတ်လာပါစေလို့ ဆုတောင်းနေရတယ်” လို့ စစ်သုံ့ပန်းမိသားစုဝင် တယောက်က ပြောပါ တယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ MNDAA တပ်ဖွဲ့က အစိုးရတပ် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း ခြောက်ထောင်ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
လားရှိုးတိုက်ပွဲအပြီးမှာတော့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သုံ့ပန်း ငါးထောင်နီးပါးကို ပြန်လွှတ်ပေးထားပါတယ်။
နောက်ထပ် စစ်သုံ့ပန်း ဘယ်လောက်အထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ် ဆိုတာကိုတော့ အစိုးရဘက်ကရော MNDAA ဘက်ကပါ ထုတ်ပြန်တာ မရှိပါဘူး။
MNDAA ဘက်ကတော့ နေထိုင်မကောင်းတဲ့ အစိုးရတပ်ဖွဲ့ဝင်အချို့ကို မကြာခဏဆိုသလို ပြန်လွှတ်ပေးလေ့ရှိပါတယ်။
၁၀၂၇ တိုက်ပွဲကာလမှာ တရုတ်အစိုးရကြားဝင်မှုကြောင့် အစိုးရတပ်နဲ့ ကိုးကန့်တပ်တို့ ပထမဆုံးအပစ်ရပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် လားရှိုးမြို့ပေါ်ရပ်ကွက်တွေကို ကိုးကန့်တပ်က အစိုးရကို ပြန်လွှဲခဲ့ပါတယ်။
ဒါပေမယ့် သီပေါ၊ လားရှိုးလမ်းကနေ သိန္နီမြို့အထိ ကိုးကန့်တပ်တွေ ဆုတ် ခွာပေးဖို့ကို နှစ်ဖက်တပ်တွေ ဆက်ဆွေးနွေးနေကြပေမယ့် ပြေလည်မှု မရသေးပါဘူး။
အစိုးရဘက်က အခုနှစ် ဧပြီကစပြီး ရက် ၁၀၀ စီမံကိန်းအနေနဲ့ တိုင်းရင်း သားအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို ဖိတ်ခေါ်ထား တာပါ။ ပြီးခဲ့တဲ့ ဇွန်လကစပြီး အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တိုင်းရင်း သားအဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ရှမ်းမြောက်ဒေသအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက SSPP၊ NDAA၊ UWSA တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ဇူလိုင် ၁၉ ရက်မှာလည်း TNLA နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဩဂုတ်လဆန်းပိုင်းမှာတော့ “ဝ” တပ်ဖွဲ့နဲ့ NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိမှာ MNDAA တပ်ဖွဲ့နဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။
ပုံစာ – MNDAAတပ်ဖွဲ့ပုံ​ဟောင်း

Related posts

✕
VOM News

FREE
VIEW