ဘီးလင်းမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ကလေးငယ် (၁)ဦး သေဆုံးရပြန်

မတ်၊ ၁၉- ၂၀၂၃
MM(VOM)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးရွာမှာ မနေ့ မတ် ၁၈ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၆)နှစ်အရွယ် ကလေးငယ် (၁)ယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”မနေ့က ညနေဘက်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး ဦးခေါင်းကို ကျည်စထိမှန်ပြီး ဆုံးသွားတာပါ၊ ကလေးက ဆော့နေတာပါ၊ အသက်က ၆ နှစ်ကျော်ကျော် လေးဘဲရှိသေးတယ်၊ တခြားတော့ ထိခိုက်တာမရှိဘူးလို့ သိရတယ်။”လို့ ဒေသခံ ရပ်မိရပ်ဖ တယောက်ကပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးရဲ့နာမည်မှာ စောဖိုးသင်္ကြန်ဖြစ်ပြီး ပေါက်ကွဲမှုတွေ ရွာထဲမှာ ထပ်မံဖြစ်ပွားလာမှာကိုစိုးရိမ်တာကြောင့် အဝန်းကျေးရွာမှာရှိတဲ့ ဒေသခံတွေဟာ ကလေးတွေကို အပြင်မထွက်ခိုင်းရဲဖြစ်နေပြီး ဒေသခံတချို့မှာလည်း အဝန်းကြီးရွာမှာ မနေရဲဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာထဲကို အခု မတ်လ ၁၄ ရက်ကလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံတွေရဲ့လူနေအိမ် ၄ လုံးအထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဒါ့အပြင် ဘီးလင်းမြို့နယ်၊ မဲပလီကျေးနယ်အတွင်းကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က လက်နက် ကြီးကျည်(၁၀)လုံးကျော်လောက်ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ (၄)ယောက် ထိခိုက်ဒဏ်တွေရရှိခဲ့ပြီးနေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် အတွင်းကလည်း ကျေးရွာတွေထဲကို လက်နက်ကြီးကျည် တွေကျရောက် ပေါက်ကွဲမှုဖြစ်ပွားလို့ကလေး(၄)ဦး အပါအဝင် လူ(၄၀)ကျော်သေဆုံးခဲ့တယ်လို့ သတင်း မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဘီးလင်း

Related posts

Leave a Comment

VOM News

FREE
VIEW