တရုတ်ဘက်ခြမ်းထဲက သစ်သီးကားတွေအနေနဲ့ ဆေးစစ်စရာ မလိုတော့ဘူးလို့သိရ

ဇွန် ၂-၂၀၂၂
Shy V(VOM)

မူဆယ်နယ်စပ်နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်း ဝမ်တိန် သစ်သီးအရောင်းကွင်းကနေ တရုတ်ပြည်ထဲ ထွက်ခွာမယ့် သစ်သီးကုန်တင်ကားတွေအနေနဲ့ ဆေးစစ်စရာ မလိုတော့ဘဲ သွားလာဖို့အတွက် တရုတ်ဘက်က ဖြေလျှော့လိုက်ပြီဖြစ်တယ်လို့ နယ်စပ် ကုန်သည်တွေဆီက သိရပါတယ်။

“တရုတ်ပြည်တွင်း ထွက်ခွာမယ့်ကားတွေကို ဆေးစစ်စရာ မလိုတော့ဘူး။ အသီးကားတွေ အားလုံး ကားချိန်းပြီး ကိုယ်သွားချင်တဲ့ မြို့ကို သွားလို့ရပြီ”လို့ မြန်မာအသီး Exportကုန်သည် ၁ ဦးက ပြောပါတယ်။

တရုတ်ဘက် ဖြေလျှော့လိုက်တာကြောင့် မြန်မာဘက်ကနေ တရုတ်ဘက်ကို တင်ပို့နေတဲ့ အသီးတင်ပို့မှု ပိုမြန်လာပြီး အရောင်းသွက်လာတဲ့အပြင် အသီးအရည်အသွေး လတ်ဆတ်တာကြောင့် ဈေးကောင်းရလာမှာကိုလည်း မျှော်လင့်တယ်လို့ သစ်သီးကုန်သည် ၁ ဦးက ပြောပါတယ်။

“အရင်တုန်းက ဆေးစစ်မှုတွေနဲ့ဆိုတော့ အချိန်တွေက ကြာမြင့်တယ်လေ။ ဆေးစစ်ပြီးရင်လည်း သရက်သီးကားတွေ ၃ ရက်လောက် ကွာရန်တင်း ဝင်ရတယ်။ ဒီဘက်မှာ ပြန်ဝင်မယ့် ဝယ်လက်တွေလည်း မဝင်ရဲဘူး။” လို့ သူကပြောပါတယ်။

တရုတ်ပြည်ဘက်ခြမ်းမှာ ယခင်က ၁၀ နေရာခန့် စစ်ဆေးနေရာ မေလ ၄ ရက်နေ့ကစပြီး ၈ နေရာ၊ မေလ ၂၂ ရက်နေ့ကစ ဖရဲ သခွား သရက်သီးတွေကို ၄ နေရာထိ လျှော့ချစစ်ဆေးကာ မနေ့ဇွန်လ ၁ ရက်နေ့မှာတော့ ဆေးစစ်စရာမလိုတော့ဘဲ တခါထဲ တန်းထွက်လို့ရတဲ့ထိ ဆေးစစ်တာကို ဖြေလျှော့ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း နှစ်နိုင်ငံနယ်စပ် ကျင်းစန်းကျော့ဂိတ်ပေါက်ကို တရုတ်ကာစတန်တွေအနေနဲ့ နေ့လယ်ပိုင်း ထမင်းစားနားချိန် အနားမယူတော့ဘဲ အလှည့်ကျထမင်းစားနားကာ မနက် ၉ နာရီ ကနေ ညနေ ၆ နာရီထိ ဖွင့်ထားပေးတယ်လို့လည်း ကုန်သည်တွေဆီက သိရပါတယ်။

တရုတ်ဘက်က တင်းကြပ်မှုတွေဟာ မြန်မာဘက်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ မြန်မာ့ထွက်ကုန်တွေ တင်ပို့ရာမှာ နှောင့်နှေးကြန့်ကြာစေတဲ့အပြင် အချိန်ကြန့်ကြာတာကြောင့် သစ်သီးအရည်အသွေး ကျဆင်းမှုဖြစ်စေတာလည်း ဖြစ်ပါတယ်။

တရုတ်ဘက်က ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို တဖြည်းဖြည်းချင်းစီ ဖြေလျှော့လာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photi-သူရမျိုး
#voiceofmyanmar #VOM #မူဆယ် #တရုတ်ဘက် #သစ်သီးကား #ဆေးစစ်စရာမလို

Related posts

Leave a Comment

VOM News

FREE
VIEW