နောင်ချိုမြို့နယ်ရှိ TNLA သိမ်းယူထားတဲ့ နေရာတချို့ နစက ပြန်သိမ်း

မေ ၃၀၊ ၂၀၂၅
Shy V (VOM)
နောင်ချိုမြို့နယ်ရှိ TNLA တပ်ဖွဲ့ သိမ်းယူထားတဲ့ နေရာတချို့ အခုရက်ပိုင်းအတွင်း နစက တပ်ဖွဲ့ က ပြန်လည် သိမ်းပိုက်ရရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ရွှေမုဌောဘက် သူတို့ နစက တပ်ဖွဲ့ ဘက်က ပြန်ရသွားတာက မှန်တယ်။ သရက်ချို ဘက်ရယ် ပြီးတော့ ယာပြင်ရယ် သူတို့ ပြန်ရထားတယ်လေ။ မတ်လ တုန်းကရော၊ ဧပြီလ တုန်းကရော သူတို့ ပြန်ရထားထားတဲ့ နေရာတွေရှိတယ်။ TNLA ဘက်က တချို့ နေရာတွေ ပြန်ပေးလိုက်ရပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ဘက်က ထိုးစစ် ဆင်လာတဲ့ နေရာတွေဘက် ဒရုန်းတွေ ပို အသုံးများလာတယ်လို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။
TNLA တပ်ဖွဲ့တွေ အခြေပြုထားတဲ့ နောင်ချိုမြို့နယ် ရွှေမုဌောဘုရားကုန်းနဲ့ တာဝါတိုင်ကုန်း ကို မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်က ထပ်မံ သိမ်းပိုက် ရရှိထား တယ်လို့ နစက တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
နစက တပ်ဖွဲ့ဘက်က နှစ်ယောက် ဒဏ်ရာရရှိပြီး TNLA ဘက်က အလောင်း သုံးလောင်း၊ လက်ပစ်ဗုံး၊ မိုင်း တွေ၊ ကျည်အိမ်၊ ကျည်ဆံတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဘယ်လို အခြေအနေဖြစ်လာ မလဲ တော့မသိဘူး။ ဒီရက်ပိုင်းအတွင်း TNLA တပ်ဖွဲ့ သိမ်းထားတဲ့ နေရာတွေ တချို့ စစ်တပ်က ပြန်သိမ်းလိုက်ပြီ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ခရီးသွားတွေကိုတော့ နောင်ချို ဒေသခံတွေ မဟုတ်ရင် ပို စစ်တယ်လို့ သူက ပြောပါတယ်။
မေလ ၂၈ ရက်နေ့ကလည်း TNLA တပ်ဖွဲ့ နေရာယူထားတဲ့ နောင်ချိုမြို့နယ် ရွှေမုဌောရွာကို နစက တပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိခဲ့တဲ့အပြင် နောင်ချိုမြို့နယ်ထဲက သရက်ချိုရွာကိုလည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း နစက တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW