ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၂
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ကသာမြို့နယ် ၊ မြေနုကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၆ ရက် ၊ မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပြီး မြေနုရွာထဲက လူနေအိမ်တွေ မီးလောင်ပျက်စီးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ရွာဘက်ကို စစ်ကြောင်းဝင်လာပြီဆိုတာနဲ့ ရွာကလူတွေ ထွက်ပြေးတိမ်းရှောင်ရတယ် ၊ ရွာဘက်မှာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပြီးနောက် ရွာထဲက လူနေအိမ် ၂၀ ကျော် မီးလောင်တယ် ၊ ရွာမှာက အိမ်ခြေ ၁၆၀ လောက်ရှိတဲ့အထဲက အိမ် ၂၀ ကျော် မီးလောင်တယ် ၊ အိမ်မွေးတိရစ္ဆာန်တချို့သေတယ် ၊ လူအသေအပျောက်တော့ မရှိဘူး “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” အိမ်ခြေ ၂၀ ကျော်လောက် လောင်သွားတယ် ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နေရာဝန်းကျင်းကို အသေးစိပ်ရှင်းလင်းတဲ့အခါ ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားတဲ့ အမျိုးသား ရုပ်အလောင်းတချို့၊ အမ် ၂၂ သေနတ် ၁ လက်၊ ကျည် ၄၀ တောင့်၊ ကျည်အိမ် ၂ ခု နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ကျောက်အိုက်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာနားမှာ ၊ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လူနေအိမ် ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း ထီးချိုင့်မြို့နယ် ၊ အလယ်တောကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရွာထဲက လူနေအိမ် ၂၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်မှာ အိမ်ခြေ သုံးရာဝန်းကျင်နဲ့ နိုဝင်ဘာ ၂၅ ရက်က အရာတော်မြို့နယ်မှာ အိမ်ခြေ ၈၀ ကျော် မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။
#voiceofmyanmar #VOM #ကသာ