ဒီဇင်ဘာ ၂၃- ၂၀၂၂
SW (VOM)
“ဒီကို ထွက်ပြေးမလာခင်တရက်ဆိုရင် ကျွန်မတို့ လင်မယားနှစ်ယောက်က တောင်ယာလုပ်နေတုန်း ပစ်ခတ်သံတွေကြားတော့ ကလေးတွေအိမ်မှာ ကြောက်လန့်ပြီးငိုနေကြတာ။ နောက်တနေ့ကျတော့ တိုက်ပွဲက ပိုပြင်းလာလို့ ထွက်ပြေးလာကြတာ”လို့ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရခိုင်တိုင်းရင်းသူတဦးဖြစ်တဲ့ ဒေါ်လှနုဖြူက ပြောပါတယ်။
လက်ရှိမှာ ဒေါ်လှနုဖြူတို့ဟာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်က ဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှာခိုလုံနေတာတွေ့ခဲ့ရပြီး သူဟာ ပလက်ဝမြို့နယ်၊ လေလကျေးရွာအုပ်စုက စိမ်းညှင်းဝကျေးရွာဇာတိဖြစ်ပါတယ်။
ဒေါ်လှနုဖြူတို့မိသားစုဟာ လက်ရှိခိုလုံနေတဲ့ စစ်ဘေးရှောင်စခန်းမှာ ၆ ပေပတ်လည် စစ်ဘေးရှောင် တဲအိမ်တန်းလျားထဲက အခန်းကျည်းထဲမှာ မိသားစုဝင် ၅ ဦးနဲ့ ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်နေကြရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆယ်တန်းကျောင်းသူ တဦး၊ လေး တန်းကျောင်းသား တဦးနဲ့ တစ်နှစ်ကျော်အရွယ် ကလေးငယ်တဦးတို့နဲ့အတူ စစ်တွေမြို့၊ မင်းဂံရပ်ကွက်က ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက အခန်းကျဉ်းလေးမှာ နေထိုင်ရင်း အမျိုးသားဖြစ်သူရဲ့ဝင်ငွေတခုတည်းနဲ့ပဲ စားဝတ်နေရေး၊ သားသမီးပညာရေးတို့အတွက် ရုန်းကန်နေကြရတာဖြစ်ပါတယ်။
“တိုက်ပွဲသံကို နေရာတိုင်းက ကြားလာရတဲ့အခါ တရွာသားလုံး အလုပ်မသွားနိုင်ခဲ့ကြပါဘူး။ ကိုယ်ပိုင်လယ်ယာလုပ်ငန်းတွေ မလုပ်ကြရတဲ့အခါ ရှိတာလေးနဲ့ စားသောက်ကြရတယ်။ နောက်တော့ တိုက်ပွဲတွေက ရွာနားကို တဖြည်းဖြည်းနီးကပ်လာတဲ့အခါ တရွာလုံးထွက်ပြေးဖို့ ဆုံးဖြတ်ပြီး ကလေးတွေ၊ အမျိုးသမီးတွေအားလုံး ကျောက်တော်ကို ထွက်ပြေးလာကြတာ”လို့ သူတို့ရွာကို သတိရပြီး ရီဝေတဲ့ မျက်ဝန်းတွေနဲ့ ပြောပြနေပါတယ်။
ဒေါ်လှနုဖြူရဲ့ မျက်ဝန်းတွေဟာ မျှော်လင့်ချက်အလင်းရောင်တွေ ပျောက်ဆုံးနေပုံ ပေါ်ပါတယ်။ သူဟာ စစ်ဘေးရှောင်ဘဝနဲ့ နေလာရတာ ၄ နှစ်လောက်အထိရှိလာတဲ့အတွက် အမျိုးမျိုးသော ပူပင်သောကတွေကြောင့် ဆင်းရဲတဲ့ဒဏ်ကို အန်တုရင်း သားသမီးသုံးယောက်အတွက် အသက်ရှင်နေရတဲ့ မိခင်တဦးဆိုလည်း မမှားပါဘူး။
” ဒီမှာနေရတာက ရွာမှာနေရတာလောက် အဆင်မပြေပါဘူး။ အစစအရာရာ အခက်အခဲရှိပါတယ်။ စားဝတ်နေရေး ချို့တဲ့တဲ့ဒဏ်ကိုလည်း ခံရတယ်။ စစ်ဘေးရှောင်ဖြစ်လို့ လူတွေ နှိမ်ပြီးဆက်ဆံတာကိုလည်းခံရတယ်။ သားသမီးတွေ အနာဂတ်ပညာရေးအတွက်လည်း စိုးရိမ်ရပါတယ်။” လို့ စိတ်ပျက်လက်ပျက်နဲ့ အခက်အခဲတွေကို ဆက်ပြောနေပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ က စိမ်းညှင်းဝကျေးရွာအနီးက တောတောင်တွေမှာ လက်နက်ကြီးသံတွေကို ကြောက်လန့်ပြီး သူတို့ မထွက်ပြေးမီမှာ ရွာရဲ့အခြေအနေတွေဟာလည်း တနေ့တခြားဆိုးရွားလာပြီး ရွာအနီးပတ်ဝန်းကျင်တွေမှာ ပစ်ခတ်သံတွေကြားလာရတော့ အသက်မွေးဝမ်းကျောင်းအလုပ်တွေလုပ်ဖို့ ရွာပြင်မထွက်နိုင်တော့တဲ့အပြင် ရွာကိုပါ စွန့်ခွာခဲ့ရပုံကိုလည်း စိတ်မကောင်းစွာနဲ့ ပြန်ပြောင်း ပြောပြနေပါတယ်။
“တိုက်ပွဲတွေဖြစ်လာတော့ ရွာပြင်ကိုလည်း အချိန်နဲ့ပဲထွက်ရတယ်။ ညနေပိုင်းဆိုရင်လည်း အရင်လို နေဝင်တဲ့အထိ နေလို့မရတော့ဘဲ အိမ်ကိုအမြန်ပြန်လာရတယ်။ ကြာလာတော့ တရွာနဲ့တရွာ သွားလာလို့မရတဲ့အထိ ဖြစ်ခဲ့တယ်”လို့ ရွာမှာကြုံခဲ့ရတဲ့အခက်အခဲကို ပြောပြနေပါတယ်။
လက်ရှိ စစ်တွေမြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာ စားရေးသောက်ရေးအဆင်မပြေဘဲ နေထိုင်နေရတဲ့အခြေအနေတွေနဲ့ မိသားစုဝမ်းရေးအတွက် အလုပ်အကိုင်အခက်အခဲရှိပုံတွေကိုလည်း ဒေါ်လှနုဖြူရဲ့ ခင်ပွန်းဖြစ်သူက ခြောက်ပေပတ်လည် ခြမ်းခင်းဝါးထရံကာ အခန်းကျဉ်းမှာ ထိုင်ရင်းပြောပြနေပါတယ်။
ဒေါ်လှနုဖြူရဲ့ ခင်ပွန်းဖြစ်သူဟာ အသက် ငါးဆယ်အရွယ် ဦးထွီးနုစိန်ဖြစ်ကာ အသားညိုညို၊ ခန္ဓာပိန်ပိန်လူမျိုးဆိုပေမယ့် မိသားစုဝမ်းရေး၊ ဘဝရပ်တည်နိုင်ရေးတို့အတွက် နေ့စဉ် စစ်ဘေးရှောင်စခန်းပြင်ပကိုထွက်ပြီး အလုပ်လုပ်နေရသူတဦးဖြစ်ပါတယ်။
“ ဒီနေ့စားရတာကတော့ ချဉ်ပေါင်ဟင်းနဲ့စားရပါတယ်။ စစ်ဘေးရှောင်စခန်းမှာက ဒီလိုပဲစားကြရတယ်။ အခုက နေရာတကာတိုင်းမှာ ပိုက်ဆံပါပဲ။ ဈေးကိုတခါသွားရင် တသောင်းဖိုးလောက်မှ ငါးနည်းနည်းစားရတယ်။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း အဲဒီ ပိုက်ဆံဘယ်လိုရနိုင်ပါမလဲ။ သားသမီးပညာရေးကလည်း တကဏ္ဍရှိသေးတယ်”လို့ ပြောပါတယ်။
ဦးထွီးနုစိန်ဟာ စစ်ဘေးရှောင်စခန်းပြင်ပ ထွက်ပြီး မိသားစုစားဝတ်နေရေးအတွက် ပန်းရံအလုပ်ကို လုပ်ကိုင်းသူတဦးဖြစ်နေပါတယ်။ အရင်က သူဟာ လယ်သမား၊ တောင်ယာသမားတဦးဖြစ်ပြီး ရွာမှာ
မိမိကိုယ်ပိုင်လယ်ယာမြေတွေ၊ ကျွဲ၊ နွားတွေနဲ့ လုပ်ကိုင်စားသောက်လိုကြောင်း အတိတ်က အိမ်ကိုလွမ်းနေတဲ့ အမူအရာနဲ့ ဆက်ပြောနေပါတယ်။
သူဟာ စစ်တွေမြို့ပေါ်မှာ အလုပ်ရှာရတာလည်း ခက်ခဲသလို အလုပ်ရတဲ့နေ့တွေရှိပေမယ့် အလုပ်မရတဲ့နေ့တွေဆိုရင် မိသားစုဝမ်းရေး တွေးပူရသလို သမီးဆယ်တန်းကျောင်းသူနဲ့ လေးတန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူတို့ ပညာရေးအတွက်လည်း စိုးရိမ်ရတယ်လို့ ပြောပါတယ်။
သမီးဖြစ်တဲ့ ဆယ်တန်းကျောင်းသူအတွက် တလကို ကျူရှင်လခ လေးသောင်းပေးရသလို သားဖြစ်သူ လေးတန်းကျောင်းသား လူငယ်လေးအတွက်လည်း တလကို ကျူရှင်လခ ၂ သောင်းကျပ်အထိ ပေးရတယ်လို့ ပြောပါတယ်။
ဒီလို ပညာသင်စရိတ်တွေကြီးမားလာတဲ့ ပညာရေးကြောင့်လည်း ဦးထွီးနုစိန်အဖို့ အလုပ်အကိုင်းနေ့တိုင်းရရှိရေး ကြိုးစားပြီးရှာဖွေနေရပြီး သူရဲ့တနေ့လုပ်အားခဟာ ကျပ် ခုနှစ်ထောင်ကနေ တသောင်းကြားရတဲ့အခါ အဲဒီပိုက်ဆံတွေဟာ သားသမီးအနာဂတ်ပညာရေးနဲ့ မိသားစုဝမ်းရေးအတွက် ရုန်းကန်ရှာဖွေနေရတာဖြစ်ပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် ဦးထွီးနုစိန်ဟာ မနက်အစော ၆ နာရီကတည်းက အလုပ်ရှာဖို့ စစ်ဘေးရှောင်စခန်းပြင်ပကိုထွက်ရပြီး နေ့လယ် ၁၂ နာရီလောက်မှာ စခန်းကို ထမင်းပြန်စားပြီး အဲဒီအချိန်ကနေ အလုပ်ပြန်သွားတဲ့အခါ သူ့အလုပ်ဆင်းချိန်ဟာ ညနေ ၆ နာရီအထိဖြစ်တာကြောင့် သူ့ရဲ့အလုပ်ချိန်ဟာ တနေ့ ၁၀ နာရီခန့်လောက်ရှိတယ်လို့ ဆက်ပြောပါတယ်။
သူဟာ အသက်အရွယ်လည်းရှိလာပြီဖြစ်တဲ့အတွက် သူအလုပ်မလုပ်နိုင်ရင် မိသားစုအတွက် အခက်အခဲတွေ ကြီးကြီးမားမားရှိလာနိုင်ပြီး သားသမီးတွေရဲ့ အနာဂတ်အတွက်လည်း စိုးရိမ်မိတယ်လို့ ဖခင်တဦးရဲ့ စိတ်ရင်းကို ပြောဆိုနေပါတယ်။
စိမ်းညှင်းဝကျေးရွာဟာ အိမ်ခြေရာနဲ့ချီရှိတဲ့ အရင်က စည်ကားတဲ့ ရွာကြီးတရွာဖြစ်ခဲ့ပြီး အခုတော့ ချုံနွယ်တောတွေထူထပ်နေပြီလို့ ပြောကြပါတယ်။ ရွာကိုတကြိမ်က သွားကြည့်ဖြစ်တဲ့အခါမှာလည်း အဝေးကသာ မြင်တွေ့ခဲ့ရပြီး ပစ်ခတ်သံတွေကြောင့် ရွာထဲသို့မဝင်ရဲပဲ စိမ်မကောင်းစွားနဲ့ လှည့်ပြန်ခဲ့ရတယ်လို့ ဒေါ်လှနုဖြူက သူ့ရွာကို သတိရကြောင်း ပြောဆိုပါတယ်။
