မြန်မာပြည် (အထက်ပိုင်း) မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်

စက်တင်ဘာ ၂၃ – ၂၀၂၆
SN (VOM)
မြန်မာပြည် (အထက်ပိုင်း) က အင်းတော်၊ မြစ်ခြေ၊ ဆိပ်ဖြူနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းက ကျေးရွာတွေမှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။
“စက်တောကုန်း၊ နန့်သဲ၊ နောင်မိုးနဲ့ သံဘိုကျေးရွာတွေမှာ လေကြောင်းဖြစ်တာ။ စက်တောကုန်းရွာအကျော်က ဆီခြံနားမှာ ပေါက်ကွဲတာက ဆီဆိုင်ရော၊ ဆီဘောက်ဆာကားတွေရော၊ ကုန်ကားတွေရောပါ မီးလောင်ကုန်တယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေကို ကြက်ခြေနီအဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး လက်တလော အခြေအနေအရ သေဆုံး၊ ဒဏ်ရာရ အရေအတွက် တိုးလာနိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ မန္တလေးတိုင်းအတွင်းက နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာမှာလည်း မနေ့ စက်တင်ဘာ ၂၂ ရက်၊ ညနေ ၅ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး နှစ်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးနှစ်ယောက်မှာ တယောက်က ဆေးရုံပို့ရင်း လမ်းမှာ ဆုံးသွားတာ။ လေကြောင်း တိုက်ခိုက်တာအပြင် လက်နက်တွေနဲ့ပါ ပစ်ခတ်မှုဖြစ်ခဲ့တာ။ ဒဏ်ရာရတွေထဲမှာလည်း တယောက်က စိုးရိမ်ရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မကွေးတိုင်းအတွင်းက မြစ်ခြေမြို့နယ်မှာလည်း စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေက လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့သိရပြီး တယောက် ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မကွေးတိုင်းအတွင်းမှာပဲ ဆိပ်ဖြူမြို့နယ်က အင်းကန်ကျေးရွာမှာလည်း စက်တင်ဘာ ၂၂ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာတော့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် မြစ်ခြေနဲ့ ဆိပ်ဖြူရှိ ကျေးရွာအများအပြားက ဒေသခံတွေ ရွာလုံးကျွတ် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW