သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ ရပ်တည်တဲ့ လှုပ်ရှားမှုများပြုလုပ်

ဒီဇင်ဘာ ၇ – ၂၀၂၂
SN (VOM)

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်တယ်ဆိုတဲ့ လှုပ်ရှားမှုတွေကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စတင်လုပ်ဆောင်နေရာ လက်ရှိမှာတော့ လူမှုကွန်ရက်ပေါ်မှာပါ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။

ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂က/၃၄ နဲ့ နစကက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်က သေဒဏ်အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခုလိုသေဒဏ်ချတာကို ခြွင်းချက်မရှိ ဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ “Stop Executing Our Students၊ Stop Executing Our Friends၊ Dagon University Students၊ Failed Law၊ Myanmar Under Death Penalty၊ We Are Under Death Penalty” အစရှိတဲ့ စာသားတွေနဲ့ Profile Photo လှုပ်ရှားမှု၊ လက်ဖဝါးမှာ စာရေးဓာတ်ပုံရိုက်တင်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာကို တွေ့ရပါတယ်။

“လက်ရှိဖြစ်နေတဲ့ ဖြစ်ရပ်တွေအားလုံးရဲ့ တရားခံက အာဏာရှင်စနစ်ဆိုးပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဆိုရင် ရေတိုဖြေရှင်းနည်းမျိုးနဲ့ ဖြေရှင်းလို့မရပါဘူး။ နောက်ဆုံး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပါစေဦး၊ ဒါဟာ ကျွန်တော်တို့အတွက် စစ်မှန်တဲ့အဖြေမဟုတ်ပါဘူး”လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် မောင်စက ”စစ်ခုံရုံးရဲ့ တရားမဲ့ သေဒဏ်ချမှတ်ခံနေရသူများ၊ အဖိနှိပ်ခံ နိုင်ငံရေးအကျဥ်းသားများနှင့်အတူ” ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလို ကျောင်းသားတွေ သေဒဏ်ချမှတ်ခံရမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးအရေးယူပေးဖို့ကိုလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တောင်းဆိုထားပါတယ်။

“စစ်အုပ်ချုပ်ရေးကို လူတွေလေးစားအောင် မနေဘဲ အသွေးထဲအသားထဲကကို မုန်းအောင်လုပ်နေတာ။ တန်ဖိုးရှိတဲ့အသက်တွေ ထပ်ပြီး ဆုံးရှုံးတာမျိုး မဖြစ်စေချင်တော့ဘူး” လို့ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်တဲ့ စာရင်းတွေအရ လက်ရှိအချိန်အထိ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိနေပြီး ဒီအထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒဂုံတက္ကသိုလ်ကျောင်းသား #သေဒဏ် #ဆန့်ကျင်လှုပ်ရှားမှု

Related posts

✕
VOM News

FREE
VIEW