ပြည်တွင်း ဒေါ်လာဈေး ပြန်လည် ကျဆင်းလာ

နိုဝင်ဘာ ၂၃ – ၂၀၂၂
SN (VOM)

ဩဂုတ်လအတွင်းက တဒေါ်လာ ၄၅၀၀ ကျပ်အထိ စံချိန်တင် အတက်ကြမ်းခဲ့တဲ့ အမေရိကန်ဒေါ်လာ ငွေလဲဈေးနှုန်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့ကစတင်လို့ တဒေါ်လာ ကျပ် ၃၀၀၀ အောက်ကို ဆက်တိုက် ပြန်လည် ကျဆင်းလာနေတယ်လို့ ငွေကြေးစျေးကွက်အတွင်းက သိရပါတယ်။

အခုလို ပြည်တွင်းငွေလဲနှုန်း ပြန်လည် ကျဆင်းလာတာဟာ ကမ္ဘာ့ရေနံဈေးနှုန်း အကျဘက် ရောက်လာခြင်း၊ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာခြင်းတို့နဲ့ သက်ဆိုင်နေတယ်လို့ ငွေကြေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

“ဒေါ်လာဈေးက နိုဝင်ဘာ ဒုတိယပတ်လောက်ကတည်းက တဖြည်းဖြည်း ပြန်ကျနေတာ။ ကမ္ဘာ့ရေနံဈေးလည်း အကျဘက်ရောက်နေတယ်။ နောက် အမေရိကန်‌ဗဟိုဘဏ်ရဲ့ ဘဏ်တိုးနှုန်းကလည်း မူဝါဒ အပြောင်းအလဲတွေရှိနေတော့ အဲ့ဒါကြောင့် ပြည်တွင်းက ဒေါ်လာဈေးတွေ တအိအိနဲ့ ပြန်ကျနေတာပါ” လို့ ငွေကြေးကျွမ်းကျင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ယွမ်နဲ့ ဘတ်ငွေကို ဒေါ်လာမူဝါအတိုင်း ကျင့်သုံးသွားမယ်လို့ မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်း ပြည်တွင်းဒေါ်လာဈေးတွေဟာ အကျဘက်ကို ပိုမိုရောက်ရှိလာနေတယ်လို့ သူက ပြောပါတယ်။

“ဒီကြေညာချက်နဲ့လည်း ဆိုင်တာပေါ့။ ဒေါ်လာဈေးက နောက်ပိုင်းမှာ အခုထက်ပိုပြီး ကျလာနိုင်ချေလည်းရှိတယ်”လို့ သူက ပြောပါတယ်။

တပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းဒေါ်လာဈေးတွေဟာ နိုဝင်ဘာ ၁၇ ရက်မှာ ရောင်းဈေး တဒေါ်လာ ၂၉၃၀ ၊ ဝယ်ဈေး ၂၉၆၀ ၊ ၁၈ ရက်မှာ ရောင်းဈေး ၂၉၄၀ ၊ ဝယ်ဈေး ၂၉၁၀ ၊ ၁၉ ရက်မှာ ရောင်းဈေး ၂၉၂၀ ၊ ဝယ်ဈေး ၂၈၉၀ ၊ ၂၀ နဲ့ ၂၁ ရက်မှာ ရောင်းဈေး ၂၉၀၀ ၊ ဝယ်ဈေး ၂၈၇၀ ၊ ၂၂ ရက်မှာ ရောင်းဈေး ၂၈၉၀ ၊ ဝယ်ဈေး ၂၈၆၀ ၊ ၂၃ ရက်မှာ ရောင်းဈေး ၂၈၈၀ ၊ ဝယ်ဈေး ၂၈၅၀ ရှိပြီး ဆက်တိုက် ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ပြည်တွင်းဒေါ်လာစျေးကွက်ကဏ္ဍ

Related posts

✕
VOM News

FREE
VIEW