ဒီဇင်ဘာ ၂ – ၂၀၂၂
SN (VOM)
ယန်းငွေ တန်ဖိုး အပြောင်းအလဲကြောင့် ဂျပန်နိုင်ငံက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကြေးနဲ့ ပျောက်ဆုံးဒဏ်ကြေးတွေ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။
အရင်က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် ယန်း ၃၀၀၀ ပဲ ကျသင့်ပေမယ့် အခု ၄၀၀၀ ကျပ် ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးဒဏ်ကြေးကိုလည်း ယန်း ၁၀၀၀၀ ကနေ ယန်း ၁၂၀၀၀ အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
“ဒီဘက်မှာ ကုန်စျေးနှုန်းတွေလည်း တက်နေတာဖြစ်တော့ အဆင်မပြေဘူး။ မရှိလို့ ပိုက်ဆံလာရှာတာကို ၁၀၀၀ ဆိုလည်း ၁၀၀၀ တန်ဖိုးရှိတယ်လေ။ မြန်မာနိုင်ငံမှာ စီးပွားရေးအဆင်မပြေလို့ သူများနိုင်ငံမှာ လာလုပ်စားတာကို သူတို့က ပြည်သူဆီက ရရင်ရသလို အမြတ်ထုတ်ပြီး ခေါင်းပုံဖြတ်နေတယ်”လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
ဂျပန်က မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးနဲ့ ပျောက်ဆုံးဒဏ်ကြေးကို လာမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“သက်တမ်းတိုးတာက ၅ နှစ်မှာ တကြိမ်ပဲ လုပ်ရတာဆိုတော့ ဒီ ၁၀၀၀ လောက်က သိပ်တော့ မပြောပလောက်ဘူးပေါ့။ ၅ နှစ်ကိုတကြိမ် ၁၀၀၀ ပဲ ပေးမှာဆိုတော့လေ။ ဒါပေမယ့် ပျောက်ဆုံးဒဏ်ကြေးကတော့ အရမ်းများတယ်။ ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေကို အခုလို စာတွေ တစောင်ပြီးတစောင်ထုတ်ပြီး ကန့်သတ်နေတာလည်း အဆင်မပြေဘူး”လို့ ဂျပန်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ နောက်ထပ် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။
လက်ရှိ ဂျပန်နိုင်ငံမှာ မြန်မာလုပ်သား ၅၀၀၀၀ ဝန်းကျင် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြပြီး အခု ၂၀၂၂ ခုနှစ်ထဲမှာတင် လူဦးရေ ၁၀၀၀၀ ဝန်းကျင် သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #VOM #ဂျပန်သံရုံး #နိုင်ငံကားလက်မှတ် #သက်တမ်းတိုးကြေးတိုးမြင့်