သပိတ်ကျင်း ဇန်နဝါရီ ၁၅-၂၀၁၉
လင်းလင်း (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၀ါးဖြူ တောင်ကျေးရွာအုပ်စု၊ ၉ မိုင်ရွာရဲ့ မြောက်ဘက်က တောတန်းတစ်ခုမှာ ဒဏ်ရာတွေနှင့် သေဆုံးနေတဲ့ အလောင်းနှစ်ခုကို ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရှိခဲ့တယ် လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
သေဆုံးသူနှစ်ဦးဟာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်ပြီး နွားအရောင်းအဝယ် လုပ်ကိုင်နေသူတွေဖြစ်တယ် လို့ သိရပါတယ်။ သေဆုံးသူတွေဟာ မထု၊ကောင်းမှုရံရွာ၊ မန်ဝန်းကြီးမြို့နယ်၊ ဒုက္ခသည်စခန်း၊ ကချင်ပြည်နယ် နေသူနှင့် ဦးတင်မောင်ဝင်း မှန်ရင်းရွာ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ နေသူနှစ်ဉီးဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ခန့်က နွားအရောင်းအဝယ် သတင်းစုံစမ်းဖို့ ပေါက်တပင်ကျေးရွာရှိ တည်းခိုရာနေအိမ်ကနေ ထွက်ခွာသွားရာက ပြန်လည်ရောက်ရှိမလာတော့တာ ဖြစ်ပြီး လူသေအလောင်းတွေ တွေ့ရှိတဲ့အတွက် စစ်ဆေးကြည့်ရာမှာ ၎င်းတို့နှစ်ဦးဖြစ်နေတယ်လို့ သိရပါတယ်။
သေဆုံးနေသူ နှစ်ဦးဟာ မျက်နှာမှာ ပေါက်ပြဲဒဏ်ရာတွေ အသီးသီးတွေ့ရှိရပြီး ၎င်းတို့ အနီးမှာလည်း မူးယစ်ဆေးဝါးသုံးရာတွင် အသုံးပြုတယ်လို့ ယူဆရတဲ့ ထိပ်ပိုင်းဖြတ်တောက်ထားတဲ့ အအေးဘူးခွံတစ်ခုနှင့် အအေးသောက်သည့်ပိုက် သုံးချောင်း၊ထိပ်ဖြတ်ဆေးထိုးအပ် အဖုံးအခွံ တစ်ခု၊ ခဲပြား သုံးခုထည့်ထားတဲ့ အချိုရည်ဘူးခွံ တစ်ခု၊ ဝါးဆစ်ပိတ် တုတ်တစ်ချောင်းစတဲ့ ပစ္စည်းတွေကိုလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီ ကိစ္စနဲ့ ပက်သက်ပြီး သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီးတော့ သပိတ်ကျင်း မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး ကွင်းဆင်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သပိတ်ကျင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံက ဆက်လက်သိရပါတယ်။
#voiceofmyanmar #သပိတ်ကျင်း #နွားအရောင်းအဝယ်#လူသတ်မှု
ဓါတ်ပုံ