ဆူးငှက်
၁၉၇၀ ကျော် ၈၀ ဝန်းကျင်ကာလတွင် မန္တလေး အငြိမ့်များ၌ အော်ပရာ၏ အခန်းကဏ္ဍများကထူးခြားဆန်းသစ်လာခဲ့တာ အမှတ်တရရှိလှသည်။ ပွဲကြည့်ပရိသတ်များက ထိုအော်ပရာများကို တကူးတကန့်ကြည့်ကာ ကျေနပ်အားရခဲ့ကြသည်။ ထိုစဉ်ကာလ မန္တလေးအော်ပရာများက အကွပ်အညပ်ပြင်းလှသော ကန့်သတ်မှုများကြားမှ ပြည်သူ လူထု၏ ခံစားမှုများကို ပညာသားပါပါ အနုပညာမြောက်စွာ တင်ပြနိုင်မှုကြောင့် မန္တလေးအော်ပရာခေတ်ဟု ပြောလောက်အောင် ကျော်ကြားခဲ့သည်။
အငြိမ့်အော်ပရာသည် ရှေးကလို ယိမ်းထွက်ရုံ၊ တစ်ခန်းရပ်ပြဇာတ် ကပြရုံ၊ ကျောင်းဆရာနှင့် တပည့်ကျောင်းသူတို့ သီချင်းဖြင့် အပြန်အလှန် သီဆိုကာ စာသင်ခန်းသရုပ်ဖော်ကဇာတ် ကပြရုံ မဟုတ်တော့။ နာမည်ကျော် ဝတ္ထုကြီးများကို အခြေခံသော(သို့မဟုတ်) ဗုဒ္ဓခေတ် သမိုင်းနောက်ခံ၊ ပုဂံခေတ်သမိုင်းနောက်ခံ၊ ရတနာပုံခေတ် သမိုင်းနောက်ခံများကို ထုတ်နှုတ်၍ ခေတ်ကို ထင်ဟပ်ဝေဖန်သည့် အော်ပရာကြီးများအဖြစ် အပြိုင်အဆိုင် စင်တင်လာကြသည်။
ပွဲခင်း၏ ကနဦးအစ ကန့်လန့်ကာအဖွင့်မှာပင် လှုပ်ရှားဆူညံနေသော ပရိသတ်ကို အပြော အပြများဖြင့် ဖမ်းစားနိုင်ခဲ့သည်။ ဤသို့သော အော်ပရာများမို့ ပရိသတ်က စွဲလမ်းလှသည်။ ဘဂျမ်းတင်တဲ့မောင်မြတ်မှိုင်း တဲ့၊ မသောင်း(မြောက်ပြင်)တဲ့၊ ချင်းတွင်းချစ်သွေးတဲ့၊ ချမ်းမြေ့အေးတဲ့၊ ချစ်စရာတဲ့၊ မောင်ဝင်းမြတ်တဲ့။
ထိုစဉ်ကာလ စာတွေ ဖတ်ဖြစ်နေပြီး အငြိမ့်အော်ပရာ ပရိသတ်ဖြစ်နေသော ကျွန်တော့်အစ်ကိုဝမ်းကွဲနှင့် ကျွန်တော်တို့ ၂ယောက်ကလည်း အော်ပရာကို ရူးသွပ်နေကြသည်။
တစ်ညတွင် တရုတ်တန်း လှည်းတန်းဘုရားပွဲက အငြိမ့်ကြည့် အပြန် ၈၂လမ်းပေါ်က အလင်းဆိုင်တွင်ထိုင်ကာ ၂ယောက်သား အော်ပရာ အိပ်မက်တွေကို ပြောဖြစ်ကြသည်။အထူးသဖြင့်ပြောသူက ကျွန်တော့် အစ်ကိုဝမ်းကွဲပါပဲ။သူက ထိုစဉ်အခါ တတိယတန်းကျောင်းသုံးဖတ်စာ စာအုပ်တွင် ပါရှိသော “ဦးဆွေးဆံမြေ့ အမှုထမ်းခြင်း” ဟူသည့် သင်ခန်းစာကိုအော်ပရာအဖြစ် ကပြတင်ဆက်ချင်သတဲ့။ ကျောင်းသုံးဖတ်စာမှာတော့ နရသီဟပတေ့မင်းက မစ္ဆဂီရိကိုအောင်နိုင်ခဲ့သည့် အုတ်လှေငယ်အား အမှုတော်ကို ဦးဆွေးဆံမြေ့ အမှုထမ်းသည့်အတွက် သူရဲကောင်းအဖြစ် ချီးမြှောက်သည့်အကြောင်းဖြစ်သည်။ အစ်ကိုက သည်ဇာတ်ကို မစ္ဆဂီရိဘက်က အမြင်ဖြင့်အော်ပရာ တင်ချင်သည်။
နရသီဟပတေ့သည် အာဏာရှင်၊ မစ္ဆဂီရိကို ကျူးကျော်သူ၊ ဖိနှိပ် အနိုင်ကျင့်သူ၊ အုတ်လှငယ်က မစ္ဆဂီရိ၏ တော်လှန်ရေးကို နှိမ်နင်းသူ ပဒေသရာဇ်ဘက်တော်သား၊ အုတ်လှငယ်က မစ္ဆဂီရိအတွက် ရန်သူ၊ ထိုအမြင်ဖြင့် အော်ပရာတင်ချင်သည်။
“ကျောင်းသုံးဖတ်စာမှာ ဘုရင်ဆိုရင် သစ္စာခံရမယ်၊ ဘုရင့် အလိုတော်အတိုင်း လိုက်နာအမှုထမ်းရမယ် ဆိုတဲ့ အတွေးအခေါ် အမှားတွေကို ပေးတာကွ၊ ဘုရင့်အတွက် သူရဲကောင်းဆိုတာ အုပ်စိုးခံ အဖိနှိပ်ခံအတွက် ရန်သူပဲကွ၊ ဒီ အမြင်ကို တင်ပြရမယ်။ အဲ့ဒါ အော်ပရာ က ရင်ကောင်းမယ်။ ဇာတ်ညွှန်းကို မင်းရေးကွာ၊ ဘဂျမ်းတင်တို့ ကိုအေးကျော်တို့နဲ့ ငါ ရင်းနှီးတယ်ကွ၊ သူတို့ကို မင်းရေးတဲ့ ဇာတ်ညွှန်းပေးပြီး ကခိုင်းရမယ်’တဲ့။ အစ်ကိုက အားတက်သရောပြောသည်။
ကျွန်တော်ကလည်း စိတ်ကူးထဲမှာ စကားလုံးတွေ အပြတွေကို စဉ်းစားရင်း ရင်ခုန်နေသည်။ ကျွန်တော် ထိုကဲ့သို့သော အော်ပရာများကို ရေးချင်သည်။ ထိုကဲ့သို့သော အော်ပရာများကို စင်တင်ချင်သည်။တကယ်တော့ ထိုအကြောင်းအရာကို အော်ပရာအဖြစ်တော့ ကျွန်တော် မရေးဖြစ်ခဲ့ပါ။နောင်အနှစ်၂၀ နီးပါးအကြာ ၁၉၉၃ ခုနှစ်မှ ငါးတို့ပျော်ရာ တောင်သေလာ အမည်ဖြင့် ဝတ္ထုတို တစ်ပုဒ် ရေးဖြစ်ပြီး ရင်ခုန်ပွင့် မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည်။
၁၉၈၀ ဝန်းကျင်က အိမ်ကရသော မုန့်ဖိုးများကို စုပြီး တစ်လလျှင် မဂ္ဂဇင်း ၂အုပ်ကို မဖြစ်မနေ ဝယ်သည်။ တစ်အုပ်က မိုးဝေ၊ တစ်အုပ်က ရှုမဝဖြစ်သည်။ မိုးဝေမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြပါရှိသော “တင်ထွဋ်” ၏ “ပျူနိုင်ငံတော်ဂီတ” ဟူသော ဝတ္ထုတိုကို ကျွန်တော် သဘောကျမိ၏။ ထိုဝတ္ထုတိုကို အခြေခံကာ နိုင်ငံသမိုင်း သုတေသနစာစဉ်များနှင့် အခြားစာအုပ်စာတမ်းများမှ အချက်အလက်များကို အခြေခံပြီး စင်တင်အော်ပရာပုံစံ “သရေခေတ္တရာ ပျူနိုင်ငံတော်ဂီတ” ဟူသော အမည်ဖြင့် စာမူတစ်ပုဒ် ရေးသားဖြစ်သည်။ ရည်ရွယ်သည်က မန္တလေးအငြိမ့်တွေမှာ စင်တင်ဖို့ဖြစ်ပါ၏။
သို့သော် ထိုအချိန်က အငြိမ့်သွားများနှင့်လည်း မနီးစပ်၊ တကယ်တမ်း စင်တင်ဖို့ကလည်း (ဇာတ်ခုံသဘောတရားတွေကို နားမလည်သောကြောင့်) အဆင်မပြေနိုင်။ ထို့ကြောင့် အဖတ်ပြဇာတ်ပုံစံဖြင့် ၁၉၈၄-နိုဝင်ဘာလထုတ် သဘင်မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိခဲ့သည်။
ထိုစာမူပါရှိပြီး မကြာမီမှာပင် ကျွန်တော့်ထံသို့ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နှင့်မွန်မွန်ရည်ရည်လူငယ်တစ်ဦးရောက်လာသည်။ ကျွန်တော်နှင့် မတိမ်းမယိမ်း ရှိမှာပေါ့။ သူက “သဘင်မဂ္ဂဇင်းထဲမှာ ပျူဂီတပြဇာတ် ရေးသူလား” ဟု မေးသည်။ ကျွန်တော်က တအံ့တသြနှင့် ဟုတ်ပါတယ်ဟု ဆိုတော့ “လူထုဦးလှ လူထုဒေါ်အမာရဲ့သား ကိုငြိမ်းချမ်းက လွှတ်လိုက်တာပါ”ဟု ဆိုသည်။ ကိုငြိမ်းချမ်းဆိုတာ ဆရာညီပုလေးဖြစ်သည်။ ကျွန်တော့်ဆီရောက်လာသူက “ကိုငြိမ်းချမ်းက ပြောတယ်ဗျ၊ ဒီပြဇာတ်ရေးတာ ခင်ဗျားပဲဖြစ်မှာပါဆိုလို့ လာတွေ့တာ” ဟု ဆိုသည်။ သူက ထိုပြဇာတ်ကို အော်ပရာအဖြစ် စင်တင်ရန် စိတ်ဝင်စားနေသည်။နောက်ရက် သူ့အိမ်မှာ ပြန်ချိန်းပြီး စကားပြောဖြစ်ကြသေး၏။ တီးလုံး၊ အဝတ်အစား၊ ဆက်တင် ။ သူက အပြန်ပြန်အလှန်လှန် တွက်ချက်နေသည်။ အခြေအနေအရပ်ရပ်ကြာင့် ကျွန်တော်တို့ လက်လျှော့လိုက်ကြ၏။ သူက မန္တလေး အငြိမ့်အော်ပရာတွေရေးသားနေသော “ချမ်းမြေ့အေး”ဖြစ်သည်။ ငြိမ်းချမ်းရေး ခင်စောထွေး အငြိမ့်မှာ သူ့အော်ပရာတွေက လင်းလက်ရွှမ်းမြကာ ပန်းနုရောင်သန်းနေသည်။ အမည်ရင်းက “ကိုအေးကျော်” ဖြစ် ၏။
ဤသို့ဖြင့် ကျွန်တော် အော်ပရာပုံစံ ပြဇာတ်တစ်ပုဒ် ရေးခဲ့ဖူးသည်။ စင်မတင်ဖြစ်ခဲ့။
#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး