ဆံပင်ညှပ်ဆိုင်နှင့် ဆံလုံးကေ

ဆူးငှက်

ငယ်စဉ်က ကျွန်တော်တို့ အိမ်မှာ သင်တုန်းဓားတစ်လက် ရှိပါသည်။ သင်တုန်းဓားက အင်္ဂလန်လား ဂျာမဏီလား
မသိ၊ ကျွန်တော့် အဖေက ထိုဓားကို အလွန် အမွှန်းတင်သည်။ သင်တုန်းဓားနှင့်အတူ ဓားသွေးသည့် ကျောက်၊ ဓားခတ်သည့် သားရေပြားကအစ ရှိသည်။ ထိုသင်တုန်းဓားသည် ကျွန်တော်တို့ အိမ်၏ ဆံပင်ညှပ်ဆိုင်(သို့မဟုတ်) ဆံသဖြစ်သည်။ အဖေကလည်း သူ့ ကတုံးဆံပင်ကို ထိုသင်တုန်းဓားနှင့်ပဲ ကိုယ့်ခေါင်းကိုယ်စမ်းကာ ရိတ်သည်။ ထို့ပြင် အဖေ့ သင်တုန်းဓားက ကျွန်တော့်ခေါင်းပေါ်ကိုလည်း တစ်လတစ်ကြိမ် ရောက်လာတော့သည်။ ထိုသို့ အချိန်တွင် အဖေက ငုတ်တုပ်ထိုင်နေသော သူ့ဒူးနှစ်လုံးကြား ကျွန်တော့်ခေါင်းကို ညှပ်ထားပြီး ဆံပင်တွေကို ဆွတ်ထားသော ရေရော၊ မျက်ရည်ရော၊ နှပ်ရော ရောထွေးနေသည့် ကျွန်တော့မျက်နှာကိုပင် အဖော်မခံတော့ဘဲ သူ့လက်သုံး သင်တုန်းဓားနှင့် လက်စွမ်းပြတော့သည်။ ကျွန်တော်က သင်တုန်းဓားနှင့် သားရေပြား တဗျန်းဗျန်းခတ် ကတည်းက ငိုချင်နေပြီ။ ကျွန်တော့်နောက် သူ့မြေးတွေအထိ အဖေက သင်တုန်းဓားနှင့် လက်စွမ်းပြမြဲ
ဖြစ်သည်။

နောက်တော့ အဖေလည်း ဘယ်လို ကျွတ်တမ်းဝင်သွားလေသည် မသိ။ သူလည်း ကတုံးမတုံးတော့။ ကျွန်တော့်ကိုလည်း ကတုံး တုံးမပေးတော့ဘဲ ဆံပင်ရှည်လာလျှင် သားအဖနှစ်ယောက် ထီးတိုင်ဈေတောင်ဘက်ထိပ် ရွှေတချောင်မြောင်းဘောင်က ဆံပင်ညှပ်ဆိုင်သို့ပဲ ချီတက်ကြတော့သည်။ ထိုဆံသဆရာက ရပ်ကွက်ထဲကဖြစ်သည်။ သူ့ဆံပင်ညှပ်ဆိုင်က ၈၆လမ်း ရွှေတချောင်းအရှေ့ဘက် ထီးတိုင်ဈေး ဆိုင်ခန်းများ၏တောင်ဘက်ထိပ်တွင်ရှိကာ ၂၉လမ်း မျက်နှာပြုဖြစ်သည်။ ဆိုင်ခန်းလေးက ၈ပေခန်း ပတ်လည်လေးပေါ့။ အတွင်းမှာက ဆံပင်ညှပ်ခုံ ၂ခုံရှိသည်။ ဆိုင်ရှေ့မှာ အိုးဆိုင်ရှိသည်။ ဆံပင်ညှပ်ဆိုင် အပေါက်မှ ၂၉လမ်း လမ်း နှုတ်ခမ်းစပ်အထိ အိုးအမျိုးမျိုးကို ခင်းထားသည်။ သောက်ရေအိုး ညောင်ရေအိုး ထမင်းချက် ဟင်းချက်မြေအိုးအမျိုးမျိုး မြေစလောင်း စဉ့်ဆေးလိပ်ခွက် စဉ့်ရေနွေးအိုး စဉ့်ပန်းကန်အမျိုးစုံပေါ့။ ထိုဆိုင်မှာ အဘက ရှေ့တစ်လက်မ နောက်ပြောင် ဆံပင်ပုံပဲညှပ်သည်။ ကျွန်တော့်ကိုတော့ “ဒီကောင့်ကို ဆံလုံးပဲ ညှပ်ပေးကွာ” ဟု ပြောသည်။ ဆံလုံးဆိုတာ ဘာမှန်းတော့မသိ။ သို့သော် အရင် ကတုံးစာရင်တော့ မဆိုးလှ။ သည်တော့ ကတုံး တုံးစဉ်ကလို ငိုရန် မလိုတော့ပြီ။

နောက်တော့ ထိုဆိုင်ကို အဖေမပါဘဲ ကိုယ့်ဘာသာ သွား၍ ညှပ်တတ်နေပါပြီ။ ထိုဆိုင်မှာက တစ်ခုပါပဲ၊
ဆံပင်ညှပ်နေဆဲ နားထင်တစ်ဘက်ပဲ ဂိုက်ထိုးရသေး၊ အိုးဝယ်သူရောက်လာလို့ ဆံသဆရာက သူ့ဆံပင်ညှပ် စက်ကပ်ကြေးကို ခုံပေါ်ထားရစ်ကာ ဆိုင်ရှေ့ထွက်ပြီး အိုးရောင်းရသည်။ အိုးဆိုသည့် အမျိုးကလည်း “ပေးအိုးရော့ အိုးဖိုး” လုပ်လို့မှ မရတာ။ အိုးဝယ်သူက ပထမ အိုးအမျိုးအစား စ၍ရွေးသည်၊ စစ်ကိုင်းအိုးလား၊ကျောက်မြောင်းအိုးလား၊ နဘတ်အိုးလားပေါ့။ အိုးအမျိုးအစာတွေ့ပြန်တော့ အရွယ်အစာရွေးပြန်သည်။ တစ်ယောက်က သူ့အကြိုက် အိုးအရွယ် ရွေးပြီးပြန်တော့ ပါလာသည့် အဖော်က “ဟဲ့ နင့်အိမ်က ရေအိုးစင်နဲ့ဆို သေးနေမှာပေါ့၊ ကြီးနေမှာပေါ့၊ အိုးနှုတ်ခမ်းက ကျယ်သလေး ကျဉ်းသလေးနှင့် စိတ်ကြိုက်အိုးရဖို့က ညှိနှိုင်းငြင်းခုံလို့ မပြီးတော့။ အကြိမ်ကြိမ် အဖန်ဖန် ညှိနှိုင်းပြီး နှစ်ဦးသဘောတူ အိုးတွေ့တာနှင့် ရေ စိမ့် မစိမ့် ရေစမ်းရပြန်သည်။ အနားရှိ သတ္တုရေပုံးထဲက ရေကို ခွက်လေးနှင့် ခပ်ပြီး အိုးထဲထည့် အိုးကို မ ပြီး အတွင်းမျက်နှာပြင်တလျှောက် ရေလှည့်ကာ စိမ့်သလား ပေါက်သလား လှည့်ပတ် စမ်းရပြန်သည်။ စိမ့်ပေါက်တွေ့ပြန်လျှင် ထိုအိုးကို ပယ်ကာ နောက်ထပ် တစ်က ပြန် စ ရပြန်သည်။ “ငါပြောသားပဲ နဘတ်အိုးလေး ရွေးပါလို့၊ သူက အိုးသားကောင်းတယ်ဟဲ့” ဆိုကာ နဘတ် စစ်ကိုင်ကျောက်မြောင်း ရွေးကြ၊ အရွယ်ရွေးကြ၊ အပြန်ပြန် အလှန်လှန်ရွေးပြီး စိတ်ကြိုက်တွေ့လို့ ရေစမ်းမယ်လုပ်တော့ ရေပုံးထဲက ရေက ကုန်နေသည်။ ထို့ကြောင့် ဆံသဆရာက ရေပုံးလေးကိုင်ကာ လမ်းကြားအရှေ့ဘက် ရေချိုဦးအေးမောင် တိုက်ရှေ့ရေကန်က ရေသွားခပ်သည်။ ရေခပ်ပြီး အပြန် သူတိုရွေးထားသော အိုးထဲ ရေထည့်ပြီး စမ်းသည်။ ဆံပင်ညှပ်ခုံပေါ်က နားထင်တစ်ဘက် ဂိုက်ထိုးထားကာ ပုဆိုးဟောင်း ခြုံထည်အောက် ချွေးလည်းနစ် ယားလည်းယားလို့ တွန့်လိမ်နေသော ကျွန်တော်က ဆံသဆရာ ရေစမ်းနေသော အိုးကို ရင်တမမနှင့် လှမ်းကြည့်နေရတာ အသက်ရှူဖို့ပင်မေ့လို့၊ ဘုရား ဘုရား ရေမစိမ့်ပါစေနဲ့ ရေမစိမ့်ပါစေနှင့် ဟူ၍။ ထိုဆိုင်မှာ ဆံပင်ညှပ်ရတာ ရွှေတချောင်းမြောင်းက မြောင်းပုပ်နံ့ နံတာကလွဲလို့ အိုးဝယ်နှင့် မကြုံလျှင် အဆင်ပြေပါ၏။

နောက်တော့ မိကျောင်းတံတားပေါ် ဥယျာဉ်တန်းထိပ်က အောင်ဆုဘရားသား ဆံပင်ညှပ်ဆိုင်သို့ ညှပ်ဖြစ်သွားပြန်၏။ အောင်ဆု ဆံသဆိုင် ပိုင်ရှင်က ကိုအောင်ဆုတဲ့။ အရပ်ပြတ်ပြတ် ခပ်သေးသေးနှင့် ပြဇာတ်မင်းသား တစ်ယောက်လို ကြည့်ကောင်းသည်။ အောင်ဆုဘရားသားက ရွှေတချောင်းမြောင်းဘေးက ဆိုင်ထက်တော့ သားနား တာပေါ့။ ဆံပင်ညှပ်ဆိုင် သီးသန့်မို့ အဆင်ပြေသည်။ ကျွန်တော် ၈တန်းနှစ်လောက်အထိ အောင်ဆုဘရားသား မှာပဲ ဆံပင်ညှပ်ပါသည်။ တစ်ယောက်ထဲ သွားညှပ်တာမျိုးတော့ မဟုတ်၊ အစ်ကိုဝမ်းကွဲ လူပျိုကြီးနှင့်ပါပဲ။ ဆံပင်ပုံစံ ကလည်း အဖေပြောသည့် ဆံလုံးပါပဲ။ သို့သော် ကျွန်တော်က ထိုဆံလုံးထက် ဆံပင်အရှည် ခလယ်ခွဲလေး ထားချင်လာသည်။ သို့သော် မပြောရဲ။ တစ်ခါတော့ အရဲစွန့်ပြီး ကိုအောင်ဆုကို အရှည်ပုံလေး ညှပ်ခိုင်းသည်။ သို့သော် အိမ်ရောက်တော့ အဖေက ဆံပင်ညှပ်တာကလည်းကွာ ဒါဒါပဲ တိုလည်း မတိုဘူး ပြန်ညှပ်ချေ ဟု ငေါက်သဖြင့် အိမ်က တစ်ခေါက် ထပ်သွားကာ ပြန်ညှပ်ရတော့ ဆံလုံးပဲပေါ့။ နောက်ထပ် အရှည် မညှပ်ဝံ့တော့။

နောက် ၈တန်းအောင်ပြီး ၉တန်းတက်ရမည့် နှစ် ရောက်တော့ လူကလည်း ရှိုးစမိုးလေး ထုတ်ချင်လာပြီ။ ထိုကဲ့သို့ ကလေးလိုလို လူကြီးလိုလို နဝေတိမ်တောင်ဖြစ်ဆဲ ဆံပင်ညှပ်ဆိုင် တစ်ဆိုင် ပြောင်းပြန်သည်။ ၈၄လမ်း ရုံတော်ကြီး က လက်ရွေးစင် ဆံသ တဲ့။ လက်ရွေးစင်ဆံသက ထိုင်စိန်ကဖေး တောင်ဘက်မှာရှိသည်။ ဆံပင်ညှပ်ခုံ ကလည်း ဆုံလည်တွေဖြစ်ကာ ဆိုင်အဝင်အပေါက် အပေါ်မှာ နိုင်ငံခြားမင်းသမီးများ၏ ကာလသားကြိုက် ပုံတွေလည်း ချိတ်ဆွဲထားသည်။ ဆံသပစ္စည်းတွေကလည်း ခြုံထည်ကအစ အဆင့်မီသည်။ ထို့ကြောင့် အောင်ဆုဘရားသားက တစ်ခေါင်း သုံးမတ်ဆိုလျှင် လက်ရွေးစင်က ၁ကျပ် ၁ကျပ်ခွဲတော့ ပေးရမှာပေါ့။ ပထမဆုံး အခေါက်မှာတော့ ကျွန်တော့်ကို ဆိုင်ပိုင်ရှင် ဦးလှမောင်က ညှပ်ပေးသည်။ ဦးလှမောင်က လူပျိုကြီးဖြစ်ကာ ထိုစဉ်ကပင် သူက စပို့ရှပ်နှင့်ဘောင်းဘီရှည်နှင့် ရှူးနှင့် စမတ်ကျသည်။ သူက ဓာတ်ပုံလည်း အပျော်တမ်း ရိုက်သည်။ ထို့ပြင် ၁၉၄၇ခုနှစ်က ကျင်းပသည့် ရွှေမန်းမောင်မယ် ပြိုင်ပွဲတွင် ဦးလှမောင်က လူသစ်တန်း၌ ရွှေမန်းမောင် ရရှိခဲ့သတဲ့။ ထူခြားသည်မှာ ထိုပြိုင်ပွဲ၏ ပင်မရွှေမန်းမောင်ဘွဲ့ရသူ၏ နာမည်ကလည်း ကိုလှမောင်ပဲတဲ့။ ပင်မရွှေမန်းမောင် ကိုလှမောင်က စစ်ကိုင်းသားဖြစ်ပြီး နောင်တွင် ရုပ်ရှင်မင်းသားဇေယျ အဖြစ် ထင်ရှားခဲ့သူဖြစ်သည်။ ထိုစဉ် ရွှေမန်းမယ်ဘွဲ့ရသူမှာ အမျိုးသားကျောင်းဆရာကြီး ဦးဘခင်၏ သမီး ကျောင်းသူ မတင်လှတဲ့။ မတင်လှက နောင်တွင် ပြတိုက်မှူး ဒေါ်တင်လှအဖြစ် ထင်ရှားခဲ့သည်။ ဦးလှမောင်က ဆံပင်ညှပ်တာ အတော်စိတ်ရှည်သည်။ နောက်အခေါက်တွရောက်တော့ ဦးလှမောင်က သူ့တပည့်တစ်ယောက်နှင့်ပဲ ညှပ်စေသည်။ ထိုဆံပင်ညှပ်ဆရာက ကိုကြည်မောင်တဲ့။ အရပ်ပြတ်ပြတ်ပိန်ပိန် လူငယ်တစ်ယောက်ဖြစ်သည်။ ဆံပင်ညှပ်သူမရှိလျှင် ဆေးပေါ့လိပ် ဖွာတတ်ကာ အဝတ်အစား သပ်ရပ်သည်။ ကိုကြည်မောင်က ဆံပင်ညှပ် လက်ရာကောင်းသည်။ ကိုကြည်မောင်နှင့် စပြီး ညှပ်တော့ ထိုဆိုင်သို့ ကျွန်တော့်ကိခေါ်သွားသော ဝမ်းကွဲ အစ်ကိုအား ခင်ဗျား ညီတော်မောင်ကို ဘယ်လို ညှပ်ပေးရမလဲဗျ ဟု ကိုကြည်မောင်ကေမးတော့ “ ဆံလုံးပဲ ညှပ်ပေးလိုက်ပါ” ဟု ပြောပြန်လေသောအခါ ဆံလုံးဘဝက မလွတ်သေးပါလားဟု အောက်မေ့မိသည်။ ဆံပင်ညှပ်ပြီး အပြန် လမ်းလျှောက်ပြန်ကြတော့ လမ်းမှာ
ဝမ်းကွဲ အစ်ကိုက “ မင်းကို ငါနဲ့ ဆံပင်ညှပ်သွားမယ်ဆိုတော့ မင်းအဖေက မင်းကို ဆံလုံးပဲ ညှပ်ပေးလိုက်ပါလို့
သေချာ မှာလိုက်တာ’ ဟု ပြောပြမှ အခုထိ အဖေက သူ့သားကို ဆံလုံးက မတက်စေချင်သေးပါလားဟု
သဘောပေါက်တော့သည်။

တကယ်တော့ ကျွန်တော်တို့သည် မိရိုးဖလာ ကတုံးမှသည် အရွယ်ရောက်လာလို့ ဘိုကေပုံ ထားချင် ပြောင်းလဲချင်သာ်လည်း ကတုံးနှင့် ဘိုကေကြား ဆံလုံးဟူသော ကတုံး မကျ ၊ ဘိုကေ မကျ ပုံစံတွင် လူကြီးများ၏ အစွဲအလမ်းကြောင့် အချိန်အတော်ကြာ အောင့်သက်သက် နေထိုင်ခဲ့ရ နေထိုင်ရဆဲ ဖြစ်ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW