ရွှေစျေးကစားသူတွေကို အရေးယူမယ်လို့ သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်နေ

မတ် ၂၁ – ၂၀၂၃
GG (VOM)

ပြည်တွင်းရွှေစျေးနူန်း မြင့်တက်အောင် စျေးကစားနေသူတွေကို အရေးယူမယ်ဆိုတဲ့အချက်အပါအဝင် ရွှေစျေးကွက်နဲ့ပတ်သက်တာတွေကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း YGEA၊ မန္တလေးရွှေလုပ်ငန်းရှင်အသင်းMGEA နဲ့ ဗဟိုဘဏ်ကထုတ်ပြန်ချက်တွေ ဆက်တိုက်ထုတ်ပြီး သတိပေးတာတွေလုပ် နေပါတယ်။

လက်ရှိ အမေရိကန်က ဘဏ်တွေပြိုလဲလို့ ကမ္ဘာ့ရွှေစျေး မတည်မငြိမ်ဖြစ်တဲ့အပေါ် အခွင့်ကောင်းယူပြီး ပြည်တွင်းရွှေစျေး ကစားတာတွေ လုပ်နေတာကြောင့် အခုလိုသတိပေးတာဖြစ်ကြောင်းနဲ့ အဲ့ဒီလို အွန်လိုင်းကနေ ကောလဟာလလွှင့်နေတဲ့ ရွှေစျေးတွေက တရားမဝင်ဘူးလို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။

ဗဟိုဘဏ်၊YGEA နဲ့ MGEA ရွှေအသင်းတွေဟာ မနေ့က မတ်လ ၂၀ ရက်နဲ့ ဒီနေ့ ၂၁ ရက်နေ့တွေမှာ ရွှေစျေးနူန်းနဲ့ပတ်သက်တဲ့ သတိပေးချက်တွေကို ဆက်တိုက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

” ဂရုတွေနဲ့ ရွှေ​စျေးကစားတယ်၊ရွှေလည်းမပါ ငွေလည်းမပါ လေပတ်ကားတွေပေါ့။ အပြင်ကစျေးတွေက အတည်ပြုလို့မရဘူး၊တယောက်နဲ့တယောက် ပါးစပ်ကနေပြောနေတာ၊အပြင်ဆိုင်တွေမှာလည်း စုံစမ်းကြည့်ပါ၊သတင်းသမားတွေပြောလို့ သွားစုံစမ်းတာရှိတယ် တကယ်ကျမဟုတ်ဘူး။အရင်ကတော့ ကမ္ဘာ့ရွှေစျေးကပုံမှန်ပဲ၊ အခုက မတည်မငြိမ်ဖြစ်ပြီး တက်နေတော့ သူ့နဲ့ပြည်တွင်းရွှေစျေးချိတ်ပြီး စျေးကစားလို့မရဘူး။ အွန်လိုင်းက လေပတ်ကားတွေက ရွှေလည်းမရှိဘူး၊ အရေးယူဖို့ ဌာနကလည်း လိုက်စစ်နေတယ်”လို့ YGEA ဥက္ကဋ္ဌကပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ရွှေကို တင်သွင်းရောင်းချခြင်း၊တင်ပို့ရောင်းချခြင်းမရှိလို့ မြန်မာ့ရွှေစျေးနှုန်းက ကမ္ဘာ့ရွှေဈေးနဲ့ဆက်စပ်မှုမရှိဘူးလို့လည်း ဗဟိုဘဏ်ကလည်း အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ရွှေစျေးနဲ့ပတ်သက်ပြီး စီးပွားလုပ်ငန်းရှင်တဦးက ” ရွှေဆိုတာက ပိုက်ဆံများများရှိတဲ့သူတွေပဲ ကစားလို့ရတာ၊ဝယ်စုလို့ သိုလှောင်နိုင်တာ၊တော်ရုံပိုက်ဆံရှိသူက မလုပ်နိုင်ဘူး။ အရင်လို ရွှေစျေး ၃၀ ကျော်အထိမြင့်မှာစိုးလို့ ထိန်းတာဖြစ်မယ်ထင်ပါတယ်။ ကျနော်တို့လည်း ကြားနေတာက ၂၉ သိန်းကျော်ပေါ့ ၊တကယ်ဟုတ်မဟုတ်က ဝယ်ကြည့်မှပဲ သေချာသိရမယ်၊ တကယ်တော့ ရွှေစျေးတက်တာ စားဝတ်နေရေးကိစ္စတော့မဟုတ်ဘူး ၊အရမ်းတက်ရင် ဆိုင်တွေလည်း အရောင်းမရှိနိုင်ဘူး”လို့ သုံးသပ်ပြောပါတယ်။

ရွှေငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီနဲ့ YGEA ကတော့ ရွှေဆိုင်တွေ၊ရွှေကုန်သည်တွေအနေနဲ့ သတ်မှတ်စျေးနူန်းဖြစ်တဲဲ့ မီးလင်း အခေါက်ရွှေတကျပ်သားကို ငွေကျပ် ၂၇၉၀၀၀၀ ကျပ်သာ ရောင်းချရမှာဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့ သတ်မှတ်စျေးထက်ပိုပြီး ရောင်းချကြောင်းကို ရွှေဘောက်ချာရှိပါက သက်ဆိုင်ရာစည်ပင်ဌာနမှာတိုင်ကြားနိုင်ကြောင်း၊ စျေးကစား စျေးပိုရောင်းတဲ့ဆိုင်တွေကို လိုင်စင်ပိတ်သိမ်းအရေးယူမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ဒီနေ့ မတ်လ ၂၁ ရက်နေ့ ပြင်ပရွှေစျေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ၂၉၅၀၀၀၀ ဝန်းကျင်ရှိပြီး YGEA ကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးကတော့ အခေါက်ရွှေတကျပ်သားကို ၂၃ သိန်း ကျော်ပဲ ရှိပါတယ်။

#voiceofmyanmar #VOM #ရွှေစျေးနူန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW