စက်တင်ဘာ ၂၄ – ၂၀၂၆
SN (VOM)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာ စက်မှုဇုန် တိုးချဲ့ဧရိယာအတွင်းက မြေတွေပေါ်မှာ အကွက်ရိုက် အိမ်ဆောက်ထားသူတွေကို သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ပြန်ပြီး ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှည်းကူးမြို့နယ်က ကျေးရွာ ၉ ရွာရှိ တရားမဝင် ဆောက်လုပ်ထားတဲ့ အကွက်ရိုက်အိမ်တွေနဲ့ တောင်ကြီး၊ အေးသာယာစက်မှုဇုန်၊ အမှတ်(၁၂) ရပ်ကွက်၊ တိုးချဲ့ဧရိယာအတွင်းရှိ နေအိမ်ခြံဝင်း ၃၀၀ ကျော်ကို ဖယ်ရှားခိုင်းနေတာလို့ သိရပါတယ်။
“၂၁ ရက်အတွင်း ဖယ်ရမယ်။ ဖယ်မပေးရင် အရေးယူမယ်ဆိုပြီး ပြောထားတယ်။ ရက်ပိုင်းအတွင်း အိမ်ကို ဖျက်ခိုင်းတော့ ပစ္စည်းတွေ ဘယ်ရွှေ့ရမှန်းလည်း မသိဘူး။ ဘယ်သူမှလည်း ဖယ်မပေးချင်ကြဘူး။ နေလာတာလည်း ကြာပြီလေ။ ပြီးတော့ မြေဖိုးရော၊ အိမ်ဆောက်ခရော အကုန်ဆုံးရှုံးရမယ့်ကိန်း ဆိုက်နေတယ်” လို့ အေးသာယာစက်မှုဇုန်အတွင်း နေထိုင်သူက ပြောပါတယ်။
အေးသာယာစက်မှုဇုန် တိုးချဲ့မြေဧရိယာပေါ်မှာ မြေပေးမိန့်နဲ့ ခွင့်ပြုထားခြင်းမရှိဘဲ တရားမဝင် ဆောက်လုပ်ထားတာကို တွေ့ရှိရတဲ့အတွက် အဲဒီမြေပေါ်မှာ ဝင်ရောက်နေထိုင်ခြင်း မပြုဘဲ ထွက်ခွာသွားရမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားစာ ပေးပို့ထားတာ ဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံပိုင်ပစ္စည်းမှတပါး တခြားအရပ်ရပ် ပစ္စည်းတွေကိုလည်း အမိန့်စာပါ နေ့ရက်မှစတင်ကာ ၂၁ ရက်အတွင်း အဲဒီ မြေပေါ်ကနေ ရွှေ့ပြောင်းရမှာဖြစ်ပြီး ၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေနဲ့ အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နဲ့ နည်းဥပဒေ ၆၉ (၁) တို့အရ နို့တစ်စာ ထုတ်ပြန်တာလို့ သိရပါတယ်။
ဆင့်စာပါ အမိန့်အတိုင်း လိုက်နာရန်ပျက်ကွက်ပါက ၁၈၈၉ ခုနှစ်၊ အထက်မြန်မာပြည်မြေနှင့် အခွန် စည်းမျဉ်းဥပဒေ ပုဒ်မ ၂၅ (ဃ) နဲ့ နည်းဥပဒေ ၆၉ (၂) တို့အရ အရေးယူခြင်းခံရမယ်လို့လည်း အသိပေးထားပါတယ်။
ဒါအပြင် လှည်းကူးမြို့နယ်အတွင်းမှာလည်း ဝါးရုံစွန်၊ မြင်းတာ၊ ဆားဖို၊ ခရိမ်၊ စွယ်လက်၊ ဒါးပိန်၊ ဆားကွင်း၊ ဘုရားကွင်းနဲ့ ပေါက်စောက် ရွာနီးစပ်က လယ်မြေ၊ ဥယျာဥ်ခြံမြေ၊ စားကျက်မြေ အကွက်ရိုက် ရောင်းထားတာတွေကို သက်ဆိုင်ရာက ဖယ်ရှားခိုင်းနေတယ်လို့ သိရပါတယ်။
“နှစ်ပေါင်း ၅၀ ကျော်ကြာ နေထိုင်လာခဲ့ကြတဲ့နေရာပါ။ ဝယ်တုန်းကတော့ ဒါက ကျူးကျော်မြေ၊ စားကျက်မြေမှန်း ဘယ်သူမှ ပြောရောင်းကြတာမဟုတ်ဘူး။ အခု ဖယ်ခိုင်းတဲ့စာ ရောက်လာမှသာ သိကြရတာ။ အများကြီး နစ်နာရတာပေါ့။ တကယ်လို့များ မဖြစ်မနေ ဖယ်ပေးရမယ်ဆိုရင်လည်း အစိုးရအနေနဲ့ တခြားနေရာလေး တခုခုမှာ အစားထိုးပြီး နေစရာ စီစဉ်ပေးစေချင်ပါတယ်” လို့ လှည်းကူးဒေသခံက ပြောပါတယ်။
မြေပွဲစားတွေနဲ့ မြေကွက်ရိုက်သူတွေက မြေတွေကို ရောင်းချခဲ့စဥ်က ပိုင်ဆိုင်မှုခိုင်မာပြီး အစိုးရစီမံချက်နဲ့ ချပေးထားတာဖြစ်ကာ မကြာခင် ဂရန်ရမယ်လို့ဆိုပြီး လိမ်လည် ရောင်းချခဲ့တာလို့ သူက ပြောပါတယ်။
“ဒါးပိန်ရွာမှာဆိုလည်း တိုးချဲ့မြေတွေသိမ်းရင်တော့ မပြောတတ်ဘူး။ အရင်တုန်းကတည်းကရှိတဲ့ ဒါးပိန်ရွာကြီးကတော့ ဘိုးဘွားလက်ထက်ကနေ နေလာဆိုရင် မျိုးဆက်က သုံးဆက်လောက် ရှိတော့မယ်။ ပြီးတော့အစိုးရက တရားဝင်ချပေးထားတဲ့ တိုက်နယ်ဆေးရုံနဲ့ အစိုးရစာသင်ကျောင်းတွေလည်း ရှိသေးတယ်။ ဒါမှ ရွာမြေမစစ်ဘူးဆိုရင်တော့ သူတို့ပါးစပ်ထဲက ဥပဒေအတိုင်းပဲပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ပြင်ဦးလွင် ရာတနာပုံမြို့သစ် စီမံကိန်းမှာလည်း နေအိမ်နဲ့ ဆိုင်ခန်းတွေ ဖယ်ရှားခံခဲ့ရသလို ဘုန်းကြီးကျောင်းဝင်း ၁၄ ခုအထိ ဖယ်ရှားစာရင်းထဲ ပါခဲ့ပြီး တချို့ ကျောင်းတွေကတော့ နှစ် ၃၀ ကျော်ကြာ တည်ရှိလာခဲ့တဲ့ ဘာသာရေး အဆောက်အအုံတွေလို့ သိရပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေတယောက်က “အမှန်တကယ် ဖြစ်သင့်တာက အကွက်ရိုက်စနစ်နဲ့ မတရား ရောင်းစားသွားတဲ့ မူလပွဲစားတွေနဲ့ လိမ်လည်သူတွေကို ထိထိရောက်ရောက် အရေးယူရမှာပါ။ အဲဒီလိုမှ အရေးယူတာမရှိဘဲ၊ နောက်ဆုံးမှ ငွေပေးဝယ်ယူမိပြီး အိမ်ဆောက်နေထိုင်တဲ့ သာမန်ပြည်သူတွေကိုသာ ‘ကျူးကျော်’ လို့ သတ်မှတ်ပြီး ဖယ်ရှားနေမယ်ဆိုရင်တော့ မြေယာအရှုပ်အထွေး ပြဿနာတွေက ပိုပြီး ကြီးထွားလာနိုင်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ပွဲစားတွေကို အရင်စစ်ဆေးသင့်တာပါ” လို့ ပြောပါတယ်။
ဒါအပြင် ပြည်သူတွေအနေနဲ့လည်း မြေဝယ်ယူမယ် ဆိုပါက ရွာမြေအစစ်အမှန် ဟုတ်၊ မဟုတ်၊ မြေစာရင်းရုံးမှာ အမည်ပေါက် ရှိ၊ မရှိနဲ့ စစ်တပ်/အစိုးရ စီမံကိန်းမြေတွေနဲ့ လွတ်ကင်းမှု ရှိ၊ မရှိကို သေချာစွာ စိစစ်ပြီးမှသာ ဝယ်ယူသင့်တယ်လို့ သူက ပြောပါတယ်။
Photo – CJ
