ဆူးငှက်
၁၉၂၀ခုနှစ် ပထမကျာင်းသားသပိတ်ကြီး စတင်ပါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊
အမျိုးသားကောလိပ်နဲ့ အမျိုးသားပညာရေးတာင်းဆိုမှုတွေနဲ့အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ်တစ်ခု ဖွင့်လှစ်ပေးဖို့ မန္တလေးမှာရှိကြတဲ့ ဗဟိုစည်ဦးဘဦး၊ ကျောက်စာဝန်တော် စိန်ခိုနှင့် ရသေ့ကြီးဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြပါတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့ လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ်ကိုယ် ကိုယ်တိုင်ဖွင့်ကြမယ်လို့ တင်ပြလာကြတယ်။ နိုင်ငံရေးမျက်နှာစာမှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြတယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေကြမ်း တင်ခဲ့တယ်။
ပထမအဆင့်အနေနဲ့ ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဥပေဒကိုပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်ဖို့ ကော်မတီ ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်မှာ ရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ် အုတ်တိုက်နီကလေးမှာ
၁၉၂၅ဇူလိုင် ၄ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
မန္တလေးဥပစာကောလိပ်ကို စတင်ဖွင့်လှစ်တဲ့အခါ ယခု ပင်မအဆောက်အအုံကြီးက ဥပစာကောလိပ်နှင့် မသက်ဆိုင်ခဲ့ပါဘူး။
ပထမကမ္ဘာစစ်ကြီးကာလအတွင်းက မိမိ ကိုလိုနီနိုင်ငံဖြစ်တဲ့ မြန်မာပြည်ရဲ့ အထွက်ကောင်း ဈေးကောင်းရခဲ့တဲ့ ဆန်စပါးထုတ်ကုန်က စစ်စရိတ်အတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တာကြောင့် အင်္ဂလိပ်အစိုးရက မြန်မာ့ဆန်စပါး စိုက်ပျိုးရေးအတွက် မန္တလေးမှာ စိုက်ပျိုးရေးသိပ္ပံ တည်ထောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ စိုက်ပျိုးရေးသိပ္ပံအဖြစ် ဖွင့်လှစ်မယ့် အဆောက်အအုံကို ၁၉၂၁ခုနှစ် သြဂုတ်လ ၂၉ရက်နေ့မှာ မြန်မာပြည် ဘုရင်ခံ ဆာရီဂျင်နယင်နရီကရက်ဒေါက်က အုတ်မြစ်ချပေးခဲ့တယ်။ အဆောက်အအုံကြီးကို အုတ်မြစ်ချပြီးနောက် ၃နှစ်အကြာ ၁၉၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ မှာ
မြန်မာပြည်ဘုရင်ခံချုပ် ဆာစပင်ဆာဟာကုတ် ဘက်တလာ က ဖွင့်လှစ်ပေးခဲ့ပါတယ်။
မန္တလေးဥပစာကောလိပ် ဖွင့်လှစ်တဲ့ကာလနဲ့ စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင်ကြီး ဖွင့်လှစ်တဲ့ ကာလ
(၁၉၂၄ – ၁၉၂၅ခုနှစ်) နဲ့နောက်ပိုင်း စစ်ကြီးမဖြစ်မီကာလတွေမှာ ၃ထပ်ဆောင်ကြီး ဝန်းကျင်တည်ရှိနေတဲ့အဆောက်အအုံများကတော့ စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင် (ယခု ပင်မအဆောက်အအုံ)၊ မျက်နှာချင်းဆိုင်လမ်းရဲ့ အနောက်ဘက်မှာ ဥပစာကောလိပ် ဖွင့်လှစ်ခဲ့တဲ့ တစ်ထပ် အုတ်တိုက်နီလေး၊ ဒီအုတ်တိုက်နဲ့ လမ်းပဲခြားတဲ့ အရှေ့ဘက်က တစ်ထပ် အုတ်တိုက်နီလေး (နောင် နယ်မြေအင်ဂျင်နီယာရုံး)၊ စိတ်ပညာဌာန အဆောက်အအုံ၊ စိုက်ပျိုးရေးအရာရှိနေတဲ့ ၂ထပ်တိုက် ၁လုံး၊ ပါမောက္ခချုပ်၊ တိုင်းစိုက်ပျိုးရေးအရာရှိ နဲ့ ဧည့်ဂေဟာ ၁ အဖြစ် အသုံးပြုခဲ့တဲ့ ၂ထပ်တိုက်ကြီး ၃လုံးပဲ ရှိပါသတဲ့။ နောက် အဲ့ဒီ
အဆောက်အအုံများရှေ့ အရှေ့အနောက်လမ်း (ရွှေမန်းလမ်း)ရဲ့ လက်ယာဘက် သိပ္ပံလမ်းထိပ်မှာ
စိုက်ပျိုးရေးသစ်စေ့ ဓာတ်ခွဲခန်း အဆောက်အအုံ တစ်လုံးပဲရှိပြီး ရတနာပုံလမ်းရဲ့ အရှေ့ဘက်မှာ
ရတနာပုံကျောင်းဆောင် နဲ့ အရာရှိများနေအိမ် ၁၈လုံးပဲ ရှိပါသတဲ့။
စစ်ကြီးအပြီး ၁၉၄၇မှာ ဥပစာကောလိပ်ကို ယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ဖို့ ကျောင်းအုပ်ကြီးဦးကိုလေး(ဇေယျာမောင်)တို့ ကြိုးပမ်းကြတော့ အိန္ဒိယစစ်တပ်က စစ်ဆေးရုံအဖြစ် အသုံးပြုထားတဲ့ စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင်ကြီးနဲ့ စစ်တပ်ကြေးနန်းဆောင်အဖြစ် အသုံးပြုထားတဲ့ ရတနာပုံအဆောင်တွေကို လွှဲပြောင်းယူကာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် ဖွင့်လှစ်နိုင်ခဲ့တာပါ။ တကယ်တော့ ကနဦးကတည်းက ရှိခဲ့တဲ့ ရတနာပုံဆောင်က မူလ အမည်မရှိခဲ့ပါဘူး။ ယူနီဗာစီတီကောလိပ်ဖွင့်ပြီး ဆရာတွေ ကျောင်းသားတွေနေထိုင်ဖို့ အဆောင်ဖွင့်တော့မှ ကျောင်းသားများဆန္ဒနဲ့ ရတနာပုံဆောင်လို့ အမည်ပေးခဲ့တာပါတဲ့။ အမျိုးသမီးများအတွက် ရွှေမန်းကျောင်းဆောင်ကိုတော့ ရွှေမန်းလမ်းက ဆင်တူ ၂ထပ်တိုက်ကြီး ၃လုံးထဲက အလယ်က တိုက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အရှေ့ဘက်တိုက်က စိုက်ပျိုးရေးမဟာဌာနမှူး ဦးလှအုန်း နေထိုင်ပြီး အနောက်ဘက်တိုက်က ကျောင်းအုပ်ကြီး ဦးကိုလေး နေထိုင်ခဲ့ပါတယ်။
ဒီတော့ ယူနီဗာစီတီကာလိပ်အဖြစ် ဖွင့်လှစ်စ ကာလမှာ စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင်ကြီးကို စိုက်ပျိုးရေးဌာနထံက လွှဲပြောင်းရယူနိုင်ပေမယ့် အောက်ဆုံးအထပ်ကို စိုက်ပျိုးရေးဌာနရဲ့ ရုံးအဖြစ် ချန်ထားရတာကြောင့် အပေါ်၂ထပ်ကိုပဲ စာသင်ဆောင်အဖြစ် အသုံးပြုရတယ်။ ဒါကြောင့် ယူနီဗာစီတီကောလိပ် ကနဦးအစမှာ ပင်မဆောင်ကြီးက ၂ထပ်၊ ရတနာပုံဆောင် နဲ့ရွှေမန်းဆောင်တွေမှာ ကျောင်းသူကျောင်းသား ၁၂၇ဦးနဲ့ စတင်ခဲ့တာပါ။နောက်နှစ်(၁၉၄၈) မှာကျောင်းသူကျောင်းသားက၂၁၈ဦး ရှိလာပါပြီ။ ရွှေမန်းဆောင်ကိုလည်း အခုစိတ်ပညာဌာန ဖွင့်လှစ်ထားတဲ့ စာသင်ဆောင်ကို ပြောင်းပြီး အဆောင်ကျောင်းသူ ၂၀ဦး လက်ခံရပါတယ်။ ယူနီဗာစီတီကောလိပ် ၅နှစ်သက်တမ်း(၁၉၅၂ ခုနှစ်) မှာ ကျောင်းသားက ၅၉၅ဦးထိ တိုးလာတော့ ကျောင်းအုပ်ကြီးက အစီရင်ခံစာတင်သွင်းလို့ ပြည်တော်သာကျောင်းသားဆောင် (ယခုမြဝတ်ရည်ဆောင်)ကို ဆောက်လုပ်ခဲ့ပါတယ်။
၁၉၅၂ခုနှစ် နိုဝင်ဘာ၃ရက်နေ့မှာလည်း ရာဇတ်ခန်းမဆောင်ကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်ပြီး ပထဝီဝင်ဌာန အုတ်တိုက် ၁ထပ်ဆောင် နဲ့ ပါဠိဌာန (အခု အရှေ့တိုင်းပညာဌာန) အုတ်တိုက် ၁ထပ်ဆောင်တို့ ဆောက်လုပ်ခဲ့ပါတယ်။
မန္တလေးယူနီဗာစီတီကောလိပ်က တစ်နှစ်ထက် တစ်နှစ် ကျောင်းသားဦးရေ တိုးတက်လာလိုက်တာ ၁၉၅၅ – ၅၆ မှာ ၁၅၁၀ဦး၊ ၁၉၅၇-၅၈ မှာ ၁၉၆၆ ဦးထိ ရှိလာသတဲ့။ အဲ့ဒီကာလ မန္တလေးယူနီဗာစီတီကောလိပ်ရဲ့အဆောက်အအုံတွေကို ပြောရရင်၊
– ဒုတိယကမ္ဘာစစ် မတိုင်မီ အဆောက်အအုံများက (၁) ပင်မ အဆောက်အအုံ၊ (၂) ရတနာပုံကျောင်းသားဆောင်၊ (၃) ပါဏဗေဒနှင့် စာသင်ဆောင် (ယခု နယ်မြေရုံး)၊ (၄) ဘူမိဗေဒဌာနနှင့် စာသင်ဆောင် (ယခု စိတ်ပညာဌာန)တို့ဖြစ်ပါတယ်။ ဒီ အဆောက်အအုံ ၃လုံးစလုံး စိုက်ပျိုးရေးဌာနဆီက လွှဲပြောင်း ရရှိခဲ့တာပါ။
– ၁၉၄၇ နဲ့ ၁၉၅၇ အကြား အသစ်တည်ဆောက်တဲ့ အဆောက်အအုံများကတော့ (၁)ရာဇတ်ခန်းမဆောင်၊ (၂)ရွှေမန်းကျောင်းသူဆောင်၊ (၃)ရွှေပြည်အေး
ကျောင်းသားဆောင်၊ (၄)အောင်မင်္ဂလာကျောင်းသားဆောင်၊ (၅)ပြည်တော်သာကျောင်းဆောင် (ယခု မြဝတ်ရည်ဆောင်)၊ (၆) ပထဝီဝင်ဌာနနှင့် စာသင်ဆောင်၊(၇) ပါဠိ(အရှေ့တိုင်းပညာ)ဌာနနှင့် စာသင်ဆောင် တို့ ဖြစ်ပါတယ်။
မန္တလေးယူနီဗာစီတီကောလိပ်က ၁၉၅၈ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ သီးခြားတက္ကသိုလ်ဖြစ်ပါပြီ။ တကယ့်
သမိုင်းဝင် နေ့ထူးနေ့မြတ် ပါပဲ။ကျောင်းသားဦးရေကလည်း ၂၆၉၆ ဦးထိ တိုးတက်လာပါပြီ။ တက္ကသိုလ်လက်အောက်မှာ အခြားဘာသာရပ်များနည်းတူ ဆေးပညာ မဟာသိပ္ပံဌာန နဲ့ စိုက်ပျိုးရေး မဟာဌာနတွေလည်းပါဝင်လာလို့ အခု မင်္ဂလာဈေးနားက ဆေးတက္ကသိုလ်နေရာမှာ ဆေးပညာမဟာဌာနအတွက် ၂ထပ်စာသင်ဆောင်နဲ့ ၂ထပ်ကျောင်းသားအိပ်ဆောင်၊ကျောင်းထဲက ညောင်ပင်ဝိုင်းနေရာထဲမှာ စိုက်ပျိုးရေး မဟာဌာနအတွက် စာသင်ဆောင်တွေ ဆောက်လုပ်ခဲ့သတဲ့။
နောက် အခု အင်းဝဆောင်လို့ လူသိများတဲ့ စာသင်ခန်း ၈ ခန်းနဲ့ အစည်းအဝေးခန်း(အင်းဝ ၉) တစ်ထပ်အဆောင်တွဲကို ၁၉၆၀ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ သစ္စာအမျိုးသမီးအဆောင်ကို ၁၉၆၂ နဲ့ အကယ်ဒမီ ၂ထပ် အုတ်တိုက်ဆောင် နဲ့ သင်္ချာ ၊ ရူပဗေဒ ၂ထပ် အုတ်တိုက်ဆောင်တွေကို ၁၉၆၄ခုနှစ်မှာ အသီးသီးတည်ဆောက်ခဲ့ပါတယ်။
ဒီတော့ အခု တင်ပြခဲ့တဲ့ အဆောက်အအုံတွေဟာ ၁၉၂၅ခုနှစ်မှာ ဥပစာကောလိပ်၊ ၁၉၄၇ မှာ ယူနီဗာစီတီကောလိပ် နဲ့ ၁၉၅၈ မှာ သီးခြားတက္ကသိုလ်အဖြစ် ဖွင့်လှစ်စဉ်ကာလ မန္တလေးတက္ကသိုလ်လို့ သိသာထင်ရှားစေခဲ့တဲ့ အဆောက်အအုံတွေပါ။ တချို့လည်း စစ်ကြီးအတွင်းမှာ ပျက်စီးဆုံးရှုံးခဲ့ပါပြီ။ တချို့လည်း ရာသီဥတုဘေးနဲ့ သဘာဝဘေးတို့ကြောင့် မရှိတော့ပါဘူး။
အခု လက်ရှိ ကျန်ကောင်းကျန်ရာထဲက ကျန်ရှိနေသေးတဲ့ အဆောက်အအုံတွေထဲ မန္တလေးဥပစာကောလိပ်၊ မန္တလေးယူနီဗာစီတီကောလိပ် နဲ့ မန္တလေးတက္ကသိုလ်အဖြစ် သမိုင်းတွင် သမိုင်းဝင်စေတဲ့
အဆောက်အအုံတွေ မူလရုပ်မပျက် ရှိနေပါသေးတယ်။ ဒါကြောင့် လက်ရှိ အသစ်အသစ် တိုးချဲ့ တည်ဆောက်ကြတဲ့အခါ အဲ့ဒီ သမိုင်းဝင် အဆောက်အအုံတွေကိုတော့ ကွင်းရှောင် တည်ဆောက်စေချင်ပါတယ်။ အသစ်တည်ဆောက်ဖို့ သမိုင်းဝင် အဟောင်းတွေကို မိုက်မဲစွာ ဖျက်ဆီးတာမျိုး မဖြစ်စေချင်တော့ပါ။
မန္တလေးမှာ ပြစရာက ဈေးချိုလည်း မရှိတော့ပါဘူး။ မန္တလေးတက္ကသိုလ်ကိုတော့ မူလအရသာမပျက် သမိုင်းဝင် တက္ကသိုလ်ပီပီ ဣန္ဒြေမပျက် မကလက်စေချင်လို့ပါ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး