သပိတ်ကျင်းမြို့နယ်တွင် နွားအရောင်းအဝယ် လုပ်ကိုင်သူ နှစ်ဦး အသတ်ခံရ

သပိတ်ကျင်း ဇန်နဝါရီ ၁၅-၂၀၁၉

လင်းလင်း (VOM)

မန္တ​လေးတိုင်း၊ သပိတ်​ကျင်းမြို့နယ်​၊ ၀ါးဖြူ ​တောင်​​ကျေးရွာအုပ်​စု၊ ၉ မိုင်​ရွာရဲ့ မြောက်​ဘက်​က တောတန်းတစ်ခုမှာ ဒဏ်​ရာတွေနှင့် ​သေဆုံး​နေတဲ့ အ​လောင်းနှစ်ခုကို ဇန်​နဝါရီလ ၁၄ ရက်​​နေ့က ​တွေ့ရှိခဲ့​တယ် လို့ မန္တလေးတိုင်းရဲတပ်​ဖွဲ့မှူးရုံးကနေ သိရပါတယ်။

သေဆုံးသူနှစ်ဦးဟာ အသက်​ ၄၂ နှစ်​အရွယ်​ အမျိုးသမီးတစ်ဦးနှင့်​ အသက်၄၅ နှစ်အရွယ် အမျိုးသားတစ်​ဦး တို့ဖြစ်ပြီး နွားအရောင်းအဝယ် လုပ်ကိုင်နေသူတွေဖြစ်တယ် လို့ သိရပါတယ်။ သေဆုံးသူတွေဟာ မထု၊ကောင်းမှုရံရွာ၊ မန်ဝန်းကြီးမြို့နယ်၊ ဒုက္ခသည်စခန်း၊ ကချင်ပြည်နယ် နေသူနှင့် ဦးတင်မောင်ဝင်း မှန်ရင်းရွာ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ နေသူနှစ်ဉီးဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ခန့်က နွားအရောင်းအဝယ် သတင်းစုံစမ်းဖို့ ပေါက်တပင်ကျေးရွာရှိ တည်းခိုရာနေအိမ်ကနေ ထွက်ခွာသွားရာက ပြန်လည်ရောက်ရှိမလာတော့တာ ဖြစ်ပြီး လူသေအလောင်းတွေ တွေ့ရှိတဲ့အတွက် စစ်ဆေးကြည့်ရာမှာ ၎င်းတို့နှစ်ဦးဖြစ်နေတယ်လို့ သိရပါတယ်။

သေဆုံး​နေသူ နှစ်ဦးဟာ မျက်​နှာမှာ ပေါက်​ပြဲဒဏ်​ရာတွေ အသီးသီး​တွေ့ရှိရပြီး ၎င်းတို့ အနီးမှာလည်း  မူးယစ်​​ဆေးဝါးသုံးရာတွင်​ အသုံးပြုတယ်လို့ ယူဆရတဲ့ ထိပ်​ပိုင်းဖြတ်​​တောက်​ထားတဲ့ အ​အေးဘူးခွံတစ်​ခုနှင့်​ အ​အေး​သောက်​သည့်​ပိုက်​ သုံး​ချောင်း၊ထိပ်ဖြတ်ဆေးထိုးအပ် အဖုံးအခွံ တစ်ခု၊ ခဲပြား သုံးခုထည့်ထားတဲ့ အချိုရည်ဘူးခွံ တစ်ခု၊ ဝါးဆစ်​ပိတ်​ တုတ်​တစ်​​ချောင်းစတဲ့ ပစ္စည်းတွေကိုလည်း​ တွေ့ခဲ့ရ​တယ်လို့ သိရပါတယ်။

အဲဒီ ကိစ္စနဲ့ ပက်​သက်​ပြီး သပိတ်ကျင်းမြို့နယ် ရဲတပ်​ဖွဲ့က တရားလိုပြုလုပ်​ပြီးတော့ သပိတ်​ကျင်း မြို့မရဲစခန်းမှာ  ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထား​ပြီး ကွင်းဆင်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့  သပိတ်ကျင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံက ဆက်လက်သိရပါတယ်။

#voiceofmyanmar #သပိတ်ကျင်း #နွားအရောင်းအဝယ်#လူသတ်မှု

ဓါတ်ပုံ

Related posts

VOM News

FREE
VIEW