ဂျကာတာ၊ နို၀င်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)
အမျိုးသမီးနဲ့ ကလေးငယ်တွေအပါ၀င် ရိုဟင်ဂျာဒုက္ခသည် ၁၁၁ ဦးကို တင်ဆောင်လာတဲ့ စက်လှေတစင်းဟာ အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း အာချေးပြည်နယ်ကမ်းရိုးတန်းကို နို၀င်ဘာ ၁၅ ရက်မှာ ရောက်ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသခံတံငါသည်တွေဟာ Meunasah Baro ကျေးရွာအနီးမှာ ဒုက္ခသည်တွေကို တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ထဲမှာ အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၂၇ ဦးနဲ့ ကလေးငယ် ၁၈ ဦးတို့ပါ၀င်တယ်လို့ အာချေးပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒုက္ခသည်တွေဟာ စာလောင်မွတ်သိပ်နေကြပြီး ကျန်းမာရေးမကောင်းသူများလည်း ပါ၀င်တာကြောင့်သူတို့ကို ကျေးရွာအနီးမှာ နေရာချထားပေးပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။
အာချေးပြည်နယ်ကမ်းရိုးတန်းမှာ စက်လှေသောင်မတင်ခင် သူတို့ဟာ မလေးရှားနိုင်ငံကိုသွားဖို့ ရည်မှန်းထားကြောင်း ဒုက္ခသည်တွေထဲက တဦးဖြစ်သူ မိုဟာမက်အမင်က ပြောပါတယ်။
မတ်လအတွင်းကလည်း အာချေးပြည်နယ် Bireuen ခရိုင်ထဲမှာ ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ဦးကို အင်ဒိုနီးရှားအာဏာပိုင်တွေက ကယ်တင်ခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပိုမိုကောင်းမွန်တဲ့ ရှင်သန်ရပ်တည်မှုအတွက် မွတ်ဆလင်အများစုနေထိုင်ရာ အိမ်နီးချင်းနိုင်ငံတွေကို ပင်လယ်ပြင်ကနေ စက်လှေတွေနဲ့ ဖြတ်သန်းရောက်ရှိဖို့ ကြိုးစားလေ့ရှိပါတယ်။
Ref:ABC
Photo:Reuters
#voiceofmyanmar #VOM #ဂျကာတာ