“ ရွာကိုသတိရတာပေါ့။ အခုပြန်ရမယ်ဆိုရင်တောင် ပြန်ချင်တယ်။ နယ်မြေအေးချမ်းပြီး ငြိမ်းချမ်းလို့ မိုင်းအန္တရာယ်တွေမရှိဘူးဆိုရင် ချက်ချင်းပြန်ချင်ပါတယ်။ ကိုယ့်ရွာမှာဆိုရင် ဘယ်လိုပဲနေရ နေရ အဆင်ပြေပါတယ်။ ရွာကထွက်ပြေးလာရကတည်းက ရွာကိုတနေ့မှ မေ့မရခဲ့ပါဘူး”လို့ ရွာကိုလွမ်းနေရပြီဖြစ်ကြောင်းကိုလည်း ရီဝေနေတဲ့ မျက်ဝန်းတွေနဲ့ ပြောပြပါတယ်။
တိုက်ပွဲတွေမဖြစ်ခင်တုန်းက သူတို့ကျေးရွာလေးဟာ အလွန်ပျော်စရာကောင်းပြီး သာယာစည်ကားတဲ့အပြင် လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးအဆင်ပြေနေတဲ့ ရွာတရွာဖြစ်ကြောင်းကိုလည်း ပြောပြပါတယ်။
ကလေးတွေဆိုရင်လည်း အပူအပင်မရှိဘဲ ပညာသင်ကြားနိုင်ပြီး မိဘတွေကတော့ မိသားစုစားဝတ်နေရေး၊ သားသမီးပညာရေးတို့အတွက် လယ်ယာ၊ တောင်ယာလုပ်တဲ့အခါ ကျေးလက်ဒေသရဲ့ အငွေ့အသက်တွေအောက်မှာ ပျော်ပျော်ရွင်ရွင်နဲ့ ဘဝကိုဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို လွမ်းနေမိကြောင်းလည်း ပြောပါတယ်။ အဲဒါကတော့ ၂၀၁၉ ခုနှစ် စစ်ပွဲတွေမဖြစ်မီ စိမ်းညှင်းဝရွာရဲ့ ကျေးလက်သဘာဝတွေဖြစ်ပါတယ်။
အဲဒီလို အခြေအနေတွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းလောက်မှာ တစတစ ယိုယွင်းလာခဲ့ပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နေရပ်ကိုစွန့်ခွာခဲ့ရပါတယ်။ ဒီနေ့အချိန်ထိ စစ်ဘေးရှောင်စခန်းမှာနေထိုင်နေရပါတယ်။
ဒီလို စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးအခက်အခဲတွေ၊ ဘဝရပ်တည်ရေး အခက်အခဲတွေကို ဒေါ်သောင်းစိန်တို့လို ရင်ဆိုင်နေရသူတွေ ရခိုင်ပြည်နယ်မှာ လူဦးရေ ၇ သောင်းကျော်ထိရှိကြောင်း သိရပါတယ်။
ဒီလိုမျိုး ဒေါ်လှနုဖြူတို့မိသားစုလို စစ်ဘေးရှောင်မိသားစုတွေအများအပြားရှိပြီး ကလေးတွေရဲ့အနာဂတ်တွေကို စစ်က နင်းချေနေပါတယ်။ သူတို့ဘယ်တော့ အိမ်ပြန်ရမလဲဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း တနေ့တခြားဝေဝါးလာနေပါတယ်။ ဒီလို နေထိုင်စားသောက်ရေး ခက်ခဲတဲ့ဘဝကို စိတ်ပျက်လာနေကြပါပြီ။
စစ်ကြောင့် အခုလိုမျိုး နေရပ်ရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အများအပြားရှိကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ စတင်ပြီး ရခိုင်မှာ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ တစတစပြင်းထန်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ နားလည်မှုနဲ့အပစ်ရပ်ထားကြရာကနေ နှစ်ဖက်စစ်ရေးအားပြိုင်မှုတွေကြောင့် တကျော့ပြန်စစ်ရေးပဋိပက္ခဆီသို့ ဦးတည်ခဲ့ရာမှာတော့ လက်နက်ကြီးသံကြား ကျေးလက်နေပြည်သူတွေ အကြောက်တရားနဲ့ရှင်သန်ခဲ့ရပါတယ်။
လက်ရှိမှာ တကျော့ပြန်စစ်ရေးပဋိပက္ခတွေကို တပ်နဲ့ အေအေကြား နှစ်ဖက်နားလည်မှုလို့ဆိုရမယ့် လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲကာ အတိုက်အခိုက်တွေရပ်တန့်ထားတာဖြစ်ပေမယ့် မြေပြင်မှာတော့ စစ်ရေးအားပြိုင်မှုတချို့ရှိနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်မယ့်အခြေအနေအပေါ် ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလုံနေတာ ကာလကြာလာတာနဲ့အမျှ ဆင်းရဲဒုက္ခပေါင်းများစွာကိုကြုံတွေ့ရပြီး စစ်ဘေးရှောင်စခန်းက ကလေးတွေမှာလည်း စစ်ကြောင့် စိတ်ထဲမှာနာကျင်မှု၊ ကြောက်လန့်မှုဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာနေကာ သူတို့အနာဂတ်အတွက် မိဘတွေစိုးရိမ်မှုကလည်း သဘာဝကျတဲ့ မိဘတို့ရဲ့ သောကဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ လူသားတို့ရဲ့ အခြေခံရပိုင်ခွင့်တွေဆုံးရှုံးနေရပြီး စားဝတ်နေရေး အခက်အခဲတွေကြောင့် သူတို့ဘဝ ရှင်သန်ရပ်တည်နိုင်ရေးအတွက်ပါ စိန်ခေါ်မှုတွေရှိလာနေတယ်လို့ ပြောကြပါတယ်။
“လူ့အခွင့်အရေး ရှုထောင့်ကကြည့်မယ်ဆိုရင် စစ်ပွဲဖြစ်ပွားတဲ့အတွက်ကြောင့် လူသတ်မှုတွေ၊ ရွာမီးရှို့ခံရမှုတွေရှိလာတဲ့အခါ ရွာကိုစွန့်ခွာထွက်ပြေးနေကြရတယ်။ အဲဒါဟာ လူအခွင့်အရေးချိုးဖောက်ခံရမှု တခုဖြစ်ပါတယ်။ အခု လူသားချင်းစာနာတဲ့အနေနဲ့ အပစ်ရပ်ထားတဲ့အပေါ်မှာလည်း ကြိုဆိုပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေ ကိုယ့်နေရပ်ကို ပြန်သွားနိုင်ဖို့အတွက် စီစဉ်ပေးစေချင်တယ်။” လို့ ရခိုင့်လူအခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်တွေ ကိုယ့်နေရပ်ကိုယ် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးဟာ မဖြစ်မနေလိုအပ်ပြီး အရင်က လုပ်ကိုင်စားသောက်ခဲ့ကြသလို ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလည်း လိုအပ်ကြကြောင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတိုင်းဟာ မိမိတို့ရဲ့ရပ်ရွာတွေကို သွားလိုကြပေမယ့် မိုင်းအန္တရာယ်နဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျရောက်မယ့် အန္တရာယ်တွေကိုလည်း စိုးရိမ်ပူပန်မှုတွေကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက နေရပ်ပြန်ဖို့ ပြောပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ကြောင်း ပြောကြပါတယ်။
ဆက်လက်ပြီး ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ သူတို့တွေ နေရပ်ပြန်မယ်ဆိုရင် သူတို့အတွက် အဓိက လုံခြုံရေးအာမခံချက်ပေးရမယ်။ မိုင်းရှင်းလင်းရေးတွေလုပ်ပေးရမယ်။ ပြီးတော့ ရွာတွေမီးရှို့ခံရတယ်ဆိုရင် သူတို့တွေအတွက် အဆောက်အဦတွေ ပြန်ဆောက်ပေးရမယ်။”လို့ ပြောဆိုပါတယ်။
နှစ်နဲ့ချီ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခကြောင့် လူငယ်အရင်းအမြစ်တွေဆုံးရှုံးမှုတွေရှိလာပြီးတော့ စစ်ရဲ့အကျိုးသက်ရောက်မှုဟာ အဲဒီထက်ကျယ်ပြန့်ပြီး ကျေးလက်တောရွာတွေသာမက မြို့ပေါ်နေ လူထုအတွက်ပါ အကြောက်တရားတွေနဲ့ ရှင်သန်နေထိုင်ရတဲ့ အနေအထားထိ သက်ရောက်မှုက ကြီးမားလှပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူမှုရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကိုမျိုးလွင်က “သူတို့ဟာ စစ်ပွဲတွေကြောင့် ရပ်ရွာတွေကို စွန့်ခွာထွက်ပြေးလာကြတဲ့အခါမှာ ကိုယ်ပိုင်ပစ္စည်းဥစ္စာ၊ အိုးအိမ်တွေကို ထားခဲ့ရတယ်။ စစ်ကြောင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် ထိခိုက်နစ်နာရုံသာမက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်စေပါတယ်။ ဒီလူငယ်တွေရဲ့ပညာတတ်မှုအပေါ်မှာပဲ ရခိုင်ပြည်နယ်တိုးတက်ဖို့ဆိုတာဟာ လက်တွေ့ကျပါမယ်။”လို့ ပြောပါတယ်။
ဆက်လက်ပြီးတော့ “စစ်ဘေးရှောင်တွေဟာ စစ်ပွဲကာလမှာ အသက်လုထွက်ပြေးလာကြရတဲ့အခါ သူတို့ တသက်လုံးရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေကို ထားခဲ့ရပြီး ကိုယ်ဝတ်တထည်နဲ့ ထွက်ပြေးလာရတဲ့အပိုင်းရှိတယ်။ နောက်ပြီး သူတို့မှာ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ ဥယျာဉ်ခြံမြေတွေ အစခပ်သိမ်းကို အားလုံးထားခဲ့ရတဲ့အခါ စစ်ဘေးရှောင်ကနေ ရွာကိုပြန်သွားတဲ့အခါ အဲဒီဆုံးရှုံးသွားတဲ့အရာတွေကို ပြုပြင်ဖို့ အခက်အခဲရှိပါမယ်” လို့ ပြောပါတယ်။
အဲဒီလို အကြောင်းအရာတွေကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်မယ်ဆိုရင် သူတို့အတွက် စိန်ခေါ်မှုတွေရှိပြီး ပံ့ပိုးပေးမှုတွေလည်းလိုအပ်သလို လူငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကိုလည်း ကုစားပေးဖို့လိုအပ်ပြီး အခုလို ခိုင်မာမှုမရှိတဲ့ အပစ်ရပ်ကာလမှာ နေရပ်ပြန်ပို့တယ်ဆိုရင်လည်း ဟန်ပြတခုဖြစ်နေမှာဖြစ်တဲ့အတွက် ခိုင်မာတဲ့ ငြိမ်းချမ်းရေးတရပ်ရရှိမှ နေရပ်ပြန်ပို့တာဟာ စစ်ဘေးရှောင်တွေအတွက် ပိုပြီး လုံခြုံစိတ်ချရမှာဖြစ်ပါတယ်။
“စစ်ဘေးရှောင်တွေ ဒေသကိုပြန်ဖို့ဆိုတာကတော့ ပြန်ချင်တယ်လို့ ဆန္ဒပြုလာရင် ပြည်နယ်အစိုးရကလည်း ပြန်ဖို့အတွက် စီမံပေးတာတွေရှိပါတယ်။ မိသားစုတွေပြန်သွားတဲ့အခါ နေအိမ်တွေပျက်တာရှိရင် ပြုပြင်နိုင်အောင် အစိုးရက ၅ သိန်းပေးတယ်။ ဘေးစီမံကနေပြီး တသိန်းပေးတယ်။ ရိက္ခာတွေအနေနဲ့ ဆန်၊ ဆီ၊ ဆားတွေ ထောက်ပံ့ပေးပါတယ်။ အိမ်ထောင်စုတွေ ပြန်မယ်လို့ သတင်းပို့ရင် သက်ဆိုင်ရာ တပ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကိုအကြောင်းကြားပြီး မိုင်းရှင်းပြီးပြန်လို့ရတဲ့ရွာတွေ ပြန်နိုင်ပြီဆိုရင် ပို့ပေးပါတယ်”လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက VOM နဲ့ တွေ့ဆုံစဉ်ပြောဖူးပါတယ်။
ဒီလိုမျိုး လက်ရှိ ရခိုင်ပြည်နယ်ကို အုပ်ချုပ်နေတဲ့ ပြည်နယ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့တဲ့အခါမှာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်ငွေ၊ စားနပ်ရိက္ခာထောက်ပံ့တာတွေရှိတယ်ဆိုပေမယ့် အဲဒီပမာဏဟာ ပြန်လည်ထူထောင်ဖို့အတွက် အခုခေတ်မှာဆိုရင် နည်းပါးလှကြောင်း အများက ရှုမြင်ကြပြီး ဒီထက်ပိုမိုထောက်ပံ့ပေးစေလိုကြောင်း ပြောဆိုမှုတွေလည်း ရှိပါတယ်။
ဒေါ်လှနုဖြူတို့ မိသားစုလို ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်မိသားစုအရေအတွက်ဟာ မရေမတွက်နိုင်အောင်ရှိနေပြီး သူတို့အားလုံးဟာ ငြိမ်ချမ်းချင်တဲ့စိတ်တွေရှိသလို သားသမီးတွေရဲ့ အနာဂတ်ကိုလည်း အကောင်းဆုံးပုံဖော်ပေချင်ကြတဲ့ မိဘတို့ရဲ့ရင်ထဲက စေတနာတွေဟာလည်း လေးစားဖွယ်ကောင်းလှ တည်ရှိနေပါတယ်။
ဒေါ်လှနုဖြူတို့မိသားစု အခုအချိန်မှာ ရွာကိုသတိရလွတ်ဆွတ်နေရမှုဟာ နေ့စဉ်နဲ့အမျှဖြစ်နေပေမယ့် စစ်ကြောင့် မြေစာပင်ဘဝနဲ့ ရှင်သန်နေထိုင်နေရတဲ့အပေါ်မှာလည်း သားသမီးတွေရဲ့ အနာဂတ်ဘဝကို တွေးကြည့်မိတဲ့အခါ သူတို့ရွာကိုပြန်ချင်စိတ်ဟာ ပြင်းပြလှကြောင်း ဖော်ပြနေပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ရပ်ထားကြတယ်ဆိုပေမယ့် တကယ်လို့ တကျော့ပြန်တိုက်ပွဲတွေ မရပ်နိုင်မစဲနိုင် ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နောက်ထပ် ရခိုင်တို့ရဲ့ ကျေးလက်ဌာနေက အသိုက်အမြုံတွေအတွက် ပေးဆပ်မှုမျက်ရည်တွေဟာ ပမာဏကြီးမားတဲ့ ဒုက္ခပင်လယ်ဝေကြရတော့မှာ ဖြစ်ပါတယ်။
စစ်ဟာ ငြိမ်းချမ်းတဲ့လူ့အသိုင်းအဝိုင်းကြားကိုဝင်လာပြီး ဆိုကျိုးတွေသာပေးတယ်လို့ တွေးပေမယ့် တဘက်မှာလည်း တော်လှန်ရေးတိုက်ပွဲဆင်နွဲနေတယ်ဆိုတဲ့ အရာကြောင့် စစ်ဘေးရှောင်တွေရဲ့ အသိစိတ်ထဲမှာ “လွတ်လပ်ရေးရမှ အိမ်ပြန်မယ်ဆိုတဲ့” စိတ်အားထက်သန်မှုတစ်ခုလည်း ရှိနေသည်မှာ အမှန်ပင်ဖြစ်ပါတယ်။
ရခိုင်လူထုတရပ်လုံးကလည်း စစ်ကိုမုန်းတီးကြတယ်ဆိုပေမယ့် တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေရပြီး စားဝတ်နေရေးမပြေလည်တဲ့ ပြဿနာတွေကြောင့် နေရပ်စွန့်ခွာပြီး နိုင်ငံရပ်ခြားကို ထွက်ခွာမှုတွေဟာလည်း ဒုနဲ့ဒေးဆိုတဲ့အခြေအနေ ရှိနေပါတယ်။
စစ်ဟာ ရခိုင်တို့ရဲ့ စီးပွားရေး၊ လူသားရင်းမြစ်၊ ရိုးရာထုံးတမ်းဓလေ့အစဉ်အလာ အလှအပတွေနဲ့ ဘိုးဘွားဘီဘင်တို့ရဲ့ အမွေအနစ်တွေကို ခြွေချနေပြီး စစ်ဟာ ရခိုင်ပြည်ဆိုတဲ့ လခြမ်းမြေကြီးကို မျက်ရည်တွေခြွေလေခဲ့ပါပြီ။
စစ်ကြောင့် ဆုံးရှုံးသွားတဲ့အိုးအိမ်စည်းစိမ်တွေကို ပြန်ရှာလို့ရပါတယ်။ စိုက်ခင်း၊ စိုက်ပင်တွေကို ပြန်စိုက်လို့ရပါတယ်။
ဒါပေမယ့် ဆုံးရှုံးပျက်စီးသွားတာကတော့ မိဘဘိုးဘွားတွေရဲ့ အမွေအနစ် ယဉ်ကျေးမှုဆိုင်ရာ ပြရုပ်လက္ခဏာတွေ ယုံကြည်ကိုးကွယ်ရာတွေ ဖြစ်နေတတ်တာပါ။
စစ်ကြောင့် အိမ်နဲ့ ရက်ပေါင်းထောင်ချီဝေးခဲ့ရပြီး အိမ်ကိုလွမ်းဆွတ်သတိရကာ နှစ်နဲ့ချီကြာမြင့်လာတာက အိမ်ပြန်အိပ်မက်တွေဖြစ်နေခဲ့ရပြီ။
စစ်ဟာ နေ့စဉ်လွမ်းဆွတ်နေရတဲ့ သာယာစည်ပင်ဝပြောတဲ့ ရွာကိုပျက်စီးစေခဲ့ပြီ။ စစ်ဆိုတဲ့ နွံထဲက ဘယ်လိုရုန်းထွက်နိုင်ပါမလဲ တွေးတောရင်း…အိမ်ပြန်အိပ်မက်တွေက ဘယ်အချိန်ထိ ဝေးကွာနေပါအုံးမလဲဆိုတာ အခန်းကျဉ်းထဲမှာ တွေးပူရင်း….။
#voiceofmyanmar #VOM #ဆောင်းပါး #SW